
ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို သတင်းယူရင်း ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် သတင်းထောက် ၅ ဦးကို ယနေ့ (မတ် ၁၂) တွင် သက်ဆိုင်ရာ တရားရုံးများ၌ ဗီဒီယိုကွန်ဖရန်းစင်းစနစ်ဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။
နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားစေရန် လှုံ့ဆော်ခြင်းဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် သတင်းထောက် ၆ ဦးမှာ မကေဇွန်နွေး(Myanmar Now)၊ ကိုအောင်ရဲကို (7Day) ၊ကိုသိန်းဇော် (AP) ၊ ကိုဟိန်းပြည့်ဇော် (ဇီးကွက်မီဒီယာ)နှင့် အလွတ်တန်းသတင်းထောက် ကိုဗညားဦးတို့ဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
တရားစွဲဆိုခံထားရသည့် သတင်းထောက်များအား ယနေ့တွင် ယနေ့တွင် အွန်းလိုင်းနစ်ဖြင့် ရုံးထုတ် စစ်ဆေးခဲ့ပြီး ရှေ့နေကိုယ်စားလှယ်လွှဲစာ တင်ခဲ့ကြသည်ဟု သတင်းထောက်များဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေများထံမှ သိရသည်။
“ဒီနေ့ အားလုံးကို Video conferencing နဲ့ ရုံးထုတ်တယ်။ ကျွန်မတို့က စစဆုံးနေ့မှာ ရှေ့နေကိုယ်စားလှယ် လွှဲစာပဲတင်တယ်” ဟု Myanmar Now သတင်းထောက် မကေဇွန်နွေးဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်က ပြောသည်။
မြေနီကုန်းအနီးတွင် ဖမ်းဆီးခံရသည့် မကေဇွန်နွေးကို စမ်းချောင်းမြို့နယ်တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ပြီး လှည်းတန်းလမ်းဆုံအနီးတွင် အဖမ်းခံရသည့် သတင်းသမားများကိုမူ ကမာရွတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် အဆိုပါ သတင်းထောက် ၆ ဦးအတွက် ဒုတိယရုံးချိန်းကို မတ် ၂၅ရက်သို့ ချိန်းဆိုလိုက်သည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီသည် သတင်းသမားများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသည့်အပြင် သတင်းဌာနများကိုပါ ဝင်ရောက်စီးနင်းခဲ့သည်။
အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် အလွတ်တမ်းသတင်းထောက်များအပါအဝင် သတင်းထောက် ၃၇ ဦး ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု ဖမ်းဆီးခံသတင်းထောက်များနှင့်သက်ဆိုင်သော သတင်းအချက်အလက်များ မျှဝေရန် ဖွင့်လှစ်ထားသည့် Detained Journalists Information Myanmar Facebook စာမျက်နှာ၏ မတ် ၉ ရက် စာရင်းအရ သိရသည်။
ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက် ၇ ဦး၊ မုံရွာသတင်းထောက် ၂ ဦးနှင့် မြိတ်မြို့တွင် နေအိမ်၌ အကြမ်းဖက်ဖမ်းဆီးခံရသည့် DVB သတင်းထောက် ကိုအောင်ကျော်အပါအဝင် သတင်းထောက် ၁၀ ဦးကို စစ်ကောင်စီက ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားသည်။
ထို့အပြင် မတ် ၉ က ဖမ်းဆီးခံရသည့် ကမာရွတ်သတင်းဌာန တွဲဖက်တည်ထောင်သူ ကိုဟန်သာငြိမ်းနှင့် အယ်ဒီတာချုပ် ကိုနေသန်မောင်တို့ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ပြီး ၎င်း၏ အခြေအနေကိုမူ မသိရသေးပေ။
ကမာရွတ်သတင်းဌာန၊ Mizzima သတင်းဌာနအပါအဝင် ကုန်ဈေးတန်းလမ်းမှာရှိသည့် Myanmar Now သတင်းဌာနတို့ကို အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်အဖွဲ့က ပြီးခဲ့သည့်အပတ်က ဝင်ရောက်စီးနင်းမှုများပြုလုပ်ခဲ့သည်။