
မိုးကုတ်မြို့ရှိ ရေပူဆရာတော်ကို မတ် ၁၁ ညနေပိုင်းတွင် ဖမ်းဆီးကာ လူဝတ်လဲပြီးနောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မိုးကုတ်မြို့တွင် ယမန်နေ့ညနေပိုင်းက အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူ ၄၀ ခန့်သာမက ရေပူဆရာတော် အပါအဝင် သံဃာတော်သုံးပါးကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားသည်။

၎င်းနောက် ညပိုင်းအချိန်၌ ဖမ်းဆီးထားသူများအနက် သံဃာတော်နှစ်ပါးနှင့် လူ ၂၀ ခန့်ကို ပြန်လွှတ်ပေးခဲ့ရာ ပြန်လွတ်လာသူအချို့၏ ပြောပြချက်အရ ရေပူဆရာတော်ကို မိုးကုတ်အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ညတွင်းချင်း လူဝတ်လဲစေခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ တရားစွဲဆိုလိုက်ပြီး လက်ရှိတွင် ဆရာတော်သည် ရှေ့နေနှင့် တွေ့ခွင့်မရသေးဟု မိုးကုတ်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစိုးက ပြောသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)အရ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူတို့၏ သီးခြားလူတစ်စုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်စေခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့်အ ကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
Facebook လူမှုကွန်ရက်တွင် တက်လာသောဗီဒီယိုများအရ ရေပူဆရာတော်သည် ဆန္ဒပြသပိတ်စစ်ကြောင်း ဖြတ်သွားရာ မြတ်စေတနာလူမှုကူညီရေးအသင်းရုံးရှေ့၌ ရပ်နေစဉ် လက်နက်ကိုင်တပ်ဖွဲ့များရောက်လာပြီး အဓမ္မခေါ်ဆောင်သွားသည်ကို တွေ့ရသည်။
ထို့အပြင် အင်အား ၃၀ ခန့်ရှိသောလက်နက်ကိုင်တပ်ဖွဲ့များက အသင်းရုံးအတွင်းသို့ ပုန်းနေသော ဆန္ဒပြ ပြည်သူများကိုလည်း ခေါ်ထုတ်ဖမ်းဆီးသွားခဲ့ပြီး ထွက်ပြေးသူများကိုလည်း ရာဘာကျည်များဖြင့် ပစ်ခဲ့သဖြင့် ၄ ဦးကျည်ထိမှန်ခဲ့သည်ဟု မြို့ခံပရဟိတဆေးခန်းတစ်ခုက သိရသည်။
ယမန်နေ့က မိုးကုတ်မြို့၌ မနက်ပိုင်း၊ ညနေပိုင်း နှစ်ကြိမ် ဆန္ဒပြခဲ့ကြရာ လက်နက်ကိုင်တပ်ဖွဲ့များက မနက်ပိုင်းတွင် အသံဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် သပိတ်စစ်ကြောင်းအား ဖြိုခွင်းခဲ့သလို ဆန္ဒပြသူ ၆ ဦး ဖမ်းဆီးခဲ့ပြီး ညနေပိုင်း၌ အသံဗုံး၊ မျက်ရည်ယိုဗုံးများသာမက ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွင်းကာ ရေပူဆရာတော် အပါအဝင် ဆန္ဒပြသူ ၃၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

၂ နာရီကြာဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ မိုးကုတ်မြို့သူ မရင်မေက “ဆန္ဒပြတဲ့အထဲ ကျွန်မ မပါပါဘူး။ လမ်းဘေးမှာရပ်နေပြီး ရဲတွေတက်လာတော့ ဆန္ဒပြတဲ့ကလေးတွေကို ပြေးဖို့ လှမ်းအော်ပေးတဲ့အချိန် အဖမ်းခံလိုက်ရတာပါ။ ကျွန်မကို ရဲတစ်ယောက်က သေနတ်ဒင်နဲ့ ထုမလို ရွယ်ပြီး ပြေးလာနေတုန်းမှာ သူ့ဘေးက တခြားရဲတစ်ယောက်က သေနတ်ကို လှမ်းဆွဲထားလို့ အရိုက်မခံရတာ” ဟု ပြောပြသည်။
လက်ရှိတွင် မိုးကုတ်အချုပ်ထောင်၌ ယမန်နေ့က ဖမ်းဆီးခံရသော ဆန္ဒပြပြည်သူ ၂၀ ထက်မနည်းရှိနေပြီး မြို့ခံ ရှေ့နေများက ၎င်းတို့စာရင်းအတိအကျရရှိရန် ကောက်ခံနေဆဲဖြစ်ပြီး ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံထားရသော ရေပူဆရာတော်သည်လည်း တွေ့ခွင့်မရသေးဟု သိရသည်။
ထိုသို့ဖမ်းဆီးပစ်ခတ်မှုများရှိသော်လည်း ယနေ့ (မတ် ၁၂) နံနက်ပိုင်းတွင် ထောင်ဂဏန်းရှိသော မိုးကုတ်မြို့ခံများက မြို့အနှံ့လှည့်လည်ကာ အာဏာရှင်ဆန့်ကျင်ရေး၊ စစ်ကောင်စီပြုတ်ကျရေ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။