
မကွေးတိုင်းဒေသကြီး အနောက်မြောက်ပိုင်း မြိုင်မြို့တွင် ယနေ့ (မတ် ၁၁) နံနက်ပိုင်းက ဆန္ဒပြရန် လူစုရုံးနေစဉ် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖြိုခွင်းခံမှုကြောင့် ၇ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်မြို့ဆေးရုံသို့ရောက်ရှိနေသူ မြို့ခံတစ်ဦးက Myanmar Now ကိုပြောသည်။
“ဒီမနက် ၉ နာရီလောက်မှာ ပစ်ခတ်မှုစဖြစ်တယ်။ ပထမတစ်ယောက်က ဆီးခုံထိပြီး ဆုံးသွားတဲ့ အတွက် ရေခဲတိုက်ကို တန်းပို့လိုက်တယ်။ နောက်တစ်ယောက်ကလည်း ခေါင်းထက်ခြမ်းကွဲပြီး ဦးနှောက်တောင် ပါမလာတော့ဘူး။ ဒါကြောင့် ရေခဲတိုက်ပဲ တန်းပို့လိုက်တယ်” ဟု အဆိုပါမြိုင်မြို့ခံက ပြောသည်။
မြိုင်မြို့လယ်တွင် ယနေ့ နံနက်ပိုင်းက ဆန္ဒပြရန် လူစုရုံးနေစဉ် ၃ ယောက်စတင်အဖမ်းခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် အချင်းများရာမှ ပစ်ခတ်မှု စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
“၁၁ လောက်မှာ နောက်တစ်ကြိမ်ပစ်ခတ်မှုဖြစ်တယ်။ အလောင်းသုံးလောင်း ထပ်ရောက်လာတယ်။ နောက်ပြီးတော့ တစ်ယောက်ထပ်ရောက်လာတယ်။ လောလောဆယ် အလောင်းတွေအရ ၆ ယောက်ဆိုတာ အတည်ပြုနိုင်ပါတယ်” ဟု ဆေးရုံသို့ ရောက်ရှိနေသူ မြိုင်မြို့ခံက ယနေ့နေ့လယ်ပိုင်းက ပြောသည်။

သေဆုံးသူအားလုံးမှာ အမျိုးသားများဖြစ်ကာ မြိုင်မြို့ပေါ်မှ နှစ်ယောက်နှင့် ကျန်လေးယောက်မှာ ရွာများမှ ဖြစ်သည်ဟုဆိုပြီး ပထမရောက်လာသော အလောင်းသုံးလောင်းမှာ အသက် ၃၅၊ ၃၆ နှင့် ၃၁ အရွယ်နှင့် ကျန်သုံးယောက်မှာ အသက် ၃၀ အောက်အရွယ်လူငယ်များဖြစ်သည်ဟု ဆိုသည်။
မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို ဖေဖော်ဝါရီလဆန်းကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရရှိသူ များရှိသည့်နည်းတူ ၆ ဦးသေဆုံးသည်မှာ မှန်ကန်ကြောင်း အခြားမြိုင်မြို့ခံတစ်ဦးကလည်း Myanmar Now ကို အတည်ပြုပြောကြားသည်။
“ပစ်တာကတော့ ရဲတွေပါပဲ။ အရင်နေ့ ရဲကလာညှိတယ်။ ဒီနေ့မထွက်ဖို့ပေါ့။ ပစ်မိန့်ကျထားတယ် ပြောတယ်။ ပစ်ခတ်ဖြိုခွင်းတာကတော့ မြိုင်မှာ ပထမဆုံးပါပဲ။ အရင်နေ့တွေက မရှိပါဘူး။ ဖမ်းတာ ဆီးတာတွေလည်း မရှိပါဘူး” ဟု အထက်ပါ မြို့ခံက ပြောသည်။
လူ ၆ ဦးသေဆုံးအထိ ပစ်ခတ်ဖြိုခွင်းမှုများဖြစ်ပွားပြီးနောက် မြိုင်မြို့သို့ ပခုက္ကူဘက်မှာ စစ်ကားများ လာနေသည်ဟူသော သတင်းများလည်း ကြားသိနေရသည်ဟု ၎င်းက ပြောသည်။
(မှတ်ချက် – မြိုင်မြို့ခံများကို ယနေ့ မွန်းလွဲပိုင်း ၃ နာရီကျော်က ဆက်သွယ်မေးမြန်းမှုများအရ သေဆုံးသူ ၇ ဦးဖြစ်ကြောင်း ထပ်မံဖြည့်စွက်ထားပါသည်။)