သတင်း

တိုက်ရိုက်တင်ဆက်မှု – မတ် ၁၁

၁၅ :၂၃  တောင်ငူတွင် ပြည်သူတစ်ဦး သေဆုံး

ပဲခူးတိုင်း တောင်ငူမြို့တွင် ဆန္ဒပြသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့ နေ့လယ် ၂နာရီဝန်းကျင်က တောင်ငူမြို့နယ် ၂၂ ရပ်ကွက် ​ရေခဲလမ်းထဲတွင် ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေစဉ် စစ်ကား ၃ စီးခန့်ရောက်လာပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောသည်။ 

“သေသွားတဲ့လူက (ဆန္ဒပြပွဲ)ဘေးနားမှာ ရပ်နေတာ။ စစ်သားတွေ လမ်းထဲဝင်လာပြီး သေနတ်ဖောက်တော့ အားလုံးက ပြေးကြတယ်။ သေသွားတဲ့လူလည်း လိုက်ပြေးတာ။ စစ်သားတွေက မပြေးနဲ့ မပြေးနဲ့ အော်ပီး ပစ်တဲ့အချိန်မှာ သူက ထိသွားတာ။ စစ်သားတွေက ချက်ချင်းပဲ အလောင်းကို ပြန်သယ်သွားတယ်”ဟု အထက်ပါ လူငယ်က ပြောသည်။ 

သေဆုံးသူသည် အသက် ၄၅ နှစ်အရွယ် ကိုဝင်းဇော်ဦးဆိုသူဖြစ်ကြောင်း သိရသည်။ စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်အတွင်း ကိုဝင်းဇော်ဦးသာ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာမမရှိခဲ့ကြောင်းသိရသည်။ 

၁၄ : ၄၈ မြောက်ဒဂုံတွင် ပြည်သူ တစ်ဦးသေဆုံး

ရန်ကုန် မြောက်ဒဂုံမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပြည်သူများအား စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ ဝန်းကျင်က မြောက်ဒဂုံမြို့နယ် ၃၅ရပ်ကွက် ဗိုလ်မင်းရောင်လမ်းနှင့် ဆရာခြုံလမ်းထောင်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် အတားအဆီးများပြင်ဆင်နေချိန်တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ကလေးတွေက  စစ်သားတွေရဲတွေကိုလည်း မတွေ့ရတော့ သဲအိပ်တွေ ပြန်ကာနေကြတာ။ အဲဒီအချိန်မှာ ဘာမှလည်း သတိမပေးဘူး။ အသံဗုံးတွေ ဘာတွေနဲ့လည်း မခြောက်လှန့်ဘဲနဲ့ ကားတွေအကွယ်ကနေ ပစ်တာ။ လမ်းကြားထဲကလူတွေကတော့ ဆက်တိုက်ပစ်လာတာလို့ပြောတယ်။ ညီမက သူတို့ကိုကျွေးဖို့ ဖရဲသီးခွဲနေချိန်မှာ ထိပြီလို့ အသံကြားတော့ အဲဒီကလေးက ပုံပုံလေးလဲကျနေတာ။ သူက ဒိုင်းကာကို ဖောက်ပြီး ထိသွားတာ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

ရဲတပ်ဖွဲ့က တရစပ်ပစ်ခတ်နေသဖြင့် ဆန္ဒပြသူများသည် ပုန်းလျှိုကွယ်လျှိုနေ၍ သေနတ်ထိမှတ်သူကို သယ်ထုတ်ကြရသည်ဟ ဆိုသည်။

သေဆုံးသူသည် ဒိုင်းကာကိုင်၍ ရှေ့တန်းမှ ပါသူ အသက် ၂၅ နှစ်အရွယ် ကိုချစ်မင်းသူဖြစ်ပြီး အကြမ်းဖက်ဖြိုခွင်းခံရသည့် နေရာမှာတင်သေဆုံးသွားသည်ဟု ဆန္ဒပြသူများက ဆေးကုသမှုပေးနေသည့် ပရဟိတအဖွဲ့ထံမှ သိရသည်။

အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မြောက်ဒဂုံတွင် အမျိုးသားတစ်ဦးကျဆုံး

၁၄ : ၀၀ – မန္တလေး၌ ကျဆုံးသူ၏ဦးခေါင်းဒဏ်ရာ ချော်လဲ၍ရသည်ဟု သက်သေထွက်ခိုင်း

စစ်အာဏာသိမ်းမှုကိုနေ့စဉ်ရက်ဆက် ဆန့်ကျင်နေသည့် မန္တလေးမြို့၊ မြတောင်သပိတ်စစ်ကြောင်းကို ယနေ့(မတ် ၁၁) နံနက်ပိုင်းက ပစ်ခတ်ဖြိုခွင်းရာတွင် ဦးခေါင်းဒဏ်ရာဖြင့် ကျဆုံးခဲ့ရသည့် ပြည်သူတစ်ဦးကို ချော်လဲပြီးနောက် လျှာကိုက်မိကာ ကွယ်လွန်သည်ဟုမှတ်တမ်းတင်ရန် စစ်ကောင်စီတပ်ဖွဲ့က ကြိုးပမ်းခဲ့သည်။

ရုပ်သံမှတ်တမ်းထဲတွင် ရဲတပ်ဖွဲ့ဝင်တစ်ယောက်က သေဆုံးသူသည် ပြေးရင်း ခလုတ်တိုက်ကာ မှောက်လျက်လဲကျကြောင်း ပြောဆိုနေသလို နောက်တဦးမှာ ပက်လက်လဲကျသဖြင့် နောက်စေ့ (ဦးနှောက်) ထိသွားကြောင်း ပြောဆိုသံများကြားနေရသည်။

ယနေ့နံနက်ပိုင်း၌ မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်း လမ်း ၉၀ ပေါ်ရှိ ကိုးလုံးတကာဘုရားရှေ့အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပြီးနောက် အဆိုပါဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက် သေများက ပြောသည်။

သေနတ်ဖြင့် ၁၂ ချက်ထက်မနည်းပစ်ခတ်ဖြိုခွင်းခံရမှုအတွင်းသေဆုံးသွားသူတစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားကြောင်း ခြေထောက်၌ ရာဘာကျည်ဆန်ထိမှန်ဒဏ်ရာရသူ အသက် ၂၄ နှစ်အရွယ် ကိုထက်တေဇာအောင်ကလည်း အတည်ပြုထားသည်။

မန္တလေးတွင် သေဆုံးသူ၏ဦးခေါင်းဒဏ်ရာကို ချော်လဲ၍ရသည်ဟု သက်သေထွက်ခိုင်း

၁၃ : ၂၂ မိုးကုတ်မြို့တွင် ၆ ဦးအဖမ်းခံရ

မန္တလေးတိုင်း မိုးကုတ်မြို့တွင် စစ်အာဏဦရှင်ဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ပြည်သူ ၆ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ 

၁၃ : ၁၁ မြိုင်တွင် စစ်ကောင်စီ၏ လက်ပါးစေရဲတို့ပစ်ခတ်မှုကြောင့် ၆ ဦးသေဆုံး

မကွေးတိုင်းဒေသကြီး အနောက်မြောက်ပိုင်း မြိုင်မြို့တွင် ယနေ့ (မတ် ၁၁) နံနက်ပိုင်းက ဆန္ဒပြရန် လူစုရုံးနေစဉ် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖြိုခွင်းခံမှုကြောင့် ၆ ဦးသေဆုံးကြောင်း မြိုင်မြို့ဆေးရုံသို့ ရောက်ရှိနေသူ မြို့ခံတစ်ဦးက Myanmar Now ကိုပြောသည်။

“ဒီမနက် ၉ နာရီလောက်မှာ ပစ်ခတ်မှုစဖြစ်တယ်။ ပထမတစ်ယောက်က ဆီးခုံထိပြီး ဆုံးသွားတဲ့ အတွက် ရေခဲတိုက်ကိုတန်းပို့လိုက်တယ်။ နောက်တစ်ယောက်ကလည်း ခေါင်းထက်ခြမ်းကွဲပြီး ဦးနှောက် တောင် ပါမလာတော့ဘူး။ ဒါကြောင့် ရေခဲတိုက်ပဲ တန်းပို့လိုက်တယ်” ဟု အဆိုပါမြိုင်မြို့ခံက ပြောသည်။

မြိုင်မြို့လယ်တွင် ယနေ့ နံနက်ပိုင်းက ဆန္ဒပြရန် လူစုရုံးနေစဉ် ၃ ယောက်စတင်အဖမ်းခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် အချင်းများရာမှ ပစ်ခတ်မှု စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“၁၁ လောက်မှာ နောက်တစ်ကြိမ်ပစ်ခတ်မှုဖြစ်တယ်။ အလောင်းသုံးလောင်း ထပ်ရောက်လာတယ်။ နောက်ပြီးတော့ တစ်ယောက်ထပ်ရောက်လာတယ်။ လောလောဆယ် အလောင်းတွေအရ ၆ ယောက် ဆိုတာ အတည်ပြုနိုင်ပါတယ်” ဟု ဆေးရုံသို့ ရောက်ရှိနေသူ မြိုင်မြို့ခံက ပြောသည်။

မကွေးတိုင်း မြိုင်တွင် ပစ်ခတ်ဖြိုခွင်းခံရပြီး ၆ ဦးသေဆုံး

၁၂ : ၀၄ ကချင်ပြည်နယ်တွင် စစ်တပ်နှင့် KIA  တို့ တိုက်ပွဲဖြစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

မိုးညှင်းခရိုင်အတွင်းရှိ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး တပ်စွဲထားသော စစ်တပ်စခန်းတစ်ခုကို ယနေ့နံနက်အစောပိုင်းတွင် KIA က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြိး ၁၀ နာရီဝန်းကျင်တွင် စစ်တပ်ဘက်က လေယာဉ်များ အသုံးပြုတိုက်ခိုက်နေသည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို အတည်ပြုသည်။ 

“အောက်ခြေသတင်းတွေက ပြည့်ပြည့်စုံစုံ မရသေးဘူး။ ကျွန်တော်တို့ ဗဟိုကနေတော့ စစ်တပ် စစ်စခန်း တွေကို ဝင်စီးဖို့၊ မြို့ပေါ်မှာ ဝင်ပြီးတိုက်ဖို့ ညွှန်ကြားတာမရှိဘူး”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် တစ်လကျော်ကတည်းက KIA တပ်မဟာ ၄ နှင့် ၆ တို့၏ စစ်ရေးလှုပ်ရှားနယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးတစ်ဝိုက်တွင် KIA တပ်စခန်းများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“သူတို့ (KIA)ရှေ့တန်းသမားအချင်းချင် ဘယ်လိုချိတ်ဆက်ပြီး ဝင်တိုက်တာလားဆိုတာတော့ ပြောလို့ မရသေးပါဘူး”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးတင်းမာလာပြီး လတ်တလောတွင် အာဏာသိမ်းစစ်တပ်သည် KNU၊ RCSS တို့နှင့် လည်း ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားလျက်ရှိသည်။

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း စစ်တပ်နှင့် KIA တို့ တိုက်ပွဲဖြစ်နေ

၁၁ : ၁၁ ဘူတာရုံလမ်းတွင် စစ်အာကာသိမ်းကောင်စီကို ဆက်လက် အာခံနေ

ရန်ကုန် လှိုင်မြို့နယ် ဘူတာရုံလမ်းတွင် အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုများကို နေ့စဉ်ကြုံတွေ့နေရသော်လည်း ပြည်သူများက နေ့စဉ်ဆက်လက်ဆန္ဒပြနေဆဲဖြစ်သည်။

လှိုင်မြို့နယ် ဘူတာရုံလမ်း မတ်-၁၁

၁၁ : ၀၇ အာဏာသိမ်းစစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်း 

ရက္ခိုင့်တပ်တော် (AA) ကို အသေအကြေတိုက်ခိုက်ခဲ့သော အာဏာသိမ်းစစ်တပ်က AA ကို အကြမ်းဖက် အုပ်စုအဖြစ်မှ ရုပ်သိမ်းကြောင်း ယနေ့ (မတ် ၁၁) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ခြင်းမရှိတော့သဖြင့် အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖြစ်လိုက်ခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်တပ်ကြား အချိန် ၂ နှစ်နီးပါးကြာသော အသေအကြေတိုက်ပွဲများ ကြောင့် ထိခိုက်သေကျေဒဏ်ရာရရှိမှုများအပြင် ဒေသခံအရပ်သားပြည်သူ နှစ်သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်း 

၁၀ : ၂၀ မိုးမလင်းမီ တော်လှန်ပြီ

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖြို ခွင်းခံရမှုကို ကြုံနေရသည့် ပဲခူးတိုင်း၊ ပြည်မြို့တွင် ယနေ့ နံနက် မိုးမလင်းမီကပင် အာဏာရှင် စနစ်အမြစ်ဖြုတ်ရေး လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

မိုးမလင်းမီ တော်လှန်ပြီ

၁၀ :၁၀ တမူးခရိုင် အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ

ချင်းပြည်နယ် တမူးခရိုင်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို ကျန်းမာရေးဝန်များနှင့် ပြည်သူများက ဦးဆောင်ချီတက်နေသည်။

ဆန္ဒပြပြည်သူများက စစ်အာဏာရှင်စနစ်ကို ပြန်လည်သက်သွင်းနေမှုကို ကန့်ကွက်ကြောင်း ကြွေးကြော်လျက်ရှိပြီး ပြည်သူများကို ပစ်ခတ်အကြမ်းဖက်နေသည့် စစ်တပ်ကို ရှုတ်ချနေသည်။

အာဏာသိမ်းစစ်တပ်ကိုဖြုတ်ချနိုင်ရန် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် အရှိန်မြှင့် ပါဝင်ကြပါရန် တမူးပြည်သူများက သံပြိုင်ဟစ်အော်တောင်းဆိုနေသည်။

၁၀  : ၀၀ – မန္တလေးသပိတ်စစ်ကြောင်းများစထွက်ပြီ

အာဏာဖီဆန်သည့်လှုပ်ရှားမှု (CDM)ကို မဆုတ်မနစ်စွဲကိုင်ထားကြသော မန္တလေးမြို့၊ မြန်မာ့မီးရထားဝန်ထမ်းများ သပိတ်စစ်ကြောင်းကို မတ် ၁၁ရက် နံနက်ပိုင်းက တွေ့ရစဉ်။

၈၁လမ်း၊ ၃၃ x ၃၄ ကြားအရောက်တွင် စစ်ကောင်စီတပ်ဖွဲ့က အသံဗုံးများသုံး၍ အကြမ်းဖက်ဖြိုခွင်းခံနေရပြီဖြစ်သည်။

မန္တလေး – မတ် ၁၁

၀၉ : ၁၅ – သန်လျင်သပိတ်စစ်ကြောင်းချီပြီ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်စစ်ကြောင်းချီတက်ဆန္ဒပြနေသည်။

စစ်ကောင်စီလက်စလက်နဖျောက်သဖြင့် ဖမ်းဆီးခံရသူများအကြောင်းစုံစမ်းမရဖြစ်နေ 

စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ဖမ်းဆီးခံထားရသူ ထောင်ချီရှိသော်လည်း စစ်ကောင်စီက လက်စလက်နဖျောက်ထားသဖြင့် မည်သို့မျှ စုံစမ်းမေးမြန်းမရဖြစ်နေကြောင်း သက်ဆိုင်ရာ မိသားစုဝင်များနှင့် တရားလွှတ်တော်ရှေ့နေများက ပြောသည်။

စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် မိသားစုဝင်များပါမချန် ထင်ရာစိုင်းဖမ်းဆီးနေသည့် အပြင် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီးနေသဖြင့် မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ထိခိုက်နစ်နာမှုများကို အတည်ပြုရန် ခက်နေသည်ဟုလည်း ၎င်းတို့က ဆိုသည်။

အကောင်းပတိအနေအထားဖြင့် ညပိုင်းတွင်ဖမ်းဆီးခံခဲ့ရပြီးနောက် မနက်ပိုင်းတွင် အလောင်းသာ ပြန်ရသည့် ရင်နင်စရာ ဖြစ်ရပ်များလည်း ရှိနေသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၈ ရက်အထိ စစ်ကောင်စီက လူပေါင်း ၁၇၀၀ ကျော်ကိုဖမ်းဆီးထားကြောင်း၊ သေဆုံးသူ ၆၀ ကျော်ရှိသည်ဟု ခန့်မှန်းထားသည်။

ထိန်းသိမ်းထားသူမရှိဟု ဘူးခံငြင်းသော ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ စစ်တပ်ဝန်း အတွင်း အချုပ်ကားတစ်စီး ဝင်သွားသည်ကို မတ် ၁၀ ရက် နံနက်ပိုင်းကတွေ့ရစဉ်။

စစ်ကောင်စီလက်စလက်နဖျောက်သဖြင့် ဖမ်းဆီးခံရသူများအကြောင်းစုံစမ်းမရဖြစ်နေ 

Show More

Related Articles

Back to top button