သတင်း

မလွှကုန်းတွင် စစ်တပ်နှင့်ရဲများ တပ်စွဲထားပြီး ရာနှင့်ချီသောဝန်ထမ်းများ ထွက်ပြေးရ

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မလွှကုန်းမီးရထားဝင်းအတွင်း စစ်တပ်နှင့် ရဲများ တပ်စွဲထားရာ ရာနှင့်ချီသော မီးရထားဝန်ထမ်းမိသားစုဝင်များ ထွက်ပြေးခဲ့ကြောင်း အဆိုပါဝန်ထမ်းများက ပြောသည်။

မီးရထားဝန်ထမ်းအများစု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် မလွှကုန်းမီးရထား ဝန်ထမ်းအိမ်ရာကို ယနေ့ (မတ် ၁၀) နံနက်အစောပိုင်းတွင်း စစ်တပ်နှင့် ရဲများက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ 

“CDM လုပ်တဲ့လူကို ဖမ်းမယ်ဆိုတော့ မိသားစုက မနေရဲဘူးပေါ့။ အဲဒါ အုတ်အော်သောင်းတင်း အကုန်ပြောင်းကြတဲ့အခါကျတော့ ရုတ်ရုတ်သဲသဲဖြစ်ကုန်တာ” ဟု မလွှကုန်း ဒီဇယ်စက်ခေါင်းပြင်စက်ရုံ CDM ဝန်ထမ်းတစ်ဦးကပြောသည်။

စစ်တပ်နှင့်ရဲ ပါဝင်သော လက်နက်ကိုင်တပ်ဖွဲ့များသည် ယနေ့ နံနက်ခြောက်နာရီခန့်တွင် ရထားဝင်းကို ရောက်ရှိလာပြီး ဝင်ပေါက်ထွက်ပေါက်အားလုံးကို ပိတ်ဆို့ကာ ဒီဇယ်စက်ခေါင်းပြင်စက်ရုံ၊ မလွှကုန်း ရပ်ကွက်ဘုန်းကြီးကျောင်းနှင့် မီးရထားဆေးပေးခန်းတို့တွင် စခန်းချလိုက်သည်ဟု သိရသည်။

“အခုက တော်တော်ဒုက္ခရောက်ကုန်ကြပြီ လူမမာတွေဆို ထမ်းထုတ်ရတာ အဝေးကြီး။ ကလေးပေါက်စန လေးတွေနဲ့ ကိုးရိုးကားရား ဟိုပစ္စည်းယူ ဒီပစ္စည်းကျန် ရုန်းရင်းဆန်ခတ်ကြီး မီးလောင်လို့ပြေးရတဲ့ပုံစံမျိုး” ဟု CDM လှုပ်ရှားမှုတွင်ပါဝင်သူ အထက်ပါ မီးရထားဝန်ထမ်းက ပြောသည်။

ရဲကား ၆ စီး၊ စစ်ကား ၁၅ စီး၊ အချုပ်ကား ၃ စီး၊ ဟိုင်းလပ်ကား ၆ စီးဖြင့် ရောက်ရှိလာသော အင်အားရာချီ ရှိသော စစ်တပ်နှင့် ရဲများသည် မီးရထားဝင်းအတွင်း တပ်စွဲနေရာယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ လက်နက်ကိုင်တပ်များ ဝင်ရောက်တပ်စွဲလိုက်သဖြင့် မလွှကုန်းမီးရထားဝင်းအတွင်း CDM ဝန်ထမ်းများအပါအဝင် ၎င်းတို့၏မိသားစုဝင်များ မရှိသလောက်ဖြစ်နေပြီဟုလည်း ဝန်ထမ်းများက ပြောသည်။

CDM ဝန်ထမ်းအချို့သည် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက တိမ်းရှောင်နေကြပြီး ယနေ့နံနက် လက်နက်ကိုင်များ စီးနင်းဝင်ရောက်ချိန်တွင် ထပ်မံတိမ်းရှောင်ခဲ့သဖြင့် CDM ဝန်ထမ်းများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ရထားထွက်ခိုင်းသည့် ဖြစ်ရပ်မျိုးမရှိခဲ့ဟု မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။ 

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မလွှကုန်းမီးရထားဝန်ထမ်းအိမ်ရာကို စစ်ကောင်စီလက်နက်ကိုင်များ က ယနေ့နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့စဉ်။ (ဓာတ်ပုံ − ကောင်းဆက်လင်း Facebook) 

စစ်ကောင်စီလက်နက်ကိုင်များက CDM လှုပ်ရှားမှုတွင် ပါဝင်သူမီးရထားဝန်ထမ်း ၁၃ ဦးကို အမည်စာရင်းနှင့်တကွ မေးမြန်းကာ လိုက်လံဖမ်းဆီးနေပြီး ဝန်ထမ်းသုံးဦး ဖမ်းဆီးခံရသည်ဟု သတင်းရရှိသော်လည်း မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု၍မရကြောင်းလည်း အထက်ပါဝန်ထမ်းက ဆိုသည်။

“အတိအကျကို ဘယ်သူမှ မပြောနိုင်ဘူးဖြစ်နေတယ်။ ဗီဒီယိုရိုက်တဲ့ ကလေးမတစ်ယောက်ကို ကင်မရာယူပြီးရိုက်ခွဲလိုက်တယ်။ နောက် သူတို့က ဘာလုပ်ထားလဲဆိုတော့ လူတွေ အိမ်ထဲမှာပဲနေ အပြင်မထွက်ရဘူးဆိုတော့ ဘာမှရိုက်လို့မရဘူး ဘာသတင်းမှ မသိဘူး” ဟု ၎င်းက ဆက်ပြောသည်။

စက်ခေါင်းပြင်စက်ရုံတွင် ဒီဇယ်လောင်စာဆီ ဂါလံတစ်သိန်းနှစ်သောင်းကျော်ရှိပြီး အဆိုပါ ဒီဇယ်ဆီများကို လာရောက်ထုတ်ယူခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် CDM ဝန်ထမ်းများအတွက် ပြည်သူများ လှူဒါန်းထားသည် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ်သီး စသည့် ရိက္ခာများကို စစ်ကောင်စီ၏လက်နက်ကိုင်များက ယူဆောင်သွားပြီး အနည်းဆုံး ဆန်အိတ် ၁၀၀ ခန့်ပါသွားကြောင်း ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

စာရင်းမကောက်ရသေးသဖြင့် အရေအတွက်အတိအကျမသိသော်လည်း မလွှကုန်းမီးရထားဝန်ထမ်း အိမ်ရာမှ ထွက်ပြေးရသူ ရာနှင့်ချီရှိပြီး လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ အလှူရှင်များနှင့် ၎င်းတို့၏ ဆွေမျိုးများ၏ ကူညီမှုဖြင့် ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ဝန်ထမ်းများက ဆိုသည်။ 

ဝန်ထမ်းအင်အား ၁၀၀၀ နီးပါးရှိသော မလွှကုန်း မီးရထားစက်ခေါင်းပြင်စက်ရုံတွင် ဝန်ထမ်း ၉၀၀ ကျော် CDM လုပ်ထားပြီး စစ်ကောင်စီက အာဏာယူထားချိန်တွင် ၎င်းတို့၏ လုပ်ခလစာများကို ထုတ်ယူခြင်းမပြုဘဲ ပြည်သူ့အစိုးရတက်လာမှသာ ထုတ်ယူမည်ဟု အတိအလင်း ကြွေးကြော်ထားသည်။

တစ်နိုင်ငံလုံးမှ မြန်မာ့မီးရထားဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကြောင့် စစ်တပ်က အာဏာသိမ်းပြီး ၈ ရက်အကြာ ဖေဖော်ဝါရီ ၈ ရက်မှစ၍ မီးရထားပြေးဆွဲမှု လုံးဝရပ်ဆိုင်းခဲ့ပြီး ဝန်ထမ်းများအပေါ်  အမျိုးမျိုး ဖိအားပေးခြိမ်းခြောက်မှုများလည်း ရှိနေသည်။ 

Show More

Related Articles

Back to top button