
“သူတို့က အလှည့်ကျမနားတမ်းရိုက်တယ်။ ဒူးက အကြာကြီးမထောက်နိုင်တော့ တစ်ခါလဲကျရင် တစ်ခါ ရိုက်ခံရတယ်။ အများကြီးအရိုက်ခံရတယ်” ဟု နာကြည်းစွာ ပြောဆိုလာသူမှာ မြတ်မြို့မှ အသက် ၃၀ အရွယ် အမျိုးသားဖြစ်သည်။
တနင်္သာရီတိုင်း မြိတ်မြို့တွင် ယမန်နေ့ (မတ် ၉) က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် ဖမ်းဆီးခံရ ပြီးနောက် စစ်သားများက လူမဆန်စွာ ရိုက်နှက်စစ်ဆေးခဲ့ပုံကို ပြန်လည်ပြောပြခြင်းဖြစ်သည်။
“အများကြီးအရိုက်ခံရတယ်။ မှတ်တောင် မမှတ်မိဘူး။ ဒူးမထောက်နိုင်တော့ဘူး။ မှောက်ကျသွားရင် ပြန်ထရတယ်။ သူတို့က အမြဲတမ်းရိုက်နေတာ” ဟုလည်း ၎င်းက ပြောသည်။
မြတ်မြို့ ကွက်သစ်ရပ်ကွက် D လမ်းအတွင်း ဆန္ဒပြရန် လူစုနေချိန် နံနက် ၉ နာရီဝန်းကျင်တွင် စစ်တပ်နှင့် ရဲများက လမ်းကိုနှစ်ဖက်ပိတ်ဆို့ကာ အကြမ်းဖက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူ ၇၀ ကျော်ကို ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အမျိုးသား ၄၅ ယောက်ခန့်နှင့် အမျိုးသမီး ၂၅ ယောက်ခန့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အသက်အရွယ်အားဖြင့် ကိုးတန်းကျောင်းသားအရွယ်မှ အသက် ၃၀ ဝန်းကျင်အတွင်း အများဆုံးဖြစ်သည်ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ဖမ်းဆီးခံရသူများအနက် အမျိုးသား ၄၅ ယောက်ခန့်သည် အားလုံးရိုက်နှက်ခံခဲ့ရပြီး ဒူးထောက်ခိုင်းကာ သံခါးပတ်ခေါင်း၊ သစ်သားတုတ်၊ ပိုက်များနှင့် ရိုက်နှက်ခဲ့သည့်အပြင် အချို့သောသူများကို ချိန်းကြိုးဖြင့် အကြမ်းပတမ်းရိုက်နှက်ခဲ့သည်ဟု ထိုသို့ရိုက်နှက်ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ အဆိုပါ အမျိုးသားက ပြောသည်။
Myanmar Now က ရရှိထားသော ဓာတ်ပုံမှတ်တမ်းများအရ ရိုက်နှက်စစ်ဆေးခံခဲ့ရသူများတွင် ကျောပြင်၊ တင်ပါးနှင့် ရင်ဘတ်နေရာများတွင် သံခါးပတ်ခေါင်းရာများ၊ ချိန်းကြိုးဖြင့် ရိုက်နှက်ခံထားရသည့် အက်ကွဲဒဏ်ရာများ တွေ့ရှိရသည်။
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများတွင် ဟစ်ကြွေးသီဆိုလေ့ရှိသည့် ‘ကမ္ဘာမကျေဘူး’သီးချင်းနှင့် ‘စစ်အာဏာရှင်အလိုမရှိ’ စသော ကြွေးကြော်သံများကို ထပ်တလဲလဲသီဆိုခိုင်းရင်း ရိုက်နှက်စစ်ဆေးခဲ့သည်ဟု ဆိုသည်။
“သပိတ်စစ်ကြောင်းမှာ ဘယ်လိုအော်သလဲ။ သီချင်းဘယ်လိုဆိုသလဲ။ လက်ဘယ်နှချောင်းထောင်သလဲ၊ ဆိုခိုင်းပြီး ရိုက်တယ်။ အမေစုပုံ တက်တူးထိုးတာလို့လည်း သီးသန့်ခေါ်ပြီး ရိုက်တယ်။ ငါတို့ကို စစ်ခွေး ခေါ်တာ။ ငါတို့က စစ်ခွေးဆိုတော့ ခွေးဆိုတာက ကိုက်တတ်တယ်လို့ ပြောပြောပြီးတော့ ရိုက်တာ။ အမျိုးမျိုးပေါက်ကရတွေ ဆဲတယ်။ သူတို့ခိုင်းတာကို လုပ်လည်း ရိုက်တယ်။ မလုပ်လည်း ရိုက်တယ်။ သူတို့က အမြဲတမ်းရိုက်တယ်” ဟု ရိုက်နှက်ခံခဲ့ရသူ အမျိုးသားက ပြောသည်။
ယောက်ျားလေးများကို အင်္ကျီချွတ်ခိုင်းပြီး ခေါင်းပေါ်လက်တင်၍ ခေါင်းငုံ့နေသည့်အနေအထားဖြင့် ဒူးထောက်ခိုင်းကာ စစ်သား ၁၀ ယောက်က တရစပ် မနားတမ်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ခေါင်းကမော့သွားရင် ငုံ့ထား၊ ငုံ့ထားလို့ ခိုင်းတယ်။ သူတို့မျက်နှာမြင်မှာ ကြောက်လို့။ ကျွန်တော်တို့က ခြေထောက်ညောင်းတာ မခံနိုင်တော့တဲ့အတွက်ကြောင့် ရိုက်ရင်လည်း ရိုက်ပလေ့စေပြီးပြီး လဲကျတယ်။ တန်းစီပြီးထိုင်ခိုင်းတယ်။ သူတို့က ဟိုဘက် ဒီဘက် ခေါက်တုံ့ခေါက်ပြန်သွားပြီး ရိုက်တာ။ အခန်းထဲမှာရှိနေတုန်း တောက်လျှောက်ရိုက်တယ်” ဟု ၎င်းက အမျိုးသားက ပြောသည်။
ဖမ်းဆီးခံခဲ့ရသူများအနက် ရာဘာကျည်ထိမှန် ထိမှန်ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦးကိုသာ တပ်ဆေးရုံသို့ သယ်ဆောင်သွားခဲ့ပြီး အခြားသူအားလုံးကို မြိတ်မြို့လေဆိပ်အနီးရှိ လေတပ်အတွင်းခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူအများစုမှာ ကျောင်းသားဖြစ်ပြီး မြတ်မြို့ရဲတပ်ဖွဲ့ဝင်များက မရိုက်နှက်ပြောဆိုခဲ့သော်လည်း စစ်သားများက မရမက တရစပ်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသူများက ဆိုသည်။
“သူတို့ပြောတာက နေပြည်တော်ကလာတာလို့ ပြောတယ်။ လာဖမ်းတဲ့အချိန်မှာ မြိတ်ကရဲတွေပါတယ်။ မြိတ်ကရဲတွေက ကျောင်းသားတွေကို မရိုက်ဖို့ပြောတယ်။ ဖမ်းဖို့ နေပြည်တော်ကလာတယ်ဆိုပြီး စစ်သားတွေက ရိုက်တာ” ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
အကြမ်းဖက်ဖြိုခွင်းခံရစဉ်က ဆန္ဒပြလူငယ်များသည် ရပ်ကွက်နေအိမ်များအတွင်း ပြေးဝင်ပုန်းခိုခဲ့ကြသော်လည်း စစ်ကောင်စီလက်နက်ကိုင်များက သေနတ်များပစ်ခတ်ကာ အကြမ်းပတမ်း လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောသည်။
နေအိမ်များအတွင် ထိုသို့ပုန်းခိုနေစဉ် လက်နက်ကိုင်တပ်ဖွဲ့များက အိမ်တံခါးကို ကန်ဖွင့်လျက် ရာဘာကျည်ဖြင့် ၃ ပေအကွာမှ ဆက်တိုက်ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

“အိမ်ထဲမှာပုန်းနေရင်းနဲ့ကို တံခါးကို ကန်ဖွင့်ပြီး အနီးကပ် ရာဘာကျည်နဲ့ နှစ်ချက် လည်ပင်းကိုချိန်ပြီး ပစ်လိုက်တာပါ။ အပေါက် လေးပေါက်ပါ။ အဲဒီကောင်တွေ (စစ်တပ်နဲ့ရဲ)က အိမ်ရှင်တွေကိုပါ ဖမ်းသွားတာပါ”ဟု ရာဘာကျည်ဖြင့် ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ပြောသည်။
ဖမ်းဆီးခံရသည့် မိန်းကလေးများကို အော်ဟစ်ကာ “နင်တို့တွေကို ငါတို့ ကြိုက်သလို လုပ်လို့ရတယ်။ ထောင် ၆ လအထိ ချပစ်လိုက်လို့ရတယ်လို့ ခြိမ်းခြောက်တယ်” ဟု ဖမ်းဆီး ခံခဲ့ရသူအမျိုးငယ်တစ်ဦးက Myanmar Now ကို ပြောသည်။
ဖမ်းဆီးခံရသူများတွင် အသက်မပြည့်သေးသူများလည်းပါရှိရာ စစ်သားများက “နင်တို့ အသက်တွေက ငယ်သေးတယ်၊ ဒီမိုကရေစီဆိုတာ ဘာလဲသိလို့လား” ဟု မေးမြန်းပြောဆိုခဲ့ကြောင်းလည်း အဆိုပါအမျိုးသမီးက ဆိုသည်။
နေအိမ်များအတွင်း ပုန်းခိုနေစဉ် အကြမ်းပတမ်းဝင်ရောက်ဖမ်းဆီးစဉ်က မိန်းကလေးအချို့ ရိုက်နှက်ခံရသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
“မိန်းကလေးတစ်ယောက်ကို သေနတ်နဲ့ထုတာ ခေါင်းကွဲသွားတယ်။ လေးချက် ချုပ်လိုက်ရတယ်။ နောက် မိန်းကလေးတစ်ယောက်ကို မျက်နှာကို ခြေထောက်နဲ့ ပိတ်ကန်လိုက်တာ။ မျက်နှာဖူးရောင်သွားတယ်” ဟု အထက်ပါ အမျိုးသမီးငယ်က ပြောသည်။
၎င်းတို့ကို ပြန်လွှတ်ပေးချိန်တွင် “နိုင်ငံရေးက နင်တို့လူငယ်တွေနဲ့ မဆိုင်ဘူး။ ထပ်လုပ်ရင် ထောင်တစ်ခါတည်း ချမှာလို့” ဟု စစ်သားများက ပြောဆိုခဲ့သည်ဟုလည်း ဆိုသည်။
“ပြန်ကောင်းသွားရင် ထပ်လုပ်လို့ရတဲ့နေရာ အကုန်လုပ်မှာ။ ဒီပွဲက ရှုံးလို့မရဘူး။ အားလျှော့လို့လည်း မရဘူး။ အာဏာရှင်စနစ် စတင်ကတည်းက သူတို့စိတ်ကြိုက် သူတို့ပါးစပ်ထဲက ပုဒ်မတွေနဲ့ အကုန်လုပ်တာ။ အဲဒီစနစ်ကြီးကို မကြိုက်တာ။ အခု ညီမတို့က အင်တာနက်တောင် အကန့်အသတ်နဲ့ သုံးနေရတာ။ ကိုဗစ်တောင် ဒီလောက်မဆိုးဘူး။ အာဏာရှင်စနစ်က ပိုဆိုးနေတာ” ဟုလည်း အဆိုပါအမျိုးသမီးငယ်က ပြောသည်။
ဖမ်းဆီးခံရသူများအနက် မိန်းကလေး ၆ ယောက်နှင့် ယောက်ျားလေး ၂၉ ယောက်ကျန်ရှိခဲ့ပြီး ၎င်းတို့ကို ပုဒ်မ မတပ်ဘဲ ထောင်တစ်လချလိုက်သည်ဟု အဆိုပါ အမျိုးသမီးငယ်က ပြောကြားသော်လည်း မြိတ်မြို့ ဖမ်းဆီးခံရသူများအနက် ပြန်လည်လွတ်မြောက်လာသူ အရေအတွက်နှင့် ဆက်လက်ထိန်းသိမ်းခံထားရ သူအရေအတွက်ကိုမူ အတိအကျ မသိရသေးပေ။
ဖမ်းဆီးခံခဲ့ရသူများအနက် မြိတ်မြို့အကျဉ်းထောင်သို့ ပို့ဆောင်ခံရသူများ ရှိသည့်နည်းတူ တက္ကသိုလ်ဆရာ/ဆရာမများ၊ ကျောင်းဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မိဘများက လာရောက်ထုတ်ယူသဖြင့် ပြန်လည်လွတ်မြောက်လာသူများလည်း ရှိသည်။
“ခံဝန်ကတိထိုးရတယ်။ နောက်တစ်ခါမလုပ်တော့ဘူးဆိုတဲ့အကြောင်း။ တကယ်လို့ ဒုတိယအကြိမ်ဖမ်းမိတယ်ဆိုလို့ရှိရင် အလောင်းပဲပြန်ရမယ်ဆိုတဲ့ အကြောင်းပြောတယ်” ဟု အချက်ပေါင်းများစွာ ရိုက်နှက်ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ အမျိုးသားက ပြောသည်။
ကျန်းမာရေးအခြေအနေရ ခေတ္တနားရန်လိုအပ်သော်လည်း အာဏာရှင်တော်လှန်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဆိုသော အဆိုပါအမျိုးသားက အရေးတော်ပုံအောင်မြင်အောင် လုပ်ဆောင်ကြရန်နှင့် စစ်တပ်လက်ထဲ အဖမ်းမခံကြရန်လည်း ဆန္ဒပြပြည်သူများကို တိုက်တွန်းသည်။
“တကယ်လို့ ဖမ်းမိခဲ့မယ်ဆိုရင် သူတို့က မတရားရိုက်တာ။ သေအောင်ရိုက်တာ။ လုံးဝ လူစိတ်မရှိဘူး။ သူတို့က လက်နက်အားကိုးနဲ့၊ ကျွန်တော်တို့မှာ လက်နက်မှရှိတော့ ခေါင်းငုံ့ခံရတယ်။ လုံးဝ မကျေနပ်ဘူး။ အိမ်ကအဖေ၊ အမေကတောင် တစ်ခါမှ မရိုက်ဖူးဘူး။ တကယ့်ရက်ရက်စက်စက်ပေါ့။ အရင်တုန်းကဆို ဒီလိုနှိပ်စက်တာတွေကို ရုပ်ရှင်ထဲမှာပဲ ကြည့်ဖူးတာ။ တကယ်ခံစားရတယ်။ လုံးဝမကျေနပ်ဘူး။ အရေးတော်ပုံ အောင်မှဖြစ်မယ်” ဟု ၎င်းက ဆိုသည်။