သတင်း

အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် မြစ်ကြီးနားတွင် နှစ်ဦးသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ရာ နှစ်ဦးသေဆုံးခဲ့ပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

မြစ်ကြီးနားမြို့ အောင်နန်း ကက်သလစ်ဘုရားကျောင်းဝင်းအနီး၌ ယနေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို လက်နက်ကိုင်များက မျက်ရည်ယိုဗုံးများ၊ အသံဗုံးများဖြင့် ပစ်ဖောက်ပြီးနောက် ကျည်အစစ်များဖြင့်ပါ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ 

“ဘုရားကျောင်းရှေ့မှာပဲ ပွဲချင်းပြီးသေသွားတယ်။ ခေါင်းက ပွင့်သွားတာ။ သေတဲ့နှစ်ယောက်လုံးက ခေါင်းကိုပဲကျည်မှန်တာ” ဟု သေနတ်ကျည်ဆန်ထိမှန် သေဆုံးခဲ့သူနှစ်ဦးနှင့် ပတ်သက်၍ ဆန္ဒပြပွဲ ဦးဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

သေဆုံးခဲ့သူနှစ်ဦးမှာ အသက် ၆၃ နှစ်အရွယ် ဦးကိုကိုလေး(ခ)ချိုသာနှင့် အသက် ၂၃ နှစ်အရွယ် ကိုဇင်မင်းထက်ဖြစ်ပြီး အစ္စလာမ်ဘာသာဝင်ဖြစ်သော ဦးကိုကိုလေးကို ယနေ့ ညနေပိုင်းတွင် သင်္ဂြိုရန် မိသားစုက စီစဉ်နေပြီး ကိုဇင်မင်းထက်၏ ရုပ်အလောင်းကိုမူ ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ထား သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ပစ်ခွင်းမှုဖြစ်စဉ်အတွင်း အပြင်းအထန်ဒဏ်ရာရရှိခဲ့သူ ၅ ဦး ရှိပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟုလည်း ၎င်းက ဆိုသည်။

 မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို စစ်တပ်နှင့် ရဲများက ယနေ့ (မတ် ၈) နံနက်ပိုင်းကတည်းက အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် သပိတ်စစ်ကြောင်းများခွဲကာ လှည့်လည်ဆန္ဒပြခဲ့ ကြသည်ဟု ဆိုသည်။

နံနက်ပိုင်းတွင် အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် ကချင်လူငယ်များ စုဝေးကာ ဆန္ဒပြစဉ် ထပ်မံဖြိုခွင်းခံရခြင်းဖြစ်သည်ဟု သိရသည်။ 

“ကျွန်မတို့ (အောင်နန်း) ဘုရားကျောင်းရှေ့မှာ တင်းမာနေတဲ့အချိန်မှာ တခြားသပိတ်စစ်ကြောင်း တစ်ခုခွဲပြီး တန်ပြန်စစ်ကြောင်းဖွင့်တာ။ ဒါပေမယ့် သူတို့(စစ်တပ်)က ဘုရားကျောင်းရှေ့က စစ်ကြောင်း ကိုပဲ မဲပြီးပစ်တာ။ ဘုရားကျောင်းနားကလူတွေကတော့ စနိုက်ပါသမားတွေရှိတယ် ပြောတယ်” ဟု ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးက ပြောသည်။

 

Show More

Related Articles

Back to top button