
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရန် စုရုံးနေသော ပြည်သူများ ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များ ဝိုင်းဝန်းပစ်ခတ်ဖြိုခွင်းခဲ့ရာ တစ်ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များက အသံဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် လူစုခွဲသွားသော သပိတ်စစ်ကြောင်းများ ပြန်လည်စုဝေးကာ ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရန် တောင်းဆိုနေချိန် နေ့လယ် ၁ နာရီဝန်းကျင်တွင် လက်နက်ကိုင်တပ်ဖွဲ့များက ထပ်မံအကြမ်းဖက်ဖြိုခွင်းခဲ့ရာတွင် အသက် ၃၀ အရွယ် ကိုသီဟဦးဆိုသူ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဝမ်းဗိုက်ကို ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ဆိုပြီး “ခွဲစိတ်မှု့မလုပ်ရသေးတဲ့အတွက် ကျည်အစစ်လား ရာဘာလား မသိရသေးပါ။ ဆေးခန်းမရောက်ခင် ဆုံးသွားပါတယ်” ဟု ၎င်းက ဆက် ပြောသည်။

ဒဏ်ရာရရှိသူ ၆ ဦးအနက် ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိထားသူများဖြစ်ကြောင်း အဆိုပါမြို့ခံ ဆိုသည်။
(၉) ရပ်ကွက်နဲ့ အမှတ်(၁၁) ရပ်ကွက်ကြားတွင် သပိတ်စစ်ကြောင်း စုရုံးနေသည့်အချိန် စစ်တပ်နှင်ရဲများ အရပ်မျက်နှာနှစ်ဖက်မှ ပစ်ဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ဆရာမများနှင့် လူငယ် ၁၀၀ ကျော် လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
နံနက်ပိုင်းတွင် ဆန္ဒပြစစ်ကြောင်း ဖြိုခွင်းခံရပြီးနောက် ဆရာမများနှင့် လူငယ်မ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်ပြီး ၎င်းတို့ပြန်လွှတ်ပေးရန် သပိတ်စစ်ကြောင်းများ စုပေါင်းကာ ဖျာပုံမြို့အတွင်း လှည့်လည် တောင်းဆိုချိန်ရာတွင် လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးမည်ဆိုသဖြင့် စစ်ကြောင်းများ လူစုခွဲပေးခဲ့ သည်ဟု သိရသည်။
ဖမ်းဆီးထားသူများကို ညနေ ၃ နာရီအချိန်မှစ၍ ၁၀ ဦး တစ်သုတ်နှုန်း ပြန်လွှတ်ပေးနေသည်ဟု ဖျာပုံမြို့ခံက Myanmar Now ကို အတည်ပြုပြောကြားသည်။