
ယနေ့ နံနက် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် ဆန္ဒပြပွဲ မတိုင်မီ ဖြိုခွင်းခံရပြီးနောက် ဆန္ဒပြသူ ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။
လူမစုမီ နံနက် ၈ နာရီခွဲ အချိန်တွင် ကျောင်းသားဟောင်းလေးဦးကို ရဲများက ရိုက်နှက်ဖမ်းဆီးလိုက်ကြပြီး လူငယ်တစ်ဦး ခေါင်းကွဲသွားကာ ဆေးကုသခွင့်မရခဲ့ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။
“ခေါင်းကွဲတာကို ဘာမှမလုပ်ပေးဘဲနဲ့ အချုပ်ကားပေါ်တန်းတင်တယ်။ ပြည်သူတွေက ကျောင်းသားဟောင်းတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုတာ သူတို့ကမလွှတ်ပေးဘူး။ မလွှတ်ပေးတော့ ပြည်သူတွေက သူတို့ရှိတဲ့နေရာကို လေးဖက်လေးတန်ပိတ်လိုက်တာ” ဟု ၎င်းကဆိုသည်။
လက်နက်ကိုင်များက ဖမ်းဆီးထားသူများကို ပြန်မလွှတ်ပေးသဖြင့် ပြည်သူများက ထိုင်သပိတ်လုပ်ကာ ဆက်လက်တောင်းဆိုခဲ့ပြီး ငါးမိနစ်အတွင်း လူစုခွဲရန်ပြောကာ မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသည့် အဆိုပါဒေသခံကပြောသည်။
ပြည်သူများကလည်း ကြံ့ကြံ့ခံ၍ ထိုင်သပိတ်ဆက်လုပ်ကာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ရန်တောင်းဆိုခဲ့ရာ ရာဘာကျည်များ၊ ကျည်အစစ်များ ပစ်ဖောက်ပြီး ရုတ်ရုတ်သဲသဲဖြစ်ချိန်တွင် လူများကို ထပ်ဖမ်းခဲ့ရာ ၂၁ ဦးအထိ အဖမ်းခံခဲ့ရသည်။
“သူတို့ကို လေးဖက်လေးတန် ပိတ်ထားတဲ့အခါ သူတို့လုံးဝထွက်လို့မရတဲ့အခါမှာ မှော်ဘီဘက်ကနေလည်း တပ်ကူခေါ်တယ်၊ ဥက္ကံဘက်ကနေလည်း တပ်ကူလှမ်းခေါ်တယ်” ဟု ဒေသခံကပြောသည်။
ပြည်သူများက တပ်ကူများဝင်မလာအောင် ပြည်လမ်းဘက်ကို ပိတ်ဆို့ခဲ့သော်လည်း အတားအဆီးများကို ချိုးဖျက်ဝင်လာပြီး စစ်တပ်က မြို့ထဲ နေရာအများအပြားတွင် တပ်စွဲလိုက်သည်ဟု ၎င်းကပြောသည်။
ရာဘာကျည်၊ အသံဗုံး၊ မီးခိုးဗုံး၊ ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူစုကွဲသွားချိန်တွင် မြို့အနှံ့ လမ်းသွားလမ်းလာများကို လက်ကိုင်ဖုန်းများ စစ်ဆေးပြီး လူနေရပ်ကွက်များအတွင်းသို့ပါ မျက်ရည်ယိုဗုံးများကြဲခဲ့ကြောင်း ဒေသခံများကပြောသည်။
တိုက်ကြီးမြို့ပေါ်ရှိ အိုးတန်းရပ်ကွက်အနှံ့အပြားနှင့် တာဂွကျေးရွာ၊ ရှမ်းဂုံညင်းတန်းရွာတို့တွင် တပ်စွဲထားပြီး ပစ်ခတ်သံများ ည ၁၀ နာရီခန့်အထိကြားနေရကြောင်း ဒေသခံများက ဆိုသည်။ ယနေ့ဖြိုခွင်းမှုတွင် အရေအတွက် အတိအကျမသိသော်လည်း ဒဏ်ရာရသူ အများအပြားရှိပြီး သေဆုံးသူမရှိကြောင်းသိရသည်။
တိုက်ကြီးမြို့နယ်တွင် မတ်လ သုံးရက်နေ့က သပိတ်ဖြိုခွင်းခံရပြီး မသန်စွမ်းတစ်ဦး ဖမ်းဆီးခံရကာ ယနေ့ထိ လွတ်မြောက်လာခြင်းမရှိသေးပေ။