
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှာ ပါဝင်ပတ်သက်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ပြောကြားကြောင်း The Straits Times သတင်းစာက ရေးသားဖော်ပြသည်။
“နောက်ထပ် သွေးထွက်သံယိုမှုတွေနဲ့ ပဋိပက္ခတွေ တာဆီးကာကွယ်ရေးကို ချက်ချင်း ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ယမန်နေ့ (မတ် ၇) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသည့် အခြေအနေတင်းမာမှုကို ပြေလျော့နိုင်စေဖို့ တရုတ်က ကြားဝင်ဆောင်ရွက်ပေး လိုပြီး ထိုသို့လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် မြန်မာနိုင်ငံသားများ၏ သဘောဆန္ဒကို လေးစားသွားမည်ဟုလည်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆိုသည်။
“ပါဝင်ပတ်သက်နေသူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့။ နောက်ပြီး ပဋိပက္ခတွေကိုင်တွယ် ဖြေရှင်းရာမှာလည်း နိုင်ငံတွေရဲ့ အကျိုးစီးပွားရှေးရှုပြီး ဥပဒေနဲ့အညီဆောင်ရွက်ကြဖို့ လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာဏာမသိမ်းမီ နှစ်ပတ်ခန့်အလိုက နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီး မြန်မာ့တပ်မတော်၏ အမျိုးသားရေးဦးဆောင်မှု အခန်းကဏ္ဍနှင့် မြန်မာပြည်၏ အနာဂတ်အတွက် ရေရှည်စဉ်းစားလုပ်ဆောင်နေမှုများကိုလည်းကောင်း၊ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေမည့် အစဉ်အလာချစ်ကြည်ရင်းနှီးမှုများကို သန္နိဋ္ဌာန်ထားရှိမှုများကိုလည်းကောင်း အလေးအနက်ထားရှိပါသည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့အရေးသည် ပြည်တွင်းရေးသာဖြစ်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကို လွန်ခဲ့သော သီတင်းပတ်များ အတွင်း တရုတ်နိုင်ငံက သတိပေးပြောကြားခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတစ်လကျော်အကြာတွင် ကြားဝင် စေ့စပ်ပေးလိုကြောင်း တရုတ်က လူသိရှင်ကြားထုတ်ပြောလာခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ သတိပေးပြောဆိုမှုအပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နိုင်ငံအချို့ကို အလျင်စလိုသွားရောက်ပြီး အာဏာသိမ်းမြန်မာစစ်ဗိုလ်ချုပ်များနှင့် ညှိနှိုင်းရန် ဆော်ဩခဲ့သည်။ ထို့နောက် အင်ဒိုနိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်သို့ လာရောက်ရန် စီစဉ်ခဲ့သော်လည်း မြန်မာပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါခရီးစဉ် ပျက်ပြယ်ခဲ့သည်။
နောက်တစ်ရက်တွင် အင်ဒိုနိုင်ငံခြားရေးနှင့် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထား သူတို့ ဘန်ကောက်တွင် လျှို့ဝှက်တွေ့ဆုံခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ၏ အလွတ်သဘောတွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လွှတ်ပေးရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးပါဝင်သော သဘောတူညီချက်မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးအချို့၏ သီးသန့်ပြောဆိုမှုထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံ၏ လှုပ်ရှားမှုများငြိမ်သက်တိတ်ဆိတ်သွားသည်။ ထိုအချိန်တွင် မြန်မာအ့အရေး ကြားဝင်လိုကြောင်း တရုတ်က အသံထွက်လာခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် အာဏာသိမ်းစစ်အုပ်စု ထောက်ခံအားပေးနေသည်ဟူသော ယူဆချက်များရှိနေသည့်နည်းတူ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခြင်းနှင့် ပတ်သက်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးခေါင်းဆောင်များ မတရားဖမ်းဆီးထိန်းသိမ်း အရေးယူခံရခြင်းနှင့် ပတ်သက်၍လည်းကောင်း တရုတ် နိုင်ငံက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ကြားဝင်ရန်ဆောင်ရွက်ရန် အနောက်နိုင်ငံများက ကုလသမဂ္ဂတွင် ဖိအားပေး ကြိုးပမ်းအခါတိုင်း တရုတ်က ကန့်ကွက်လေ့ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထားသူများ ကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့သည့်လအတွင်း ကုလလုံခြုံရေးကောင်စီက တောင်းဆိုရာတွင် တရုတ်နိုင်ငံက သဘော တူပါဝင်ခဲ့သည်။
သို့ရာတွင် ကုလ၏ ထိုတောင်းဆိုချက်မှာ အရာမထင်ခဲ့ပေ။ အာဏာသိမ်းစစ်အုပ်စုသည် ကုလသမဂ္ဂနှင့် နိုင်ငံ တကာ၏ ဖိအားပေးပြောဆိုမှုများ၊ အရေးယူပိတ်ဆို့မှုများ ရှိလင့်ကစား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော အရပ်သားပြည်သူများကို အပြင်းအထန် ဖြိုခွင်းနှိမ်နင်းလျက်ရှိသည်။
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များ၏ ကျည်အစစ် အသုံးပြုကာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူပေါင်း ၅၀ ထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်ကာ ဒဏ်ရာရရှိသူ ရာနှင့်ချီရှိနေသည်။
လမ်းပေါ်ထွက်ဆန့်ကျင်ကန့်ကွက်သူများကို နေ့စဥ် ဖမ်းဆီးနေပြီး အများအပြားကို နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ မတ်လ ၆ ရက်နေ့အထိ ဆက်လက် ထိန်းသိမ်း ခံခဲ့ရသူ ၁၀၀၀ ကျော်ရှိပြီဖြစ်သည်။