
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတောင်းဆိုသည့် ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာလမ်းဆုံရှိ အထိုင်သပိတ်ကို စစ်ကောင်စီ၏ ရဲနှင့်တပ် ပူးပေါင်းအဖွဲ့ဝင်များက ယနေ့ ဖြိုခွင်းရာ ၁၇ ဦး အဖမ်းခံရပြီး တစ်ဦး ဒဏ်ရာရခဲ့သည်။
ယနေ့ (မတ် ၇) မွန်းလွဲ ၂ နာရီခန့်တွင် ရဲနှင့်တပ် ပူးပေါင်းအင်အား ၅၀၀ ခန့်က စစ်ကား ၁၀ စီးဖြင့် ရောက်ရှိလာပြီး မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးများ ပစ်ဖောက်ပြီး ရပ်ကွက်အတွင်းပိုင်းလမ်းများအထိ ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့ သည်ဟု မျက်မြင်များက Myanmar Now ကို ပြောသည်။
“၄ ယောက် ထိခိုက်ဒဏ်ရာ ရပြီး ၁ ယောက်က နားရွတ်ပြတ်သွားပါတယ်။ အယောက် ၂၀ အဖမ်းခံရပြီး ၃ ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်ပါတယ်” ဟု ထိုဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ကိုအောင်လေးက ပြောသည်။
ကျည်ထိပြီး နားရွတ်ပြတ်ရှ ဒဏ်ရာ ရသွားသူမှာ တောင်ဥက္ကလာ ၁၃ ရပ်ကွက်မှ အသက် ၂၀ ကျော် လူငယ်တစ်ဦး ဖြစ်သည်။
တောင်ဥက္ကလာပလမ်းသွယ်များရှိ နေအိမ် ပြတင်းပေါက်မှန်များ ကျည်ထိမှန် ပျက်စီးခဲ့သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။
ဆူးလေ၊ ရေကျော်၊ တာမွေ၊ အင်းစိန်ပေါက်တောဝ၊ ရွှေပြည်သာ၊ သာကေတနှင့် စမ်းချောင်းတို့တွင်လည်း အဖမ်းအဆီးများ ရှိခဲ့သည်။
ယနေ့ နံနက် ၁၁ နာရီက ပုဇွန်တောင် ၊ ဗိုလ်ချုပ်လမ်းပေါ် လူငယ်များ ဆန္ဒပြနေစဉ် စစ်ကားနှင့် ရဲကားများ ရောက်လာကာ သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ပြီး လူငယ်သုံးဦးနှင့် ရေကျော်ဈေးတွင် ဈေးရောင်းနေသူ အမျိုးသမီး လေးဦး အဖမ်းခံလိုက်ရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက် အတွင်း ယနေ့ ညနေ ၃ နာရီခန့်က ရဲယူနီဖောင်းဝတ်ထားသော လက်နက်ကိုင် ၁၅ ဦးခန့်က အသံဗုံးများ ဖောက်ခွဲကာ အသက် ၂၅ နှစ်အရွယ် ကိုထွန်းလင်းအောင်ကို နေအိမ် အတွင်း ဝင်ရောက်ဖမ်းဆီးသွားသည်။

ယနေ့ နံနက်ပိုင်းက ဆူးလေတွင် ဆန္ဒထုတ်ဖော်သူများစတင်စုဝေးစဉ် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ဖြိုခွင်းလိုက်ပြီး ၃ ဦးကို ဖမ်းဆီးကာ နောက်ပိုင်းတွင် တစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။
ရာနှင့်ချီသောစစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ရွှေပြည်သာမြို့နယ်က သပိတ်စစ်ကြောင်းများကို မျက်ရည်ယိုဗုံး၊ အသံဗုံးများနှင့် သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဆန္ဒထုတ်ဖော်သူ ၄၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း Burma Associated Press သတင်းတွင် ဖော်ပြထားသည်။
ရန်ကုန်အပါအဝင် မန္တလေး၊ ရမည်းသင်း၊ ပုဂံ၊ ရေး အပါအဝင် မြို့များတွင် အကြမ်းဖက်ဖြိုခွင်းမှုများ ယနေ့ ပေါ်ပေါက်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ် ၆ အထိ စာရင်းများအရ စစ်ကောင်စီ၏ ရဲနှင့်တပ် ပူးပေါင်းအဖွဲ့ဝင်များ၏ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့သူ အနည်းဆုံး ၅၀ ကျော်ရှိပြီ ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ် ၆ ရက်နေ့ထိ ဖမ်းဆီး ၊ တရားစွဲ ထောင်ချမှတ်ခံထားရသူ ၁၇၅၈ ဦးရှိပြီဟု AAPP က ထုတ်ပြန်ထားသည်။