တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော် ခေါ် ကိုကောင်းမြတ်လှိုင်အား နေအိမ်မှ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ပတ်ကျော်ကြာသည်အထိ တွေ့ခွင့်မရသေးကြောင်း မိသားစုနှင့် ရှေ့နေများက ပြောသည်။
ပြီးခဲ့သည့် မတ် ၁ ၊ ည ၁၀နာရီခွဲအချိန်ခန့်၌ ၎င်း၏ နေအိမ်ကို စစ်တပ်နှင့် ရဲက ပစ်ခတ်၊ ချိုးဖျက်ဝင်ရောက်ကာ ရိုက်နှက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ၎င်းအား မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို စစ်တပ်နှင့်ရဲက အသိပေးပြောဆိုခြင်း မရှိဟု မိသားစုဝင်များက ပြောသည်။
“ညီမ အသိတွေက (မြိတ်) ထောင်ကို စားစာရာသွားပို့ကြည့်ပါလား။ သူရှိတယ်ဆိုရင် ထောင်က လက်ခံလိမ့်မယ်လို့ ပြောတာနဲ့ ညီမသွားပို့တယ်။ စားစရာတော့ ယူထားတယ်။ လူရှိ၊ မရှိတော့ အတည်မပြုပေးကြဘူး”ဟု ကိုအောင်ကျော်၏ ဇနီးက ပြောသည်။
ကိုအောင်ကျော်နှင့် တွေ့ခွင့်ရရန် မိသားဝင်ဖြစ်ကြောင်း ထောက်ခံစာတောင်းကြောင်း၊ မိသားစုဝင်ထောက်ခံစာ သွားပြသည့်အခါတွင် ရှေ့နေဖြစ်သူ၏ တံဆိပ်တုံးထုပေးသည့် စာရွက်လိုအပ်ကြောင်း ဇနီးဖြစ်သူက ပြောသည်။
“ ရှေ့နေတစ်ယောက်ကို ရဲက Seal (တံဆိပ်တုံး) ထုပေးပါလို့ ပြောတယ်။ ရှေ့နေကတော့ တခြားလူတွေကျ မလိုဘဲနဲ့ ဘာဖြစ်လို့ လိုတာလဲဆိုတာ တစ်ခေါက်ပြန်မေးဖို့ပြောတယ်။ သူက အချုပ်ကျနေဆဲ ကာလဖြစ်တယ်။ ရမန်လည်း မယူရသေးဘူးဆိုတော့ မလိုအပ်သေးဘူးလို့ ပြောပါတယ်။ ဘာလို့ ရှေ့နေ Seal လိုတာလဲ ဆိုတာ ပြန်မေးဖို့ လုပ်နေတယ်”ဟု ကိုအောင်ကျော်၏ ဇနီးက ပြောသည်။
ကိုအောင်ကျော်ကို ဖမ်းဆီးသွားသည့်အချိန်မှစ၍ ယခုအချိန်ထိ စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင်များက တရားရုံးထုတ် ချုပ်ရမန်မယူကြသေးဘဲ ချုပ်နှောင်ထားခြင်းဖြစ်ပြီး လာမည့် ၁၆ ရက်နေ့တွင် ပထမဆုံး ရုံးထုတ်ဖွယ် ရှိနေသည်။
မြိတ်မြို့ မြစ်ငယ်ရပ်ကွက်ရှိ DVB သတင်းထောက် ကိုအောင်ကျော်၏နေအိမ်သို့ လက်နက်အပြည့် အစုံ ကိုင်ဆောင်ထားသော စစ်တပ်နှင့် ရဲများက မတ် ၁ တွင် အကြမ်းပတမ်း လာရောက်ဖမ်းဆီးခြင်း ဖြစ်သည်။
စစ်သားနှင့် ရဲတို့သည် ကိုအောင်ကျော်၏ နေအိမ်ရှေ့တည့်တည့်နေရာမှာ နေရာယူကာ နေအိမ်အတွင်း ခဲများဖြင့် ပစ်ခတ်အကြမ်းဖက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကိုအောင်ကျော်နေအိမ်တံခါးကိုလည်း ရိုက်နှက်ဖျက်ဆီးပြီး ကိုအောင်ကျော်ကို ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။
၎င်းဖမ်းဆီးခံရချိန်တွင် DVB စာမျက်နှာမှ Live လွှင့်ခဲ့၍ လာရောက်ဖမ်းဆီးစဉ် ခဲဖြင့်နေအိမ်အား ပစ်ခြင်း၊ အော်ဟစ်၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည့်အခြေအနေကို တွေ့မြင်ရသည်။
“အောက်က ချိုးဖျက်၊ ရိုက်ဖျက်သံတွေ ကြားရတယ်။ တုတ်နဲ့ ရိုက်အသံတွေကြားရတာနဲ့ ညီမအမျိုးသားလည်း DVB Pageက နေ Live လွှင့်လိုက်တယ်။ Live လွှင့်နေတဲ့အချိန်မှာပဲ သူအော်သံကြားလိုက်ရတယ်။ အဲဒီအချိန်မှာ ၂ နှစ်မပြည့်သေးတဲ့ သမီးလေးကို သိပ်နေတာ။ ခဲက တောက်လျှောက်ဝင်လာတာ။ သူ့နားက ဘယ်လိုမှ ကပ်လို့မရဘူး” ဟု ဇနီးဖြစ်သူက ပြောသည်။
တံခါးချိုးဖျက်ဝင်လာသည့် စစ်သားနှင့် ရဲတို့သည် ကိုအောင်ကျော်အား အိမ်အပေါ်ထပ်သို့ တက်၍ ချုပ်နှောင်ဖမ်းဆီးခဲ့သည်။ ဇနီးဖြစ်သူသည် ၎င်းအမျိုးသား၏ ဒဏ်ရာအခြေအနေကို ကြည့်ရန် စစ်တပ်နှင့် ရဲကို တောင်းဆိုခဲ့သော်လည်း ခွင့်မပြုဘဲ အိမ်အပြင်ဘက်မှနေ၍ ခဲများဖြင့် ထပ်ထုမည့်အနေအထားဖြင့် အသင့်စောင့်နေကြသည်ဟု ဆိုသည်။
စစ်တပ်နှင့် ရဲတို့ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးမှုကြောင့် ကိုအောင်ကျော်နေအိမ် တံခါးပျက်စီးသွားသည့်အပြင် အိမ်တံခါးပေါက်သော့များ၊ ဖုန်းနှစ်လုံး၊ ကားသော့ တစ်ချောင်းနှင့် နှာခေါင်းစည်း နှစ်ဘူးတို့ကို ယူဆောင်သွားသည်ဟု သိရသည်။
နေအိမ်အောက်ထပ်ရှိ ကလေးကစားစရာပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ကြသည့်အပြင် တပ်ဆင်ထားသည့် CCTV လုံခြုံရေးကင်မရာများကိုလည်း ရိုက်ခွဲခဲ့ကြသည်။
“စစ်သားတစ်ယောက်ကတော့ ဒီနေ့ Live လွှင့်တာ ဒီကောင်သေချာတယ်လို့ပြောတာ ကြားလိုက်တယ်။ သတင်းထောက်တစ်ယောက်က သတင်းထောက်အလုပ်လုပ်တာကို သူတို့က အကြမ်းဖက်ပြီးတော့ အဓမ္မဖမ်းဆီးတာ။ သူ Live လွှင့်နေတုန်းက ဟေ့ကောင် မင်းဖုန်းကို ချထားလိုက်လို့ ပြောတာရှိတယ်။ စဉ်းစားမိတာက သူတို့မှတ်တမ်းကို ရသွားမှာကို အရမ်းကြောက်တယ်လို့ ညီမက ယူဆပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို မမြင်ရအောင်လို့ ဖုံးကွယ်ချင်လို့လုပ်တာ”ဟု ဇနီးဖြစ်သူက ပြောသည်။
ဖမ်းဆီးသည့်ဖြစ်ရပ်၊ မိသားစုနှင့် တွေ့ခွင့်မပြုသည့် အခြေအနေတို့အကြောင်း မေးမြန်းရန် မြိတ်မြို့မှ စစ်တပ်၊ ရဲတို့ကို ဆက်သွယ်၍ မရသေးပေ။
ကိုအောင်ကျော်သည် မတ်လ ၁ ရက်က မြိတ်မြို့ အောင်မင်္ဂလာ ရပ်ကွက်နှင့် အင်းလေးမြိုင်ရပ်ကွက်များမှ နေအိမ်များကို စစ်တပ်နှင့် ရဲတို့က ဝင်ရောက်ဖျက်ဆီးခြင်းများ၊ ပြည်သူများကို ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း Live လွှင့် သတင်းတင်ဆက်ခဲ့ပြီးနောက် ညပိုင်းမှာ ဖမ်းဆီးခံရခြင်းဖြစ်သည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများကို သတင်းရယူနေသော သတင်းထောက်တချို့ အဖမ်းခံရပြီး မတ် ၇ ရက် နံနက်အထိ အဖမ်းခံရသူ ၃၂ ဦးအထိ ရှိသည်။ ဖမ်းဆီးစဉ် ရိုက်နှက်ခဲ့မှုများ ရှိခဲ့ပြီး အချို့မှာ ပြန်လွတ်လာပြီး အချို့မှာမူ အမှုဖွင့်ခံရပြီး ချုပ်နှောင်ခံထားရသည်။
မတ် ၆ က မိတ္ထီလာမြို့တွင် စစ်ကောင်စီဆန္ဒပြပွဲ သတင်းယူနေစဉ် အဖမ်းခံရသော Eleven သတင်းထောက် ကို၀ဏ္ဏစိုးအား ယင်းနေ့ မွန်းလွဲပိုင်း၌ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
သို့သော် Myanmar Now သတင်းထောက် အပါအဝင် သတင်းသမား ကိုးဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်။ ၇ ဦးကို အင်းစိန်ထောင်၌ ချုပ်နှောင်ကာ မုံရွာမှ နှစ်ဦးကို ကျပ်သိန်း ၅၀ စီဖြင့် အာမခံ ပေးထားသည်။
မူလက အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်သာ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ထောင်ဒဏ်သုံးနှစ်ဟု ပြင်ဆင်လိုက်ပြီး ယင်းပုဒ်မဖြင့် တရားစွဲခြင်း ဖြစ်သည်။