
မန္တလေးတွင် အရပ်ဘက်အဖွဲ့အစည်းများ၌ ပါဝင်လှုပ်ရှားနေသူ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးညီညီကျော်ကို ယမန်နေ့ (မတ် ၆) တွင် စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့သည်။
၆၂ လမ်း နှင့် ၁၀၂ လမ်းထောင့်တွင် ရပ်ကွက်ထဲ ဝင်လာသော မသင်္ကာဖွယ် လူစိမ်းတစ်ဦးကို ရပ်ကွက်က ဝိုင်းဝန်းစစ်ဆေးနေသည်ကို သွားရောက်ကြည့်ရှုနေစဉ် ရဲနှင့် စစ်သားများ ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်လူစုခွဲကာ ဦးညီညီကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ၎င်း၏ သားဖြစ်သူက ပြောသည်။
“လမ်းမှာ မသင်္ကာဖွယ်လူတွေ့လို့ စစ်မေးနေတဲ့အချိန် ရဲတွေရောက်လာပြီး လူအုပ်ကို ဖြိုခွဲတာ၊ ကျွန်တော့်အဖေက လဲကျပြီး ကျန်ခဲ့တဲ့အချိန် အဖမ်းခံရတာ” ဟု ဦးညီညီကျော်၏သားဖြစ်သူ ကိုညီမျိုးဆက်က ပြောသည်။
ဦးညီညီကျော်သည် စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လည်ပင်းတွင် ကျည်ထိမှန်သေဆုံးခဲ့သော ကိုဇော်မျိုးကို၏ နာရေးအား ကူညီရန် နေအိမ်မှ နံနက် ၁၁ နာရီခန့်တွင် ထွက်ခွာသွားပြီး အပြန်လမ်း၌ ယခုကဲ့သို့ အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နေ့ နေ့လယ်က မသင်္ကာဖွယ်ရာ အမျိုးသားလေးဦးသည် ၆၂ လမ်းနှင့် ၁၀၂ လမ်းအတွင်းသို့ ကားဖြင့် ဝင်ရောက်လာပြီး ရပ်ကွက်က တားမြစ်စစ်ဆေးရာ သုံးဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ထိန်းသိမ်းရမိသည့်တစ်ဦးကို စစ်ဆေးရာ ၎င်းထံမှ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဒေါက်တာတေဇာစန်း၏ မှတ်ပုံတင်မိတ္တူနှင့် ဆေးပြားဟုယူဆရသည့်အရာများ တွေ့ရှိရကြောင်း မျက်မြင်များက ပြောသည်။
လက်ရှိတွင် ဦးညီညီကျော်ကို မန္တလေးအိုးဘိုထောင်၌ ထိန်းသိမ်းထားသည်ဟု ကြားသိရပြီး ထောင်ဝင်စာတွေ့ခွင့် မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။
မန္တလေးမြို့မှ ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဒေါက်တာတေဇာစန်း၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်၊ ခုတင်(၃၀၀)ဆေးရုံအုပ်ကြီး၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်၊ ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး ၊ တရားလွှတ်တော်ရှေ့နေ ဦးထွန်းကြည်နှင့် ဦးမျိုးဆွေ၊ မန္တလေးတက္ကသိုလ် ဆရာဆရာမများသမဂ္ဂ ဥက္ကဋ္ဌ၊ ဆိုင်းဆရာစိန်ဒူးဝါးတို့ကို ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၅၀၅(က) ဖြင့် အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖမ်းဝရမ်းထုတ်ခဲ့သည်။
ဦးညီညီကျော်သည် အဆိုပါ ဖမ်းဝရမ်းထုတ်ခံထားရသည့် စာရင်းတွင် မပါဝင်သေးသော်လည်း ABSDF ( မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) ရဲဘော်ဟောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်သဖြင့် ထိန်းသိမ်းခံရခြင်းဖြစ်နိုင်သည်ဟု မန္တလေးနိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။
ဦးညီညီကျော်သည် ၂၀၁၄ တွင် တည်ထောင်သော မေတ္တာကမ်ပိန်းလူငယ်အဖွဲ့ (Metta Campaign Youth) တွင်လည်း ပါဝင်လှုပ်ရှားနေသူဖြစ်ပြီး ထိုအဖွဲ့အစည်းသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အား စောင့်ကြည့်လေ့လာခြင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးနှင့် ပတ်သက်၍ သုတေသနပြုခြင်း၊ လူငယ်စွမ်းဆောင်ရည် မြှင့်တင်ခြင်းများကို ဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ် ၆ အထိ စာရင်းများအရ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၁,၇၅၈ ဦးရှိ ပြီး ၁၄၄၀ ဦးမှာ တရားစွဲဆိုခံထားရသည်။