
၁၄ : ၃၇ ပေါက်တောဝတွင် ဆက်လက်ဆန္ဒပြ
အင်းစိန်ပေါက်တောဝတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများ ပြုလုပ်ထားသည့် အရံအတားများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သော်လည်း ပြည်သူများက ဆက်လက်ဆန္ဒပြလျက်ရှိသည်။
ယနေ့နံနက်ပိုင်းက စစ်တပ်နဲ့ ရဲတို့သည် အင်းစိန် ပေါက်တောဝ ရပ်ကွက်နေပြည်သူများ ပြုလုပ်ထားသည့် ခံစစ် အကာအကွယ်များကို မီးရှို့ဖျက်ဆီးအကြမ်းဖက်ခဲ့ပြီး ၄ နာရီနီးပါး တပ်စွဲထားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လက်နက်ကိုင်များ ပြန်လည်ထွက်ခွာသွားပြီးနောက် ပြည်သူများက လမ်းပေါ်ပြန်ထွက်လာကာ စစ်အာဏာရှင်ကို ထပ်မံတော်လှန်နေကြခြင်းဖြစ်သည်။

၁၄ : ၁၂ တက္ကသိုလ်၌ တပ်စွဲမည်ကိုလက်မခံ၍ ပစ်ခတ်ဖြိုခွင်း၊ လူနှစ်ဦးဒဏ်ရာရ
မန္တလေး နည်းပညာတက္ကသိုလ်သို့ ယနေ့ (မတ် ၇) နံနက် ၆နာရီခန့်က စစ်ကား၄စီးရောက်ရှိလာပြီး တပ်စွဲမည်ဆိုသဖြင့် ကျောင်းနှင့် အနီးဝန်းကျင်ရှိ ပြည်သူများက လက်မခံကြောင်းကန့်ကွက်ကြသည်။
ထိုအချိန်တွင် စစ်ကား ၄ စီးထပ်ရောက်လာပြီး ကန့်ကွက်နေသည့် ပြည်သူများကို မျက်ရည်ယိုဗုံးများ၊ရာဘာကျည်များပစ်ခတ်ဖြိုခွင်းခဲ့သည်။
ကျောင်းလုံခြုံရေးတာဝန်ရှိသူ အသက်(၃၅)နှစ်အရွယ် ကိုကျော်သူမှာ မျက်လုံးအောက်မျက်ခမ်းစပ်ပြင်းထန်ဒဏ်ရာရခဲ့သဖြင့် ခွဲစိတ်ခဲ့ရသလို အခြားတစ်ဦးမှာလည်း ပေါင်သို့ရာဘာကျည်ထိမှန်ဒဏ်ရာရခဲ့သည်။
“ပစ်တာကမျက်ရည်ယိုဗုံးပစ်တာ၊သံစတွေလာမှန်တယ်၊သံတိုသံစဗုံးလို့ထင်တယ် “ဟု ကိုကျော်သူကပြောသည်။
“ဆရာနှစ်ဦးလည်း ရိုက်ခံရသေးတယ်၊အခု သူတို့က ကျောင်းထဲ တပ်စွဲထားပြီ၊ကျွန်တော်တို့ ထွက်လာတော့ကို ပစ်နေသေးတယ်၊နောက်ထပ်အခြေအနေ မသိရသေးဘူး”ဟု ၄င်းကဆက်ပြောသည်။
စစ်အာဏာသိမ်းမှုကို မန္တလေးလူထုက တစ်လကျော်သည်အထိနေ့စဉ်ဆန့်ကျင်နေကြပြီး စစ်ကောင်စီ တပ်ဖွဲ့များကလည်း သေနတ်ပင်သုံး၍ အကြမ်းဖက်ဖြိုခွင်းနေသဖြင့် လူသေဆုံးသည့်ဖြစ်စဉ်များပေါ် ပေါက်နေသည်။

၁၄ : ၀၂ ဗဟိုလမ်းတွင် ဆက်လက်ဆန္ဒပြ
နေ့စဉ်အကြမ်းဖက်ဖြိုခွင်းခံနေရသည့် စမ်းချောင်းမြို့နယ် ဗဟိုလမ်းဆန္ဒပြသူများသည် ပြန်လည်စု ဝေးနေပြီဖြစ်သည်။
ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက အကြမ်းဖက်ဖြိုခွင်းခဲ့ကြသေးသည်။

၁၃ : ၅၁ မန္တလေးတွင် စစ်အာဏာရှင်ကို တော်လှန်သူ ၇၀ ကျော်အဖမ်းခံရ
အကြမ်းဖက်ဖြိုခွင်းခံရသည့် မန္တလေး ၂၂ လမ်းနှင့် ၉၈ လမ်းပေါ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွင် လူ ၇၀ ကျော် ဖမ်းဆီးခံရကြောင်းသိရသည်။
မန္တလေးတွင်ပြုလုပ်သည့် အထွေထွေ သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ယနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။
၂၂လမ်းနှင့် ၉၈ လမ်းတွင် မန္တလေးရှိ ပညာရေး၊ ကျန်းမာရေး၊ ကျောင်းသား စသည့်နယ်ပယ်ပေါင်းစုံက သပိတ်စစ်ကြောင်းများသည် ထိုင်သပိတ် ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြနေသူများအား အသံဗုံးများ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်၍ အကြမ်းဖက်ဖြိုခွင်းခဲ့သည့်အပြင် လူစုခွဲကာ တိမ်းရှောင်နေသူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်များအတွင်းအထိ ဝင်ရောက်ဖမ်းဆီးမှုများ ပြလုပ်ခဲ့သည်။
“အရပ်ဝတ်တွေနဲ့ လူတွေက သပိတ်ခေါင်းဆောင်ပါ။ ကျောင်းသားတွေရှိလားဆိုပြီး လိုက်ရှာနေကြတာ။ တစ်အိမ်တက် တစ်အိမ်ဆင်း ရှာနေကြတယ်”ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

အကြမ်းဖက်ဖြိုခွင်းခံရသည့် မန္တလေး
၁၃ : ၄၁ ဖြိုခွင်းခံရသည့် ၄၆လမ်း ဆန္ဒပြပွဲတွင် ၇ ဦးအဖမ်းခံရ
အကြမ်းဖက်ဖြိုခွင်းခံရသည့် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် ၄၆ လမ်းထောင့် ဆန္ဒပြပွဲတွင် စစ်အာဏာရှင်ကို တော်လှန်သူ ၇ ဦးအား စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရသည်။
ယနေ့ နံနက် ၁၁ နာရီအချိန်က ပုဇွန်တောင်မြို့နယ် ၄၆ လမ်းအပေါ် ဘယ်လောက်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများအား စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက အကြမ်းဖက် ဖြိုခွင်းမှုကြောင့် လူငယ်သုံးဦးနှင့် ရေကျော်ဈေးတွင် ဈေးရောင်သူ အမျိုးသမီး လေးဦးကို ဖမ်းဆီးချုပ်နှောင်ပြီးနောက် ရိုက်နှက်လျက်ရှိသည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်များက စတင်ဖြိုခွင်းချိန်မှစ၍ တစ်နာရီခန့်အကြာအထိ ဈေးထဲ၊ ရပ်ကွက်ထဲရှိ လမ်းသွယ်များပါ မကျန် လိုက်လံ အော်ဟစ်ဆဲဆိုလျက်ရှိသည်။
၁၃ : ၂၈ သထုံမြို့ စစ်အာဏာသိမ်းဆန့်ကျင်ပွဲကို KNU ဝန်းရံကာကွယ်
ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် သထုံမြို့နယ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကျိုက်ကော်စစ်ကြောင်းကို အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး( KNU) မှ လာရောက်ဝန်းရံခဲ့သည်။

သထုံမြို့နယ်၊ ကျိုက်ကော်စစ်ကြောင်း
၁၃ : ၂၀ – ကျွန်းတောလမ်းသပိတ်ပြန်စ
ယနေ့ နံနက်ပိုင်းက ရဲနှင့်စစ်တပ် ပစ်ခတ်ဖြိုခွင်းခဲ့သည့် စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်း သပိတ်ပြန်လည်စတင်နေပြီဖြစသည်။ လူမျိုးပေါင်းစုံသပိတ်စစ်ကြောင်း(GSCN)ကလည်း ပူးပေါင်းပါဝင်နေသည်။

စမ်းချောင်း ကျွန်းတောလမ်းသပိတ်ပြန်လည်စတင်နေ
၁၃ : ၀၃ ဖြိုခွင်းခံရသည့် ပုဂံတွင် ငါးဦး ဒဏ်ရာရပြီး ၄ ဦးဖမ်းဆီးခံရ
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပုဂံဒေသခံများအား စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်မှုများပြီးလုပ်ခဲ့ပြီးနောက် ၅ ဦး ဒဏ်ရာရရှိကာ ၄ ဦးဖမ်းဆီးခံထားရကြောင်း သိသည်။
ပုဂံတွင် စစ်အာဏာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်ရေးတပ်မ ၈၈ နှင့် ရဲတပ်ဖွဲ့တို့က ၅.၅၆ ကျည်ဆန်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ၅.၅၆ကျည်ဆန်ခွံ ပေါင်း တစ်ရာကျော်ကောက်ယူရရှိသည်ဟု ဒေသခံများက ဆိုသည်။
၁၃ : ၀၀ ရေးမြို့ဆေးရုံတွင် တပ်စွဲရန်ကြိုးစား၍ လူထုဆန္ဒပြရာ ပစ်ခတ်ဖြိုခွင်း
မွန်ပြည် ရေးမြို့ဆေးရုံတွင် လက်နက်ကိုင်အင်အား ၅ ယောက်ခန့်ဖြင့် တပ်စွဲရန် ကြိုးစားခဲ့ရာ လူထုက ဆန္ဒပြခဲ့သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ မျက်ရည်ယိုဗုံး များဖြင့် လူနေရပ်ကွက်အတွင်း ပစ်သွင်းခြင်းပြုလုပ်ခဲ့သည်။
ပစ်ခတ်မှုကြောင့် လူနှစ်ယောက် ရာဘာကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ လက်ရှိအချိန်တွင် အင်အားထပ်တိုးကာ မရမက တပ်စွဲမည့် အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့ဆေးရုံတွင် တပ်စွဲရန် ကြိုးစား
၁၂ : ၄၀ ကျဆုံးသူများအတွင် တစ်မိနစ်ငြိမ်သက်
စစ်အာဏာရှင် တော်လှန်ရေးအရေးတော်ပုံအတွင်း ကျဆုံးသွားသူများကို ဂုဏ်ပြုသည့်အနေဖြင့် စမ်းချောင်းမြို့နယ် ဗဟိုလမ်းသပိတ်မှ ဆန္ဒပြသူများက တစ်မိနစ် ငြိမ်သက်ခဲ့ကြသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ် ၆ အထိ စာရင်းများအရ သေဆုံးသူ ၅၀ ထက်မနည်း ရှိနေပြီ ဖြစ်သည်။
၁၂ :၂၀ မြောက်ဒဂုံဆန္ဒပြမှု
ယနေ့ နံနက်ပိုင်း မြောက်ဒဂုံ ပင်လုံလမ်းပေါ်တွင် ဆန္ဒပြမှုများမပြုလုပ်မီ လက်နက်ကိုင်များ၏ ဖြိုခွင်းမှု ခံလိုက်ရသော်လည်း ဆန္ဒပြလူထုက လူထပ်မံစုစည်းကာ ထပ်မံဆန္ဒပြရန် ပြင်ဆင်နေသည်။
၁၁ : ၄၀ တောင်ငူတွင် ဆန္ဒပြစုရပ်များ ပိတ်ဆို့ခံရ
လက်နက်ကိုင်များက ဆန္ဒပြသူများ၏ စုရပ်နေရာများကို ပိတ်ဆို့တားဆီးနေသောကြောင့် တောင်ငူမြို့တွင် သပိတ်စစ်ကြောင်း သုံးခုခွဲ၍ အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီစနစ် ရရှိရေးအတွက် ကန့်ကွက်ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

၁၁ : ၂၅ – မြင်းခြံသပိတ်အခြေအနေ
မန္တလေးတိုင်း၊ မြင်းခြံမြို့တွင်းရှိ အ.ထ.က(၄)တွင် စစ်တပ်မှ တပ်စွဲထားသော်လည်း ဒေသခံများက အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြလျက်ရှိသည်။ မတ် ၇ နံနက် ၁ နာရီ ၄၅ဝန်းကျင်ခန့်တွင် မြင်းခြံဆေးရုံအတွင်း စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့၍ မြို့ခံများစုဝေးကန့်ကွက်ကြရာတွင် သေနတ် ပစ်ဖောက်လူစုခွဲခံရသဖြင့် ပြည်သူတစ်ဦး ခြေထောက်ထိမှန်ခဲ့သည်။
၁၁ : ၂၁ မန္တလေး ၂၂ လမ်းသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ
မန္တလေး ၂၂လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက တရစပ်ပစ်ခတ်ဖြိုခွင်းလျက်ရှိသည်။
ပစ်ခတ်မှုကြောင့် စစ်အာဏာရှင်တော်လှန်သည့် ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
၁၁ : ၁၀ – သာကေတသပိတ်အခြေအနေ
ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့ ရုပ်ရှင်ရုံမီးပွိုင့်အနီးတွင် ပိတ်ဆို့ထားသည်။
၁၁ : ၀၈ – ကျွန်းတောလမ်းသပိတ်ဖြိုခွင်းခံရပြန်
နံနက်ပိုင်းက တစ်ကြိမ်လူစုခွဲပေးခဲ့ရသည့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းသပိတ် ကို စစ်ကောင်စီတပ်ဖွဲ့က ထပ်မံလာရောက်ဖြိုခွင်းသည်။ အသံဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ် ခဲ့ပြီး ဘူဒိုဇာ(မြေထိုးစက်)အကူအညီဖြင့် လမ်းပေါ်တွင် ပြည်သူတို့ချထားသည့် အတားအဆီးများကို ဖျက်ဆီးသွားကြသည်။
၁၁ : ၀၅ – ရေးမြို့နယ်သပိတ် မြို့အနှံ့လိုက်လံဖြိုခွင်းခံခဲ့ရ
မွန်ပြည်နယ်၊ ရေးမြို့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြနေသူများကို စစ်ကောင်စီတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့ပြီး မြို့အနှံ့လိုက်လံဖြိုခွင်းရန် ကြိုးစားခဲ့သည်။
သို့သော် သပိတ်အဖွဲ့များ ပြန်လည်စုစည်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်၍ မြို့အတွင်း လှည့်လည်ခဲ့ကြသည်။
ယမန်နေ့ညကလည်း ညမထွက်ရအမိန့် ဖောက်ဖျက်သည်ဟုဆိုကာ လူ ၈ ဦး အဖမ်းခံရပြီး ရေးမြို့အတွင်း စစ်သား၊ ရဲကား၊ ရေကား၊ အချုပ်ကားများဖြင့် စစ်ကောင်စီ၏ လက်နက်ကိုင်များက မြို့တွင်းလှည့်လည်ခဲ့ကြသည်။
ရေးမြို့ ဆန္ဒပြသပိတ်ကို ယမန်နေ့ကလည်း ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခံရသူ မရှိသေးပေ။
၁၁ : ၀၀ – ပဲနွယ်ကုန်းဆေးရုံ လုံခြုံရေးချထားမှု ဒေသခံတို့ကန့်ကွက်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ပြည်သူ့ဆေးရုံကို လုံခြုံရေးယူပေးသည်ဟုဆိုကာ ရဲတပ်ဖွဲ့က ဝင်ရောက်နေရာယူထားသောကြောင့် ဒေသခံပြည်သူများက ဆေးရုံရှေ့တွင် ယနေ့ ဆန္ဒပြကန့်ကွက်နေသည်။
“ပြည်သူ့ဆေးရုံ ပြည်သူသာ လုံခြုံရေးယူမည်”ကြွေးကြော်သံများဖြင့် ရဲတပ်ဖွဲ့ဝင်ရောက်နေရာယူမှုအား လက်ရှိအချိန်ထိ ဆန္ဒပြနေကြသည်။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း
၁၀ : ၅၀ – အထွေထွေသပိိတ်စစ်ကြောင်းပြန်ထွက်ပြီ
မတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျောင်းသားသမဂ္ဂနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်အင်အား ၃၀၀ ကျော်ဖမီးဆီးခံခဲ့ရသော်လည်း အထွေထွေ သပိတ်ကော်မတီ ( GSC) က ဦးဆောင်သည့် သပိတ်စစ်ကြောင်းသည် ရန်ကုန် တာမွေမြို့နယ်ရှိ လမ်းများတွင် ယနေ့ ( မတ် ၇) နံနက်ပိုင်းတွင် ဆက်လက်ချီတက်နေသည်။
ဆန္ဒပြ လူငယ်များက “ဖမ်းဆီးခံကျောင်းသသားများ ချက်ချင်းးလွှတ်” “စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး” “၂၀၀၈ ခြေဥ ဖျက်သိမ်းရေး” ကြွေးကြော်သံများကို ကြွေးကြော်နေကြသည်။
၁၀ : ၃၀ – ဗဟိုလမ်းသပိတ်ပြန်စရန်ပြင်ဆင်
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန့်ကျင်ဆန္ဒပြရန် ယနေ့ နံနက် ၉နာရီခွဲခန့် လူစုနေစဉ် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များက အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ သို့သော် နေ့စဉ် အကြမ်းဖက်ဖြိုခွင်းခံရလေ့ရှိသည့် ဗဟိုလမ်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းက ဆန္ဒပြ ရန်ပြန်လည်စီစဉ်နေပြီဖြစ်သည်။
၁၀ : ၂၉ – ပုဂံသပိတ် ပစ်ခတ်ဖြိုခွင်းခံရ၊ ငါးဦး ဒဏ်ရာရ
ပုဂံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများအား စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သည်။
စစ်ကောင်စီ၏ လက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် လူ ၅ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားကြောင့် ကနဦးသတင်းရရှိသည်။

ပုဂံတွင် ငါးဦး ဒဏ်ရာရပြီး တစ်ဦး ဖမ်းဆီးခံရ
၁၀ : ၁၀ – စမ်းချောင်းသပိတ်စစ်ကြောင်းများ တစ်ပြိုင်နက်ဖြိုခွင်းခံရ
ရန်ကုန်၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး နေ့စဉ်ဆန္ဒပြနေသည့် စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ကျွန်းတောလမ်းရှိ သပိတ်စစ်ကြောင်းများကို စစ်ကောင်စီတပ်ဖွဲ့များက တစ်ပြိုင်နက်ဖြိုခွင်းခဲ့သည်။ ဗဟိုလမ်း၌ ဆန္ဒပြရန် ပြင်ဆင်နေသည့် လူငယ် ၅ ဦးဖမ်းဆီးခံ ခဲ့ရသည်ကို မျက်မြင်တွေ့ရသည်။

စမ်းချောင်းမြို့နယ် ဗဟိုလမ်း မတ်-၇
၁၀ : ၀၅ – တောင်ဒဂုံ၌ ထိုင်သပိတ်ဆင်နွှဲနေ
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၁၈ ကွေ့ မှတ်တိုင်တွင် စစ်ကောင်စီဆန့်ကျင်ရေးထိုင်သပိတ် ပြုလုပ်နေသည်။
၁၀ : ၀၀ – သာကေတသပိတ်စတင်
ဖမ်းဆီးခံရမှုများရှိနေသော်လည်း ရန်ကုန်မြို့၊ သာကေတမြို့နယ် သပိတ်စခန်းကို မတ်လ ၇ ရက် နံနက် ပိုင်းတွင် ပြန်လည်စတင်လိုက်သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်မှုကို သာကေတမြို့နယ် မြင်တော်သာလမ်းပေါ်၌ ပြုလုပ်နေခြင်းဖြစ်သည်။
ယမန်နေ့၌ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က အသံဗုံး မီးခိုးဗုံးများသုံး၍ ဖြိုခွင်း ခဲ့ပြီး ပြည်သူအချို့ကို ဖမ်းဆီးသွားခဲ့သည်။

၀၉ : ၃၅ – အတားဆီးများကို စစ်ကောင်စီတပ်ဖွဲ့မီးရှို့
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်ရှိ ပေါက်တောဝ၌ စစ်ကောင်စီတပ်ဖွဲ့များလွယ်လင့်တကူလာရောက်အကြမ်းမဖက်နိုင်ရန် ပြည်သူတို့ချထားသည့် အတားဆီးများကို မတ် ၇ ရက် နံနက်ပိုင်းက စစ်တပ်နှင့်ရဲက မီးရှို့ဖျက်ဆီးသည်။

၀၉ : ၃၀ – မန္တလေးသပိတ်စစ်ကြောင်းများစတင်ထွက်ခွာ
အသက်သေဆုံးသည်အထိ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကို ကြုံနေရသော်လည်း မန္တလေးမြို့သူမြို့သားများက အာဏာသိမ်းမှုကို နေ့စဉ်ဆန့်ကျင်နေကြဆဲဖြစ်သည်။
၀၉ : ၀၀ – ဓာတ်ငွေ့ပိုက်လိုင်း ဖျက်ဆီးခံရမည်ကို တရုတ် စိုးရိမ်ဟုဆို
မြန်မာပြည်အလယ်ပိုင်းကို ဖြတ်သွားသော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း ဖျက်ဆီးခံရမည်ကို စိုးရိမ်မိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ပလုံခြုံရေးညွှန်ချုပ် Mr. Bai Tian က ပြောဆိုကြောင်း အင်တာနက်စာမျက်နှာတွင် ယမန်နေ့က ကျယ်ကျယ်ပြန့်ပြန့် ဖြန့်၀ေနေကြသည့် အစည်းအဝေးမှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးအတွက် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြုလုပ်သည်ဟုဆိုသော အွန်လိုင်းအစည်းအဝေးတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု မြန်မာဘာသာဖြင့် ရေးသားထားသည့် မှတ်တမ်းကဆိုသည်။
“မြန်မာနိုင်ငံပြည်တွင်း၌ ဆန္ဒပြမှုများ ဆက်တိုက်တွေ့မြင်နေရပြီး တရုတ်ဆန့်ကျင်ရေး လှုံ့ဆော်မှုများကို တွေ့မြင်နေရကြောင်း” ညွှန်ချုပ်က ပြောသည်ဟု ဆိုသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအန္တရာယ်ကျရောက်လာနိုင်သည်ဟု ဆိုသည့် တရုတ်ညွှန်ချုပ်က ပိုက်လိုင်းတစ်လျှောက် စခန်း ၅၉ ခုကို စောင့်ရှောက်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း၊ လုံခြုံရေး ပိုမိုတိုးချဲ့ပေးစေလိုကြောင်း၊ မီဒီယာများတွင် တရုတ်နှင့်ပတ်သက်ပြီး အပြုသဘောဖော်ပြပေးစေလိုကြောင်း တောင်းဆိုခဲ့သည်။
ပိုက်လိုင်းလုံခြုံရေးအတွက် အလေးထားဆောင်ရွက်နေသည်ဟု ပြန်လည်ဆွေးနွေးခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနအရာရှိက ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ကို ၂၀၁၄ တွင် ဖွဲ့ထားကြောင်း၊ ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) ရှည်လျားသည့် ထိုပိုက်လိုင်းတလျှောက် ရဲတပ်ဖွဲ့ လုံခြုံရေးမယူနိုင်သည့်နေရာတွင် တပ်က တာဝန်ယူထားကြောင်း ပြောခဲ့သည်ဟု ဆိုသည်။
မြန်မာဘက်မှ နိုင်ငံခြားရေးနှင့် ပြည်ထဲရေးအရာရှိတချို့ တက်ရောက်သည်ဟု လျှို့ဝှက်အဆင့် သတ်မှတ်ထားသည့် ထိုမှတ်တမ်းက ဆိုသည်။
ထိုမှတ်တမ်းနှင့် ပတ်သက်ပြီး နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် တရုတ်သံရုံးတို့က တုံ့ပြန်ခြင်း မရှိသေးပေ။
တရုတ်သည် မြန်မာပြည်အထက်ပိုင်း သူပုန်အဖွဲ့များအပေါ် သြဇာညောင်းပြီး ထိုအဖွဲ့များကလည်း ယူနန်ပြည်နယ်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိနေသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းလိုက်သည့် စစ်ကောင်စီကို တရုတ်က နောက်ကွယ်မှ ထောက်ခံမှုပေးနေသည်ဟု အများက ယူဆထားကြသည်။
အာဏာသိမ်းသည်ဟူသော အသုံးအနှုန်းကို တရုတ်အစိုးရက မသုံးဘဲ အစိုးရအဖွဲ့အတွင်း ကြီးမားသည့် အပြောင်းအလဲပြုလုပ်သည်ဟုသာ ပြောဆိုသုံးနှုန်းလျက်ရှိသည်။
တရုတ်အစိုးရ၏ အပြုအမူနှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်း အာဏာသိမ်းမှု ဆန့်ကျင်သူတို့က ရန်ကုန် တရုတ်သံရုံးရှေ့တွင် သွားရောက် ဆန္ဒပြခဲ့ပြီးဖြစ်သည်။
ယခုအခါ စစ်ကောင်စီတပ်များက ရန်ကုန်ရှိ သံရုံးများရှေ့တွင် လမ်းပိတ်ဆို့ထားသည်ကို တွေ့ရသည်။
ဤအတောအတွင်း အွန်လိုင်းလူမှုကွန်ရက်တွင် တရုတ် စိုးရိမ်သည့်အတိုင်း တရုတ်အစိုးရကို ဆန့်ကျင် ဝေဖန်နေကြဆဲဖြစ်ကြောင်း တွေ့ရသည်။