သတင်း

မန္တလေးတွင် ယမန်နေ့က ဖမ်းဆီးခံခဲ့ရသူ လူငယ်တစ်ဦးသေဆုံး 

မန္တလေးမြို့တွင် ယမန်နေ့ (မတ်လ ၅) တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြို ခွင်းမှုအတွင်း ဖမ်းဆီးခံခဲ့ရသူ လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း မိသားစုဝင်က အတည်ပြုသော်လည်း မည်သို့သေဆုံးခဲ့သည်ကိုမူ အတိအကျ မသိရသေးပေ။

ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီလက်နက်ကိုင်များ၏ လက်တွင် သေဆုံးခဲ့သူမှာ အသက် ၂၁ နှစ် အရွယ် ကိုနိုင်မင်းကိုဖြစ်ပြီး စစ်တပ်ပိုင် မြဝတီရုပ်သံ၏ ယမန်နေ့ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ သေဆုံးသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ကိုနိုင်မင်းကို၏ အစ်မဖြစ်သူ မငွေနှင်းဖြူက ပြောသည်။

ကိုနိုင်မင်းကိုသည် မြတောင်ကျောင်းကို စစ်ကောင်စီလက်နက်ကိုင်များက ဘူဒိုဇာဖြင့်ထိုး၍ ဖျက်ဆီးမည် ဟု ကြားသိရသဖြင့် ယမန်နေ့ ၁၁ နာရီခွဲအချိန်တွင် အိမ်ကထွက်သွားခဲ့ပြီး နေ့လယ်ပိုင်းတွင် ဖမ်းဆီးခံရ ကြောင်း ကြားသိခဲ့ရသည်ဟု ၎င်းက ပြောသည်။ 

“သူသွားပြီး သိပ်မကြာဘူး။ ၁၂ ခွဲလောက်မှာ အဖမ်းခံရတယ် ကြားရတယ်။ ခြေထောက်မှာလည်း သေနတ်မှန်ထားတယ်တဲ့။ ဒဏ်ရာရထားတယ်ဆိုတော့ ကိုယ်က ဆေးကုပေးမယ်ထင်ထားတာ။ သူ့ကို အိုးဘို(ထောင်)ပို့မယ်ပဲထင်နေတာ။ ညနေကျတော့ ကျွန်တော်မောင့်ကို ပက်လက်ကြီးမြင်လိုက်ရတယ်”ဟု မငွေနှင်းဖြူက ပြောသည်။ 

ဓားကိုင်တိုက်ခိုက်သဖြင့် သေနတ်ဖြင့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်ပိုင် မြဝတီရုပ်သံက ထုတ်ပြန်ခဲ့သော်လည်း ကိုနိုင်မင်းကိုမှာ မည်သည့်လက်နက်မျှ ယူဆောင်မသွားကြောင်း ၎င်း၏ အစ်မဖြစ်သူက ဆိုသည်။

“အိမ်ကနေ ထွက်သွားကတည်းက ဘာလက်နက်မှ မပါပါဘူး။ အင်္ကျီလေးလဲ ပြီးထွက်ပဲ သွားတာ။ သူတို့( စစ်တပ်)ပြထားတဲ့ပုံထဲမှာ နှုတ်ခမ်းလေးတောင်ဖြူလို့။ အလောင်းက အခုထိထုတ်လို့မရသေးဘူး။ ဟိုလွှဲ ဒီလွှဲနဲ့ ကိုယ်တွေလဲ ဘယ်လိုလုပ်လို့ လုပ်ရမှန်းမသိဘူး” ဟု မငွေနှင်းဖြူက ပြောသည်။

ကိုမင်းကိုနိုင်သည် ခြေထောက်တွင်သာ ကျည်ဆန်ဒဏ်ရာ ရရှိထားခြင်းဖြစ်ပြီး တခြားဒဏ်ရာများ မရှိသေးကြောင်း အကြမ်းဖက်ဖြိုခွင်းခံရစဉ်က မြတောင်ကျောင်းအနီး အတူသွားခဲ့သူ ကိုနိုင်မင်းကို၏ သူငယ်ချင်းဖြစ်သူက  ဆိုသည်။ 

ခြေထောက်တွင် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိထားသည့် ကိုနိုင်မင်းကိုအား ဆန္ဒပြပွဲတွင် ပါဝင်သူများက ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ကြစဉ် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကာ ဖမ်းဆီးခံရခြင်းဖြစ်ပြီး စစ်တပ်နှင့် ရဲများက ရိုက်နှက်ကန်ကျောက်ခြင်းကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ထိုသူငယ်ချင်းဖြစ်သူက ပြောသည်။ 

“ကျွန်တော်တို့မှာ ဘာလက်နက်မှ မပါဘူး။ ကျွန်တော်တို့ရောက်ပြီး သိပ်မကြာဘူး။ ဖြိုခွင်းခံရတာ။ သူ့ခြောက်ထောက်မှာ ဒဏ်ရထားတယ်။ ရပ်ကွက်ထဲက လူတွေက ဒဏ်ရာရထားတဲ့သူဆိုပြီး  ဆိုင်ကယ်ပေါ်တင်ပြီးပြီ။ သူတို့(စစ်တပ်နဲ့ရဲ)က ပစ်နေတော့ ဆိုင်ကယ်မောင်တဲ့လူက လန့်ပြီး လီဗာ တအားဆွဲသလိုဖြစ်ပြီး ပြုတ်ကျသွားတာ။ သူတို့က ဇွတ်ဆွဲခေါ်သွားတာ။ အချုပ်ကားနားမရောက်ခင်က သူလမ်းလျှောက်နိုင်သေးတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးမြို့တွင် ယမန်နေ့က ထိုသို့အကြမ်းဖက်ဖြိုခွင်းခံရစဉ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ၏ ပစ် ခတ်မှုကြောင့် အသက် ၂၇ နှစ်အရွယ် ကိုဇော်မျိုးဆိုသူသည် သေဆုံးခဲ့သည်။ လည်ပင်းထုတ်ချင်းပေါက် ကျည်ဆန်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။ 

မန္တလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု များကြောင့် သေဆုံးခဲ့ရသူ အပြစ်မဲ့ပြည်သူ ၁၃ ဦးအထိ ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button