ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (GE) အရာရှိတစ်ဦးနှင့် အလုပ်သမား အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။
သေဆုံးသွားသူများမှာ နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် (၄၅) ကင်းစခန်းမှ ဒုအရာခံဗိုလ် သက်ထွန်းအောင်နှင့် အလုပ်သမားများဖြစ်သည့် အသက် (၁၈)နှစ်အရွယ် မောင်ဌေးဝင်းနှင့် အသက်(၁၇)နှစ်အရွယ် မောင်စံရန်တို့ ဖြစ်ပြီး သေဆုံးသွားသူများ၏ အလောင်းကို ဘူးသီးတောင် တပ်တွင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။
မတ် ၅ ရက် နေ့လယ်ပိုင်းတွင် နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၄၅ ဘက်မှ မောင်တော်မြို့နယ် အောင်ဇံကျေးရွာအုပ်စုသို့ သဲယူရန် ကားဖြင့်သွားစဉ် လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
“ခမောင်းဆိပ်ဘက်ကို မိုင်တိုင် ၄၅ နယ်မြေ(၂) အောင်ဇူဘက်က ကားနဲ့ဆင်းလာတဲ့အခါ လမ်းမှာ ဖြတ်တိုက်ခံရတာပါ” ရဲအောင်စံရဖွေကျေးရွာအုပ်စု၊ ဘောင်းရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထွန်းက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခံခဲ့ရသည်ဟု ကြားသိရကြောင်း ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အဖွဲ့မှာ ARSA ဟုထင်ရကြောင်း ၎င်းက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူ အရပ်သားနှစ်ဦးမှာ မောင်တောမြို့နယ် ရဲအောင်စံရဖွေနှင့် ဇော်မတက်ကျေးရွာအုပ်စု ကိုင်းကြီးကျေးရွာမှ မြိုတိုင်းရင်းသားများ ဖြစ်သည်ဟု သိရသည်။
“အာဆာ (ARSA) က လုပ်တာလို့သိရပါတယ်” ဟု ကိုင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံထွန်းက ပြောသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကမူ ထိုနယ်စပ်ဘက်တွင် ARSA အကြမ်းဖက်အဖွဲ့အစည်းလှုပ်ရှားသည့်နယ်မြေဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းက တိုက်ခိုက်သည်ကို သေချာမသိရကြောင်း ပြောသည်။
“ဘယ်အဖွဲ့အစည်းလဲဆိုတာ သေချာတော့ ဘယ်သိမလဲဗျာ။ အဲဒီဘက်မှာတော့ ARSA လျှပ်ရှားတဲ့ နေရာပဲနော။ အဲဘက်မှာ ဟိုဟာ AA တို့ဘာတို့နဲ့ တိုက်ပွဲဖြစ်တာ ဘာမှမကြားဘူး။ ခဏခဏ ဖြစ်တာကတော့ ARSA က လုပ်နေတာပဲနော”ဟု ဦးစိုးအောင်က ပြောသည်။