
၁၄ : ၂၄ အင်းစိန် ပေါက်တောဝတွင် ဆန္ဒပြသူ ၆ ဦးအဖမ်းခံရ
ယနေ့(မတ် ၆) နံနက် ၁၁ နာရီအချိန်က အင်းစိန်မြို့ပေါက်တောဝ နှင့် အောင်ဇေယျတံထိပ်အနီး ကမ်းနားဘက်ရှိ စစ်ကာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသည့် ပြည်သူများအား စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်ရေး တပ်မ ၇၇ နှင့် ရဲများက အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပြီး ဆန္ဒပြသူ ၆ ဦးအဖမ်းခံရကြောင်း သိရသည်။
ဆန္ဒပြနေသည့် ကျောင်းသားများနှင့် ပြည်သူများအား စစ်တပ်နှင့် ရဲက အသံဗုံး၊ ရာဘာကျည်၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွဲခဲ့သည်။
ဆန္ဒပြပြည်သူများထဲမှ ရှေ့ဆုံးတွင် ဒိုင်းကာတာသည့် လူငယ် ၄ ဦးနှင့် ပြည်သူ ၂ ဦး စုစုပေါင်း ၆ ဦး ဖမ်းဆီးခံရသည်။
၁၄ : ၁၄ မန္တလေး ဈေးချိုတွင် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းနေ
မန္တလေးမြို့ ၃၂ လမ်းနှင့် ၈၆ လမ်းအနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသူများအား စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းနေကြောင်းသိရသည်။
အကြမ်းဖက်ဖြိုခွင်းခံရမှုဖြစ်စဉ်အတွင် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုမူ အတည်မပြုနိုင်သေးပေ။
၁၃ : ၁၀ – ရပ်ကွက်အတွင်းလှည့်လည်ဆန္ဒပြနေကြ
ရန်ကုန်၏ ပင်မလမ်းမများတွင် အာဏာသိမ်း စစ်ကောင်စီ၏ ရဲနှင့်တပ် ပူးပေါင်းအဖွဲ့က ဖြိုခွင်းမှုများပြုလုပ်နေသော်လည်း လူငယ်များက ရပ်ကွက်အတွင်းလမ်းမများတွင် ချီတက်ဆန္ဒပြနေကြသည်။
ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျောက်မြောင်းရှိ လူငယ်များကလည်း သတိပဋ္ဌာန်လမ်းအတိုင်း ချီတက်ပြီး တာမွေမြို့နယ်ရှိ လမ်းမများတွင် စစ်ကောင်စီဆန့်ကျင်ရေး ကြွေးကြော်သံများကို ဆန္ဒပြ ကြွေးကြော် တောင်းဆိုနေကြသည်။

တာမွေတွင် ရပ်ကွက်အတွင်း ဆန္ဒပြချီတက်
၁၂ ၃၀ တောင်ငူသပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများ ပိတ်ဆို့ရန် ကြိုးစား
တောင်ငူမြို့ခံ လူထုသပိတ် စစ်ကြောင်းကို ရဲနှင့် စစ်သားများက ရေကားများဖြင့် ပိတ်ဆို့ပြီးလူစုခွဲရန် ကြိုးပမ်းခဲ့သော်လည်း ဒေသခံများက ၎င်းတို့ကို ပိတ်ဆို့ပေးထားခဲ့သောကြောင့် သပိတ်စစ်ကြောင်းများ ဆက်လက်ထွက်ခွာကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်ဆန္ဒပြခဲ့ကြသည်။

တောင်ငူသပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများ ပိတ်ဆို့ရန် ကြိုးစား
၁၂ : ၁၀ အကြမ်းဖက်ဖြိုခွင်းခံရသည့် စမ်းချောင်းတွင် ဆက်လက်ဆန္ဒပြ
စစ်ကောင်စီ၏ လက်နက်ကိုင်များက ဖြိုခွဲပြီးနောက်ပြန်ဆုတ်သွားသည်နှင့် ဗဟိုလမ်းတစ်လျှောက် ဆန္ဒပြသူများနှင့် ပြန်လည်ပြည့်နှက်သွားခဲ့သည်။ လက်နက်ကိုင်များ လမ်းသွယ်များမှ ခိုးဝင်လာပြီး ဖြိုခွင်းလာနိုင်သည့်အတွက် လမ်းသွယ်အချို့ကို ဆန္ဒပြသူများက ပိတ်ဆို့စောင့်ကြည့်နေကြသည်။

၁၂ ၀၃ ရမည်းသင်း
မန္တလေးတိုင်း၊ ရမည်းသင်းမြို့တွင် ရမည်းသင်းသပိတ်စစ်ကြောင်းအား ရဲများက ပိတ်ဆို့မှု ရှိခဲ့သော်လည်း ဖြိုခွင်းမှု မရှိသေးပေ။
ရွာတန်းတက္ကသိုလ်လူငယ်အဖွဲ့မှ ရမည်းသင်း သပိတ်စစ်ကြောင်းအား အင်အားဖြည့်၍ လာရောက် ပူးပေါင်းခဲ့သည်။

ရမည်းသင်းမြို့ ဆန္ဒပြမှု မတ် ၆
၁၁ : ၅၀ အကြမ်းဖက်ခံရသည့် သာကေတွင် စစ်အာဏာရှင်ကို ဆက်လက်တော်လှန်လျက်ရှိ
ယနေ့နံနက်ပိုင်းက ရန်ကုန်သာကေတမြို့နယ်မှာ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသော်လည်း လူငယ်များသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြန်လည်စုဝေးနေကြပြီဖြစ်သည်။
တစ်ဖက်မှာလည်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကလည်း နောက်တစ်ကြိမ်ထပ်မံဖြိုခွင်းရန် ပြင်ဆင်လျက်ရှိသည်။

သာကေတတွင် ထပ်မံဖြိုခွင်းရန် ကြိုးပမ်းနေ
၁၁ : ၄၀ မြောက်ဥက္ကလာ မေဓာဝီဆေးရုံကို လက်နက်ကိုင်များအထိုင်ချ
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီဆေးရုံ၌ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အင်အားအများအပြာဖြင့် အထိုင်ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်သားများကို မေဓာဝီဆေးရုံအုပ်ကြီး၏ ခွင့်ပြုချက်ဖြင့် အထိုင်ချထားခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်ရေးတပ်မ ၇၇ မှ လက်နက်ကိုင်များဖြစ်ကြောင်း သိရသည်။
မေဒါဝီဆေးရုံရှေ့တွင်လည်း စစ်ကား ၇ စီး၊ ရဲကား တစ်စီး အထိုင်ချထားသည်ဟု မျက်မြင်များက ဆိုသည်။
၁၁ : ၃၀ လွိုင်ကော်ဆန္ဒဖော်ထုတ်မှု
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ယနေ့ ဆန္ဒဖော်ထုတ်နေကြပြီး CDM တွင် ပါဝင်နေသည့် ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအပါအဝင် ဒေသခံများ စုပေါင်း ဆန္ဒထုတ်ဖော်နေကြသည်။ CDM တွင် ကယားမှ ရဲတပ်သား ၂၀ ဦး နှင့် မီးသတ် ၈ ဦး ထပ်မံ ပါဝင်လာသည်ဟု သိရသည်။

လားရှိုးမြို့က သောင်းနဲ့ ချီတဲ့သပိတ်
၁၁ : ၂၈ – ကျဆုံးသွားသည့် ကိုစည်သူရှိန်၏ ဈာပန
စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားသည့် မောင်စည်သူရှိန်(ခ) မြတ်သူရှိန်ဈာပနအခမ်းအနား
၁၀ : ၄၅ လားရှိုးမြို့တွင် ဆန္ဒပြပြည်သူများနှင့် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့တို့ အခြေအနေတင်းမာနေ
ရှမ်းပြည်နယ် လားရှိုးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်တပ်နှင့် ရဲတို့အကြား ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ဥပဒေများကို ရွတ်ပြရင်း လူစုလူဝေးဖြိုခွင်းတော့မည်ဖြစ်ကြောင်း ပြည်သူများကို ကြွေးကြော်နေပြီဖြစ်သည်။
၁၀ : ၃၀ မြင်းခြံ
ယနေ့ ၉ နာရီမှာ စတင်ခဲ့သော မြင်းခြံမြို့ သပိတ်သည် ဖြိုခွင်းခံရမှု မရှိသော်လည်း ဗိုလ်ချုပ်လမ်းတွင် စစ်ကောင်စီ၏ ရဲနှင့်တပ် ပူးပေါင်းအဖွဲ့က လမ်းသွားလမ်းလာများအား တုတ်၊ ဓား လက်နက် ပါမပါ စစ်ဆေးမှုများ လုပ်ခဲ့သည်ဟု သိရသည်။
မတ် ၃ က မြင်းခြံတွင် အကြမ်းဖက်ဖြိုခွင်းခံရပြီး အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရခဲ့သည်။ အဆိုပါနေ့မှာ ဖမ်းဆီးခံရသူ ၆ ဦးကို ၅၀၅ (က) ဖြင့် အမှုဖွင့် တရားစွဲပြီး မတ် ၄ ကတည်းက မြင်းခြံထောင်တွင် ချုပ်နှောင်ထားသည်။
၎င်း ၆ ဦးမှာ ကိုသန့်ဇင်ဦး၊ ကိုဖြိုးကိုကို၊ ကိုကျော်ကျော်နိုင်၊ ကိုစိုးအောင်၊ ကိုမောင်ဦး၊ ကိုရဲမြင့်ဝင်းတို့ ဖြစ်ကြသည်ဟု ဒေသခံများက ပြောသည်။ ###

၁၀ :၂၁ ရွှေပြည်သာမြို့နယ် အဓိကသပိတ် ဘူဒိုဇာများဖြင့် ဖြိုခွဲခံရ
ရွှေပြည်သာမြို့နယ်၏ အဓိကသပိတ်စစ်ကြောင်းဖြစ်သော ထန်းခြောက်ပင်လမ်းဆုံက အကာအရံများအားလုံးကို ယနေ့နံနက် အစောပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ဘူဒိုဇာများဖြင့် ဖြိုဖျက်ပြီး စတင်ဖြိုခွင်းခဲ့သည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အချို့သည် ရပ်ကွက်လမ်းကြားများအတွင်းထိ ဝင်ရောက်ခဲ့မှုများ ရှိသော်လည်း ဖမ်းဆီးခံရသူမရှိသေးပေ။

ရွှေပြည်သာမြို့နယ် အဓိကသပိတ် ဘူဒိုဇာများဖြင့် ဖြိုခွဲခံရ
၁၀ : ၂၀ – နေပြည်တော်၌ ဆန္ဒပြပွဲများပြန်စ
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များ တင်းကျပ်စွာတားဆီးပိတ်ဆို့ထားသည့်ကြားကပင် နေပြည်တော်၊ ပျဉ်းမနားမြို့ မြို့မဈေးရှေ့တွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် လူငယ် ၅၀ဦးခန့်က ဆန္ဒပြခဲ့ကြသည်။ ##
၁၀ : ၁၄ – ဗဟိုလမ်းသပိတ်လူပင်စုခွင့်မရ
အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက် ဆန့်ကျင်ဆန္ဒပြနေသည့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းတွင် သပိတ်စစ်ကြောင်းများလူစုနေစဉ်အတွင်း အသိပေး၊ ပစ်ခတ်၊ ခြောက်လှန့် ပစ်ခတ်ခြင်းမပြုဘဲ စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်စီးနင်း၍ လိုက်လံဖမ်းဆီးနေသည်။ ##
၁၀း၀၀ လားရှိုးမြို့က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့
၀၉ : ၃၀ – စမ်းချောင်းမြို့နယ် သပိတ်စစ်ကြောင်းများဖြိုခွင်းခံနေရ
အကြိမ်ကြိမ်ဖြိုခွင်းမှုများကြားမှ ဆက်လက်ချီတက်နေသည့် ရန်ကုန် စမ်းချောင်း၊ ဗားကရာလမ်းနဲ့ ကျွန်းတောလမ်း ထိုင်သပိတ်မှာ ရဲနှင့်စစ်တပ်ပူးပေါင်းအဖွဲ့က ယနေ့ မနက် အစောပိုင်းကပင် မီးခိုးဗုံး၊ အသံဗုံးများသုံး၍ စတင်ဖြိုခွင်းနေသည်။ ##

ကျွန်းတောလမ်းရှိ အထိုင်သပိတ်စတင်ဖြိုခွင်းခံနေရ
