သတင်း

မိတ္ထီလာ Eleven သတင်းထောက် ခံဝန်ဖြင့် ပြန်လွတ်

မိတ္ထီလာမြို့တွင် စစ်ကောင်စီဆန္ဒပြပွဲ သတင်းယူနေစဉ် အဖမ်းခံရသော Eleven သတင်းထောက် ကိုဝဏ္ဏစိုးအား ယနေ့ မွန်းလွဲပိုင်း၌  ပြန်လွှတ်ပေးခဲ့သည်။ 

မိတ္ထီလာမြို့ပေါ်၌ ပြုလုပ်ခဲ့သော အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ဆန္ဒပြပွဲအား လိုက်လံသတင်းရယူနေသော သတင်းထောက်ကိုဝဏ္ဏစိုးအား ယနေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက ဖမ်းသွားခြင်း ဖြစ်သည်။ 

“လမ်းဘေးမှာရပ်ပြီး ဆန္ဒပြတဲ့လူအုပ်ကို ဓာတ်ပုံရိုက်နေတုန်း ရဲတွေဝိုင်းဖမ်းသွားတာ။ စစ်ကားပေါ်တက်ခိုင်းပြီး ဖုန်းတောင်းတယ်။ ပြီးတော့ အချုပ်ကားပေါ် ပြောင်းတင်ပေးလိုက်တယ်” ဟု ကိုဝဏ္ဏစိုးက ပြောသည်။

ထို့နောက် မိတ္ထီလာမြို့ တပ်မ ၉၉ တပ်အတွင်း ခေါ်ဆောင်သွားခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်း၏ ကိုယ်ရေးအချက်အလက် ရယူကာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ အရ ခံဝန်ကတိလက်မှတ်ရေးထိုးပြီး ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

” မီဒီယာမှန်းသိလို့ ဖမ်းတာမျိုးတော့မဟုတ်ဘဲ လူအုပ်နား ဓာတ်ပုံရိုက်နေတဲ့သူမို့ ဖမ်းတာ။ ပြီးတော့ ဆန္ဒပြတဲ့သူတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သိလို့ ခံဝန်နဲ့ ပြန်လွှတ်လိုက်တာ” ဟု သတင်းထောက် ကိုဝဏ္ဏစိုးက ဆိုသည်။ 

ကိုဝဏ္ဏစိုးအား ဖမ်းဆီးခံနေရသည်ကို အနီးရှိ လက်ဖက်ရည်ဆိုင်အတွင်းမှ ဓာတ်ပုံရိုက်နေသူတစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဆက်ဖမ်းဆီးသွားခဲ့သည်။

အဆိုပါသူကိုလည်း ခံဝန်ဖြင့် ယနေ့ညနေပိုင်း၌ ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။ 

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများကို သတင်းရယူနေသော သတင်းထောက်တချို့ အဖမ်းခံရပြီး မတ် ၅ ရက်အထိ အဖမ်းခံရသူ ၃၂ ဦးအထိ ရှိသည်။ 

ဖမ်းဆီးစဉ် ရိုက်နှက်ခဲ့မှုများပါ ရှိခဲ့ပြီး အချို့မှာ ပြန်လွတ်လာပြီး အချို့မှာမူ အမှုဖွင့်ခံရပြီး ချုပ်နှောင်ခံထားရသည်။ 

ဖမ်းဆီးထားသော သတင်းထောက်ထက်ဝက်ခန့်ကို ပြန်လွှတ်ပေးခဲ့သော်လည်း Myanmar Now သတင်းထောက်အပါအဝင် သတင်းသမား ကိုးဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုကာ အင်းစိန်ထောင်၌ ချုပ်နှောင်ထားသည်။

မူလက အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်သာ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ထောင်ဒဏ်သုံးနှစ်ဟု ပြင်ဆင်လိုက်သည်။ 

ဖမ်းဆီးအမှုဖွင့်ခံနေရသည့် သတင်းထောက်များနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးသတင်းထောက်များက သဘောထားကြေညာချက်ကို မတ် ၂ တွင် ထုတ်ပြန်ခဲ့ရာ ” သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းရယူနေစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်းဖြစ်သည့်အတွက် ရဲတပ်ဖွဲ့အနေဖြင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၇ (က) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ ဖမ်းဆီးနေခြင်းဖြစ်ပါသည်” ဟု ထုတ်ပြန်ခဲ့သည်။ 

ထို့ကြောင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ၎င်းတို့က သဘောထားထုတ်ဖော် ပြောဆိုခဲ့သည်။ 

မြန်မာသံတော်ဆင့်ဂျာနယ်၏ ဧရာဝတီတိုင်းသတင်းထောက် ရဲရင့်ထွန်းမှာ ပုသိမ်မြို့ဆန္ဒပြပွဲ သတင်းယူနေစဉ် ဖေဖော်ဝါရီ ၂၈ က အဖမ်းခံရသည်။

၎င်းကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည်။

၂၀၁၄ ခုနှစ်က ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့သည့် သတင်းမီဒီယာဥပဒေ၊ အခန်း (၃) (သတင်းမီဒီယာသမား များ၏ရပိုင်ခွင့်များ) ပုဒ်မ ၇ (က) တွင် “သတင်းမီဒီယာသမားတစ်ဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူဆန္ဒပြရာ နေရာဒေသတို့၌ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူစဉ်တွင် – လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်းစသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်သောကိရိယာများကို သိမ်းယူခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်” ဟု အတိအလင်း ပြဋ္ဌာန်းထားသည်။

သတင်းလုပ်ငန်းလုပ်ကိုင်သော သတင်းသမားတို့ကို ဖမ်းဆီးနေမှုများနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

လမ်းပေါ်တွင် အဖမ်းခံရသူများသည် ကင်မရာ၊ တယ်လီဖုန်းကဲ့သို့သော လုပ်ငန်းသုံးပစ္စည်းများ လုယက်ခံရပြီးမှ အချုပ်ကားအတွင်း နာရီအတန်ကြာ ထိန်းသိမ်းခံကြရသည်။ 

Related Articles

Back to top button