
ရုပ်သံဗီဒီယိုများ အဓိကလွှင့်တင်ရာ လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သော YouTube က မြန်မာစစ်တပ် ထိန်းချုပ်ထားသော တီဗီလိုင်းငါးခုကို ဖယ်ရှားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။
“ကျွန်တော်တို့ရဲ့ လမ်းညွှန်ချက်တွေနဲ့ လိုက်နာရမယ့် ဥပဒေတွေအရ တီဗီချန်နယ်တွေနဲ့ ဗီဒီယိုတော် တော်များများကို ဖယ်ရှားခဲ့ပါတယ်” ဟု YouTube ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း ယနေ့ (မတ် ၅) နံနက်ပိုင်း Reuters သတင်းက ဆိုသည်။
YouTube ပလက်ဖောင်းမှ ဖယ်ရှားခံခဲ့ရသော တီဗီလိုင်းများတွင် MRTV၊ မြဝတီ၊ မြဝတီ၏ လိုင်းခွဲများဖြစ်သော MWD Variety နှင့် MWD Myanmar လိုင်းများ ပါဝင်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာနှင့် MRTV နှင့် MRTV Live စာမျက်နှာများသည်လည်း Facebook ၏ဖယ်ရှားခြင်း ခံခဲ့ရသည်။
စစ်တပ်နှင့် စစ်တပ်တိုက်ရိုက်စီမံခန့်ခွဲသည့် အစိုးရအဖွဲ့အစည်း၊ သတင်းနှင့် ပြန်ကြားရေးဆိုင်ရာ အဖွဲ့ အစည်းများ၏ စာမျက်နှာများကိုလည်း Facebook တွင်သာမက Instagram မှပါ ဖယ်ရှားခြင်း ခံခဲ့ ရပြီးဖြစ်သည်။