
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စစ်ကျန်ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲပြီး ကလေးနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။
ဒဏ်ရာရရှိသွားသူများမှာ အသက် ၈ နှစ်အရွယ် မောင်ရဲထွန်းနှင့် အသက် ၁၀ နှစ်အရွယ် မောင်လှထွန်းတို့ ဖြစ်ကြသည်။
ယနေ့ မတ် ၄ ရက်နံနက် ၁၀ နာရီခန့်က ၎င်းကလေးငယ် နှစ်ဦးသည် ပဲသဒူကျေးရွာနှင့် တစ်မိုင်ခန့်အကွာသို့ လက်ပံပွင့် ကောက်ရန်သွားစဉ် စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးအား ကောက်ရ၍ ကိုင်တွယ်ခဲ့ရာ ပေါက်ကွဲခဲ့ခြင်းဟု ယူဆကြောင်း မိသားစုဝင်တစ်ဦးဖြစ်သူ ဦးမောင်ဝင်းယဥ်က ပြောသည်။
“သူတို့ညီအစ်ကိုနှစ်ယောက်က လက်ပံပွင့်ကောက်ဖို့ သွားကြတာ။ အဲဒီမှာ အသီးတစ်လုံးတွေ့လို့ ခွဲကြည့်တာလား ၊ ဘယ်လိုလုပ်လိုက်ကြလဲ မသိဘူး” ဟု ၎င်းက ပြောသည်။
ပေါက်ကွဲမှုကြောင့် ၎င်းတို့ကလေး နှစ်ဦး၏ ဦးခေါင်း၊ မျက်နှာနှင့် ခန္ဓာတစ်ကိုယ်လုံးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး မောင်ရဲထွန်းမှာ အဆုတ်ပေါက်ပြဲဒဏ်ရာကြောင့် စိုးရိမ်ရသည့်အတွက် ရသေ့တောင်ပြည်သူ့ဆေးရုံမှ စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း ရသေ့တောင်မြို့မှ ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူ ကိုဘက္ကာက ပြောသည်။
“ညီအစ်ကိုနှစ်ယောက်မှာ ညီဖြစ်သူ ဒဏ်ရာက ပြင်းတယ်။ သူ့ကို အခု စစ်တွေကို ပို့လိုက်ရတယ်။ ရသေ့တောင်မှာ အဆင်မပြေလို့။ အဆုတ်ပေါက်သွားတယ်။ ခေါင်းတွေ၊ ပေါင်တွေ၊ ခန္ဓာကိုယ်တွေမှာ အများကြီးရသွားတယ်” ဟု ကိုဘက္ကာက ပြောသည်။
၎င်းကလေးငယ်နှစ်ဦးမှာ ဗောထီးကိုင်းကျေးရွာမှ ရသေ့တောင်မြို့၊ ပဲသဒူစစ်ဘေးရှောင်စခန်းတွင် လာရောက် ခိုလှုံနေသည့် ဦးချမ်းနှင့် ဒေါ်အောင်မညိုတို့၏ သားနှစ်ဦး ဖြစ်သည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအနီးတွင် ယခင်က မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နေရာများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နှစ်နှစ်တာ စစ်ပွဲဖြစ်ခဲ့သော ရခိုင်ပြည်နယ်တွင် စစ်ကျန်လက်နက်များနှင့် မြေမြှုပ်မိုင်းများကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရရှိမှု အများအပြား ရှိနေခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်တွင် တပ်မတော်က မိုင်းရှင်းလင်းရေးများ လုပ်ဆောင်နေသည်ဟု ပြောဆိုထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ကလည်း ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာမှ လူငယ်သုံးဦးသည် ရွာအနီး နွားကျောင်းနေစဥ် စစ်ကျန်ဗုံးသီးတစ်လုံးအား ကောက်ရပြီး ထုခွဲကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ကာ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး နေရာတွင်ပွဲချင်းပြီးသေဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်ထိ စစ်ကျန်လက်နက်များနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၄၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသွားသူ ၈၀ အနည်းဆုံး ရှိလာနေပြီဟု စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ထံမှ သိရသည်။
ယနေ့ ဒဏ်ရာရရှိသွားသူ ကလေးနှစ်ဦးနှင့်ဆိုလျှင် ရခိုင်ပြည်နယ်တွင် စစ်ကျန်လက်နက်များနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသွားသူ ၄၂ ဦးနှင့် ဒဏ်ရာရရှိသူ ၈၂ ဦးအထိ တိုးလာနေပြီဖြစ်သည်။