
ကိုဝင်းခန့်မောင်တစ်ယောက် ရရှိထားသော ဒဏ်ရာများဖြင့် တုတ်တုတ်မျှမလှုပ်တော့ပေ။ ဒဏ်ရာများက ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ပင်။ တစ်ချက်တစ်ချက်ထွက်ပေါ်လာသော ညည်းညူသံကြောင့်သာ အသက်ရှင်နေဆဲဖြစ်ကြောင်း သိနိုင်သည်။
အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသူ ကိုဝင်းခန့်မောင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ဆန္ဒပြမှုဖြင့် ယမန်နေ့ (မတ် ၃) တွင် ဖမ်းဆီးခဲ့ရသူဖြစ်သည်။ နံနက် ၁၀ ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံအနီး ဆန္ဒပြနေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ကိုဝင်းခန့်မောင်သည် ဖမ်းဆီးခံရပြီးနောက် တစ်နေကုန် အချုပ်ကားပေါ်၌ နေထိုင်ခဲ့ရပြီး ညနေ ၅ နာရီခန့်တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထိုမှ စစ်တပ်နှင့် ရဲများ၏ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သေလုမြောပါးဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
အဖမ်းခံထားရသူများနှင့် ပတ်သက်၍ ည ၁၁ နာရီအချိန်ခန့်တွင် ရွှေပေါက်ကံရဲစခန်းက ပရဟိတကယ်ဆယ်ရေးသမားများကို အကြောင်းကြားခဲ့ရာမှ အရုပ်ကြိုးပြတ်ဖြစ်နေသော ကိုဝင်းခန့်မောင်၏ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
“လက်နက်မဲ့ပါတယ်ဆိုမှ အဲဒီလောက်ကြီး အနိုင်ကျင့်စရာမလိုပါဘူး” ဟု ကိုဝင်းခန့်မောင်၏ မိခင်ဖြစ်သူက မချိတင်ကဲပြောသည်။

ပရဟိတကယ်ဆယ်ရေးသမားများက ရပ်ကွက်ကို အကြောင်းကြားခဲ့ပြီး ထိုမှတစ်ဆင့် မိသားစုဝင်များက သိရှိခဲ့ရခြင်းဖြစ်သည်။
“ဒဏ်ရာက အချက် ၃၀ လောက်ရှိတယ်။ သေနတ်တွေနဲ့ ထုထားတာ။ ခေါင်းကိုတောင် အကိုင်မခံနိုင်ဘူး။ ယောက်ျားအင်္ဂါလည်း ထိထားတယ်။ ခြေထောက်တွေရော အကုန်ပဲ။ လက်မောင်း၊ ဒူးခေါင်းတွေရော အကုန်ထိထားတာ” ဟု ကိုဝင်းခန့်မောင်၏ မိခင်ဖြစ်သူက ပြောသည်။
လက်ရှိတွင် ကိုဝင်းခန့်မောင်ကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ဆရာဝန်များက စောင့်ရှောက်ကုသပေးလျက်ရှိသည်။ လတ်တလော ဆေးရုံပို့ဆောင်နိုင်ခြင်းမရှိသောကြောင့် ရပ်ကွက်ဓမ္မာရုံတစ်ခုထဲတွင် ဖြစ်သလို စောင့်ရှောက်ပေးနေရသည်။
ယမန်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက ကျည်အစစ်များအသုံးပြုကာ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ စလေနှင့် မော်လမြိုင်တို့တွင် လူသေဆုံးမှုများရှိခဲ့ရာ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်သည် အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသည့် မြို့နယ်ဖြစ်သည်။
မြောက်ဥက္ကလာပအဝိုင်းအနီးတွင် ထောင်နှင့်ချီသော လူငယ်များပါဝင်သော ဆန္ဒပြပြည်သူလူထုသည် နံနက်ပိုင်းကတည်းပင် စုစည်းခဲ့ကြသည်။ စစ်တပ်နှင့် ရဲများကလည်း လမ်းမကြီးတစ်လျှောက်ရှိ ဆန္ဒပြပြည်သူများ ရှေ့ဆက်တိုးနိုင်ခြင်း မရှိစေရန် ပိတ်ဆို့ထားခဲ့သည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက မြောက်ဥက္ကလာအဝိုင်းနားတွင်လည်းကောင်း၊ မြောက်ဥက္ကလာအဝင် လမ်းဝခုံးတံတားတွင်လည်းကောင်း နှစ်ဖက်ပိတ်ဆို့ထားခြင်းဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြလိုသော ပြည်သူများက တဖြည်းဖြည်းချင်း နောက်ဆုတ်ပေးနေချိန်တွင် စစ်တပ်နှင့် ရဲများက မပြောမဆို စတင်ဖြိုခွင်းတော့သည်။
“နည်းနည်းချင်း နောက်ဆုတ်ပေးလိုက်တယ်။ ပြည်သူတွေဝိုင်းထားတော့ တောင်းဆိုလို့ရမယ် ထင်ထားတာ။ အဲဒီအချိန်မှာ မထင်မှတ်ဘဲနဲ့ ရဲက တရကြမ်း၊ စစ်ကားတွေ ဆင်းလာတယ်ဆိုတဲ့ သတင်းကြားရတယ်။ ၅ မိနစ်လောက်မှာ ရောက်လာပြီး ချက်ချင်းကို ပစ်ခတ်တာ။ မီးခိုးဗုံးတွေပစ်တယ်။ ရာဘာကျည်တွေနဲ့ ပစ်တယ်” ဟု သပိတ်စစ်ကြောင်းခေါင်းဆောင်လူငယ်တစ်ဦးက ဆိုသည်။
မီးခိုးဗုံး ၅ လုံးခန့် ပစ်ခတ်ဖြိုခွင်းခဲ့သော်လည်း ဆန္ဒပြလူထုမှာ ပြိုကွဲသွားခြင်း မရှိသဖြင့် စစ်တပ်နှင့် ရဲများက ထပ်မံ၍ မျက်ရည်ယိုဗုံးများဖြင့် တရစပ် စတင်ပစ်ခတ်တော့သည်ဟု ဆိုသည်။ ထို့နောက်တွင် ကျည်ဆန်အစစ်များပါ အသုံးပြုပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ဆန္ဒပြလူငယ်များသည် ရပ်ကွက်လမ်းကြားများအတွင်း ပြေးဝင်ကာ ပုန်းခိုရန် ကြိုးစားခဲ့ရသည်။ စစ်တပ်နှင့် ရဲများကလည်း ရပ်ကွက်အတွင်းသို့ပင် လိုက်လံဖမ်းဆီးခဲ့သည်။
“ပုန်းခိုခွင့်ပေးတဲ့အိမ်က လူတွေကိုပါ ရိုက်တာ။ နွယ်နီ ၆ လမ်းက အိမ်တွေထဲ ဆန္ဒပြတဲ့သူတွေ ဝင်ပြေးတော့ အဲဒီအိမ်တွေထဲအထိ လိုက်ရိုက်တာ။ ရုန့်ရင်းကြမ်းတမ်းတာတွေ ပြောတယ်။ မင်းတို့ မြောက်ဥက္က လာသမိုင်း ဘာလဲဆိုပြီးတော့ ပြောပြောပြီး ရိုက်တယ်။ သေနတ်တွေနဲ့ ရိုက်တယ်။ စစ်ဖိနပ်တွေနဲ့ ကန်တယ်” ဟု ဆန္ဒပြသပိတ်ခေါင်းဆောင်တစ်ဦးက ပြန်ပြောင်းပြောပြသည်။
ထိုသို့ပုန်းအောင်နေစဉ် လိုက်လံဖြိုခွင်းသူ စစ်တပ်နှင့် ရဲများ အချင်းချင်းပြောဆိုသည်များကိုလည်း အတိုင်းသားကြားသိခဲ့ရသည်ဟု ဆိုသည်။
“မင်းတို့တွေ မပစ်ရဲဘူးလား။ ဘာကြောက်စရာရှိလဲ။ အကုန်ပစ်၊ သတ်ပစ်လိုက် ဘာမှမဖြစ်ဘူးလို့ ပြောနေတာတွေ ကြားရပါတယ်။ သူတို့က ရာဘာကျည်တွေရော၊ ကျည်အစစ်တွေရော သုံးတယ်။ အဓိက သူတို့ဖြစ်စေချင်တာ လူထုကို သွေးကြွအောင် လုပ်ခဲ့တယ်။ လေးခွတွေနဲ့ စပစ်တာပါ။ လူထုက မခံနိုင်လို့ ပြန်ပြောတော့မှ ရာဘာကျည်၊ ကျည်အစစ်တွေနဲ့ ပစ်တာ” ဟု ထိုသို့ကြားခဲ့ရသူ သပိတ်ခေါင်းဆောင်က ပြောသည်။
မြောက်ဥက္ကလာပအဝိုင်းအနီးက အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်သည် နံနက် ၁၁ နာရီခွဲခန့်တွင် စစ်တပ်နှင့် ရဲများ၏ အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းခြင်းကို ခံခဲ့ရပြီးနောက် ဆန္ဒပြသူသုံးဦး ဖမ်းဆီးခံခဲ့ရသည်။
ထိုသို့ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသော်လည်း ပြည်သူလူထုသည် အလျှော့ပေးခြင်းမရှိဘဲ ပြန်လည်စုရုံးခဲ့ကြသည်။ စစ်တပ်နှင့် ရဲများ အလွယ်တကူ ဝင်ရောက်လာနိုင်ခြင်း မရှိစေရန် မြောက်ဥက္ကလာအဝင် လမ်းဝခုံးတံတားအနီးတွင် ကားတာယာများကို လမ်းပေါ် စုပုံချထားကာ အတားအဆီးပြုလုပ်ခဲ့ကြသည်။

နေ့လယ် ၁ နာရီအချိန်တွင် စစ်တပ်နှင့် ရဲများက ဆန္ဒပြပြည်သူများ အတားအဆီးပြုလုပ်ထားသည့် ကားတာယာများကို မီးရှို့ဖျက်ဆီးကာ စတင်အကြမ်းဖက်ဖြိုခွင်းတော့သည်။ ထိုအကြမ်းဖက်ဖြိုခွင်းမှုအတွင်း လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။
အသက် ၁၉ နှစ်အရွယ် ကိုထက်အောင်ဆိုသူ လူငယ်လေးမှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ရင်း အသက်စတေးခဲ့ရသည်။ သေနတ်ကျည်ဆန် ထိမှန်သဖြင့် ရင်ဘတ်ပွင့်ကာ သေဆုံးသွားခြင်းဖြစ်သည်ဟု လက်ခံကုသပေးခဲ့သူ ဆရာဝန်က ဆိုသည်။
ထိုအကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း အသက် ၂၀ အရွယ် လူငယ်တစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရသည်။ မင်းဦးဆိုသူ ထိုလူငယ်မှာ ဆီးခုံတွင် ရရှိသော သေနတ်ဒဏ်ရာဖြင့် ဆေးရုံရောက်ပြီး ညနေပိုင်းတွင် သေဆုံးခဲ့သည်။
မြောက်ဥက္ကလာအဝင် ခုံးတံတားအနီးတွင် ထိုသို့ အကြမ်းဖက်ဖြိုခွင်းပြီးနောက် ထွက်ပြေးသူများကိုလည်း လိုက်လံဖမ်းခဲ့သည်။ ထိုနေရာတွင် လူငယ် ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး စစ်ကားသုံးစီးဖြင့် ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိခဲ့ရသူ ရန်ကုန်နာရေးကူညီမှုအသင်းမှ အရေးပေါ်ကယ်ဆယ်ရေးသမား ကိုရဲကျော်သူက ပြောသည်။
ဖမ်းဆီးခံလိုက်ရသည့် လူငယ်များကို ပြန်လွှတ်ပေးရန် ရပ်ကွက်နေပြည်သူများက လိုက်လံတောင်းဆိုရာတွင် စစ်တပ်နဲ့ ရဲများက ထပ်မံအကြမ်းဖက်တိုက်ခိုက်ခဲ့သည်။
“ကျောင်းသားတွေကို ပြန်ပေး၊ ပြန်ပေးဆိုပြီး တောင်းတော့ တံတားထိပ်ကနေ ဆီးပြီးပစ်တာ။ ပထမတော့ သူတို့ ရာဘာကျည်နဲ့ ပစ်တယ်။ အသံဗုံးခွဲတယ်။ လူစုကွဲသွားတော့ သူတို့က တောက်လျှောက်စက်သေနတ်နဲ့ ဆွဲတာ။ ရှေ့ကို တက်သွားတဲ့ ကလေးတွေ အကုန်လုံးက ထွေးခနဲ.. ထွေးခနဲ ပြုတ်ကျတာ” ဟု ကိုရဲကျော်သူက ပြောသည်။

ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုသူများကို စစ်သားများက ကားပေါ်မှ ဆင်းကာ ပုံစံတကျ နေရာယူလျက် ဆီမီးအော်တိုသေနတ်များဖြင့် တရစပ်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
စစ်သားများက အဓိကရုဏ်းနှိမ်နင်းရေးတွင် အသုံးပြုလေ့မရှိသော စစ်ပွဲသုံးသေနတ်များဖြင့် လက်နက်မဲ့ ဆန္ဒပြပြည်သူများကို စစ်မြေပြင်ပမာ အကြမ်းပတမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဗုန်း… ဗုန်း… ဗုန်းနဲ့ အသံကြားတော့ ဝပ်.. ဝပ်.. လို့ ပြောတုန်းရှိသေးတယ်။ ရှေ့က လူတွေက ကျကုန်ပြီ။ ဆက်မလိုက်နိုင်အောင် မျက်ရည်ယိုဗုံးတွေခွဲခဲ့တာ။ ပစ်တာက ၅ မိနစ်လောက်ပဲ ကြာတယ်။ စက်သေနတ်နဲ့ ဆွဲဆိုတော့။ အသံမိုင်းတွေ၊ မျက်ရည်ယိုဗုံးတွေခွဲပြီး ပြန်မောင်း (စစ်ကားများ) ထွက်သွားတာ” ဟု ကိုရဲကျော်သူက ပြောသည်။
ထိုသို့ လူမဆန်စွာပစ်ခတ်ခံရပြီးနောက် ဒဏ်ရာရရှိသူ ၈ ဦးကို နီးစပ်ရာဆေးကုပေးနိုင်မည့် နေရာသို့ ကိုရဲကျော်သူကိုယ်တိုင် ပို့ဆောင်ပေးခဲ့ရသည်။
ဗုဒ္ဓဟူးနေ့ဖြစ်သည့် ယမန်နေ့က မြောက်ဥက္ကလာနေပြည်သူများ မြင်တွေ့ခဲ့ရသည်များက တစ်သက်မမေ့နိုင်စရာဖြစ်သည်။ လူမှုကွန်ရက် စာမျက်နှာများပေါ် ရောက်ရှိလာသည့် CCTV မှတ်တမ်းတစ်ခုအရ အရေးပေါ်လူနာတင်ယာဉ်ပေါ်လိုက်ပါလာသော ကူညီကယ်ဆယ်ရေးဝန်ထမ်းသုံးဦးကို ၁၀ ဦးထက်မနည်းသော ရဲများက ဝိုင်းဝန်းရိုက်နှက်ခဲ့ပုံမှာ အရက်စက်အကြမ်းကြုတ်ဆုံးသော အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုပင်ဖြစ်သည်။
ထိုလူနာတင်ယာဉ်ဝန်ထမ်းသုံးဦးကို အထိုင်ခိုင်းကာ ရဲများက သေနတ်ဒင်ဖြင့် စိတ်ရှိလက်ရှိ ရိုက်နှက်ကြသည့်အပြင် ခြောက်ထောက်များဖြင့်လည်း ကန်ကျောက်နေကြပုံမှာ လူစိတ်ပျောက်နေသည့်အလားပင်။
စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မြောက်ဥက္ကလာပမြို့နယ်တွင် နေ့ခင်းဘက်၌သာမက ညပိုင်းတွင်ပါ လာရောက်ဖြိုခွင်းခဲ့သည်။ ည ၁၁ နာရီကျော်ခန့်တွင် စစ်ကားအစီး၂၀ ခန့် မြောက်ဥက္ကလာပမြို့နယ်အတွင်း မောင်းဝင်လာပြီး လမ်းတလျှောက်တွင် သေနတ်များပစ်ဖောက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ကားအစီး ၂၀ အနက် ၁၆ စီးမှာ မြောက်ဥက္ကလာပမြို့နယ်နှင့် ဆက်စပ်နေသည့် မြောက်ဒဂုံဘက်သို့ မောင်းနှင်သွားခဲ့ပြီး ကျန်စစ်ကားလေးစီးက ရွှေပေါက္ကံဘက်သို့ မောင်းနှင်သွားခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။
မြောက်ဒဂုံဘက်သွားသည့် စစ်ကား ၁၆ စီးခန့်သည် ရန်ကုန်နာရေးကူညီမှုအသင်းရုံးကို ဝင်ရောက်စီးနင်းခဲ့သည်။ ထိုလက်နက်ကိုင်များ၏ အကြမ်းဖက်ဝင်ရောက်စီးနင်းမှုကြောင့် နာရေးကူညီမှုအသင်းပိုင် ရုံးခန်းပစ္စည်းများ ပျက်စီးခဲ့သည့်အပြင် အသင်းသား ၁၀ ဦးသည်လည်း ရိုက်နှက်ခံရကာ ဒဏ်ရာရရှိခဲ့သည်။

ရွှေပေါက္ကံဘက် ဦးတည်မောင်းနှင်သွားသည့် စစ်ကားလေးစီးသည် နေ့ခင်းဘက်က ဖမ်းဆီးထားသူများအနက် အစွမ်းကုန်ညှဉ်းပန်းနှိပ်စက်ခံထားရသူများ ၈ ဦးကို ရွှေပေါက်ကံရဲစခန်းရှေ့တွင် လာရောက်ချထားခြင်းဖြစ်သည်ဟု ထိုနေရာသို့ သွားရောက်ကာ ဒဏ်ရာရရှိခဲ့သူများကို ကယ်ဆယ်ခဲ့သူ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။
“စစ်ကားတွေက လမ်းကြောင်းရှင်းတဲ့အနေနဲ့ လမ်းတွေကို ပစ်သွားတယ်။ ခေမာသီဘက်က ဝင်လာတယ်ဆိုရင် ဝေပုလ္လတစ်ချက်ပစ်တယ်။ မေဓါဝီလမ်းဘက်ကို တစ်ချက်ပစ်တယ်။ လူတွေထွက်မလာအောင် ပစ်တာ။ ဒဏ်ရာရနေတဲ့ လူ ၈ ယောက်ကို ရွှေပေါက္ကံရဲစခန်းရှေ့ ချခဲ့တယ်” ၎င်းက ဆိုသည်။
ထိုသို့ပစ်ချခံခဲ့ရသူ ၈ ဦးတွင် အသက် ၁၈ နှစ်အရွယ် ကိုဝင်းခန့်မောင်လည်း ပါဝင်ခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်၌ ရာဘာကျည်ဖြင့် ပစ်ခတ်ခံထားရသည့် ဒဏ်ရာ အချက် ၃၀ ထက်မနည်း ရရှိထားသည်ဟု ကုသပေးနေသည့် ဆရာဝန်က ဆိုသည်။
“လူနာက ဆန္ဒပြပွဲဖြိုခွင်းလို့ ထွက်ပြေးလို့ရတဲ့ ဒဏ်ရာမဟုတ်ဘူး။ တမင်သက်သက် အဖမ်းခံရတဲ့အချိန်မှာ ညှဉ်းပန်းနှိပ်စက်ပြီးတော့ တမင်သက်သက်ပစ်တဲ့ဒဏ်ရာတွေ။ အဖမ်းခံရတဲ့အချိန်မှာ ဝိုင်းပြီးနှိပ်စက်တယ်။ သေနတ်နဲ့ ဝိုင်းပြီးတော့ တည်ပစ်ကြတာ။ အဲဒါကြောင့် ဒဏ်ရာတွေများတာ” ဟု အဆိုပါ ဆရာဝန်က သုံးသပ်သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ထိုသို့သော ဆင့်ကဲဆင့်ကဲ အကြမ်းဖက်ဖြိုခွင်းခံရမှုများကြောင့် ယနေ့ညနေပိုင်းအထိ သေဆုံးသူ ၈ ဦးဟုသာ အတည်ပြုနိုင်သေးသော်လည်း ဒဏ်ရာရရှိသူ ၇၃ ဦးရှိပြီး ပျောက်ဆုံးနေသူအများအပြားရှိနေကြောင်း သက်ဆိုင်ရာဆရာဝန်များက အတည်ပြုထားသည်။
ယမန်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၃၈ ဦးရှိခဲ့ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူက ထုတ်ဖော်ပြောကြားထားသည်။