သတင်း

ဗုဒ္ဓဟူးနေ့​တွင် ၃၈ ဦး သေဆုံးခဲ့ကြောင်း ကုလတာဝန်ရှိသူပြော 

မြန်မာနိုင်ငံတွင် ယမန်နေ့ (မတ် ၃) တစ်နေ့တည်း၌ပင် လူ ၃၈ ဦးသေဆုံးခဲ့ပြီး စစ်တပ်က အာဏာသိမ်း ပြီးမှစ၍ သွေးအစွန်းဆုံးနေ့ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောကြားသည်။ 

မြန်မာနိုင်ငံ၏ အခြေအနေသည် ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေပြီး တကယ့်စစ်ပွဲဆီကို ဦးတည်သွားနိုင်ပြီး ကုလသမဂ္ဂနှင့် ကုလလုံခြုံရေးကောင်စီအနေဖြင့် ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း ၎င်းက သတိပေးပြောကြားလိုက်သည်။

ယမန်နေ့တွင် ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ စလင်း၊ မုံရွာနှင့် မော်လမြိုင်တို့တွင် လူသေဆုံးသည်အထိ ပစ်ခတ် ဖြိုခွင်းခံခဲ့ရပြီး သေဆုံးသူအများစုမှာ အသက် ၂၀ ဝန်းကျင် လူငယ်များအများစုဖြစ်ကာ ဦးခေါင်းကို ရည်ရွယ် ချက်ရှိရှိဖြင့် အဓိကချိန်ရွယ်ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ 

မန္တလေးမြို့ တွင် ယမန်နေ့နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး တပ်ပေါင်းစုသပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် နှစ်ဦးသေဆုံးခဲ့သည်။ သေဆုံးသူနှစ်ဦးအနက် အသက် ၁၉ နှစ်အရွယ် ကြည်စင်အမည်ရှိ မိန်းကလေးငယ်မှာ ဦးခေါင်းကို ကျည်ဆန် ထိမှန်ပြီး နေရာမှာပင် သေဆုံးခဲ့ရခြင်းဖြစ်သည်။ 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများ က အင်အားသုံးဖြိုခွင်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။ သေဆုံးသူမှာ အသက် ၂၂ အရွယ် ဇင်ကိုကိုသော်ဖြစ်ပြီး သေနတ်ပစ်ခံရမှုကြောင့် ဦးခေါင်းပွင့်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူများကို ကုသပေးခဲ့သူ ဆရာဝန်က အတည်ပြုသည်။ 

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာတွင်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အကြမ်း ဖက်ပစ်ခတ်ဖြို ခွင်းခဲ့ရာ အနည်းဆုံး ၇ ဦးမနည်းသေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ 

ယမန်နေ့ညနေပိုင်းအထိ သေဆုံးသူများအနက် ၅ ဦးကိုသာ အလောင်းလက်ဝယ်ရရှိခဲ့ပြီး ကျန်သေဆုံးသူများကို အတည်ပြုနိုင်ခြင်း မရှိပေ။ သေဆုံးသူ ငါးဦးအနက် သုံးဦးမှာ မျက်နှာ၊ နားထင်နှင့် ရင်အုံကို ကျည်ဆန် ထိမှန် ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွက် အသက် ၂၆၊ ၂၃ နှင့် ၁၇ အရွယ် လူငယ်များပါဝင်သည်။

ယမန်နေ့ (ဗုဒ္ဓဟူး) တွင် မကွေးတိုင်း စလင်းနှင့် မွန်ပြည်နယ် မော်လမြိုင်တွင်လည်း အသက် ၁၉ နှစ်အရွယ် လူငယ်နှစ်ဦး သေဆုံးခဲ့ရသည်။ စလင်းမြို့တွင် တက္ကသိုလ်ပထမနှစ်ဖြေဆိုထားသူ အောင်မြင့်မြတ်ဖြစ်ပြီး မော်လမြိုင်တွင် သေဆုံးခဲ့သူမှာ မောင်ထက်ဝေထူးဖြစ်ပြီး ဦးနှောက်အတွင်း ကျည်ဆန်ဖောက်ဝင်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်မြောက်ဥက္ကလာပမြို့နယ်တွင် စစ်အာဏာရှင်၏ လက်နက်ကိုင်တပ်ဖွဲ့များက ညပိုင်းအထိ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် လူ ၂၀ ထက်မနည်းသေဆုံးခဲ့ရသည်။ လမ်းဝခုံးတံတားအနီးတွင် အကြမ်းဖက်ဖြို ခွင်းခံရပြီးနောက် ကျည်အစစ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့ရသူနှစ်ဦးမှာ အသက် ၁၉ နှင့် ၂၀ အရွယ် မောင် ထက်အောင်နှင့် မင်းဦးဆိုသူဟု လက်ခံကုသပေးခဲ့သူ ဆရာဝန်တစ်ဦးက အတည်ပြသည်။ 

ယမန်နေ့လယ်ပိုင်းမှ ညပိုင်းအထိ မြောက်ဥက္ကလာပမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များက အကြိမ်ကြိမ် ဝင်ရောက်ပြီး ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ရာ အရေအတွက်နှင့် အသေးစိတ် အချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း မြောက်ဥက္ကလာပ ဆေးရုံကို ယနေ့ နံနက်ပိုင်းအထိ သေနတ်ဒဏ်ရာဖြင့် လူနာများ ရောက်လာဆဲ ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button