သတင်း

တိုက်ရိုက်တင်ဆက်မှု – မတ် ၄

၁၅ : ၃၀ အင်းစိန် ပေါက်တောဝ လူစုခွဲ

ရန်ကုန်မြို့ အင်းစိန်ပေါက်တောဝ သပိတ်ကို ဖြိုခွင်းမှုများမရှိသော်လည်း စစ်သားနှင့်ရဲများက လာရောက်စောင့်ကြည့်နေခဲ့သည်။  ယနေ့ ညနေ သုံးနာရီခွဲခန့်တွင် ထောင်ချီသော ဆန္ဒပြသူများ က လူစုခွဲလိုက်ကြသည်။

၁၅ : ၀၀ ဆားလင်းကြီး

ယမန်နေ့ မတ် ၃ ရက်က မန္တလေးတွင် စစ်အာဏာရှင်တော်လှန်ရေးတွင် ကျဆုံးသွားသူ နှစ်ဦး အနက် တစ်ဦးမှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ဆုံတားကျေးရွာမှ မောင်မျိုးနိုင်လင်း(ခ) ဖိုးလင်း ဖြစ်ပြီး ၄င်း၏ဈာပနအခမ်းအနားကို ယနေ့ မတ် ၄ နေ့လယ်ပိုင်းတွင် ဇာတိကျေးရွာတွင် ပြုလုပ်ခဲ့ကြသည်။

၁၄ : ၄၀ ကန်သာယာသပိတ် 

မြောက်ဥက္ကလာ ကန်သာယာသပိတ် ယခုအချိန်တွင် ဆန္ဒပြနေသူများသည် တဖြည်းဖြည်း လူစုခွဲနေပြီ ဖြစ်သည်။ 

၁၄ : ၃၀ သင်္ဃန်းကျွန်း အခြေအနေ

ယနေ့ မတ် ၄ တွင် မွန်းတည့် တစ်နာရီခွဲခန့်က ရန်ကုန်မြို့ ၊သင်္ဃန်းကျွန်း၊ လေးထောင့်ကန်လမ်းပေါ်မှ ဘဝမြင့်ထိုင်သပိတ်ကို ရဲ၊ စစ်တပ်အင်အားဖြင့် အတားအဆီးများဖယ်ကာ လူစုခွဲခဲ့သော်လည်း ဘုရားလမ်းရှိ ထိုင်သပိတ်မှာ ဆက်လက်အင်အားကောင်းနေဆဲ ဖြစ်သည်။

သင်္ဃန်းကျွန်း ဘဝမြင့် အခြေအနေ

အတားအဆီးခံတပ်များဖြင့် သပိတ်ကြောင်းကို ကာကွယ်နိုင်ရန် ပြင်ဆင်မှုများ ဆက်လက် ပြုလုပ်လျက်ရှိသည်။ ###

သင်္ဃန်းကျွန်းမြို့နယ် မတ် ၄

၁၄ : ၀၀ မန္တလေး 

မန္တလေးမြို့တွင် သံဃသမဂ္ဂစစ်ကြောင်းသည် ၃၅ လမ်းအတိုင်း ယခု မွန်းတည့်အချိန်၌ ဆက်လက်ချီတက် ဆန္ဒပြနေကြသည်။ 

မန္တလေး မတ် ၄

၁၃ :၂၁ ဗဟိုလမ်းသပိတ် ဖြိုခွင်းပြီး ရဲနှင့်စစ်သား ၁၀၀ ကျော် 

ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် စမ်းချောင်းမြို့နယ် ဗဟိုလမ်းသပိတ်ဖြိုခွင်းခံရပြီး ရဲနှင့် စစ်သား ၁၀၀ ကျော်က ဆန္ဒပြသူများကို လိုက်လံရှာဖွေဖမ်းဆီးရန် ကြိုးစားနေသည်။ အနီးရှိ ကျွန်းတောလမ်းသပိတ်ကိုပါ ဖြိုခွင်းရန်လည်း ကြိုးပမ်းနေကြသည်။

စမ်းချောင်း ဗဟိုလမ်း မတ် ၄

၁၃ :၂၀ အနော်ရထာလမ်း

ရန်ကုန်မြို့၊ အ‌နော်ရထာလမ်းပေါ်က သပိတ်စစ်ကြောင်းကို အသံဗုံးအပါအဝင် သေနတ် ၁၆ ချက် ခန့်ပစ်ပြီး လူစုခွဲထားသည်။

၁၃ :၂၀ အင်းစိန်ပေါက်တောဝ တပ်မ ၇၇ ရောက်ရှိ

အင်းစိန်ပေါက်တောဝ အခြေအနေ တင်းမာလာနေပြီး တပ်မ ၇၇ ရောက်ရှိလာကာ ဆန္ဒပြပြည်သူ သောင်းချီက  နောက်ဆုတ်လိုက်သော်လည်းလူစုမခွဲဘဲ ဆက်လက်ဆန္ဒပြနေသည်။

၁၃ : ၁၀ မြောက်ဥက္ကလာ ကန်သာယာ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံသပိတ်စခန်း အဝင် သုဓမ္မာလမ်းထိပ်တွင် ရဲနှင့်စစ်သားများ အလွယ်တကူ မဝင်ရောက်နိုင်စေရန် ဆန္ဒပြပြည်သူများက PVC လေးပေ ပိုက်လုံးကြီးများဖြင့် ပိတ်ဆို့ထားခဲ့ကြသည်။  

မြောက်ဥက္ကလာ ကန်သာယာ မတ်-၄

၁၃ : ၀၀ ဗားကရာသပိတ် ဖြိုခွင်းခံနေရ 

စမ်းချောင်း မြို့နယ်၊ ဗားကရာလမ်းနှင့် ကျွန်းတောလမ်းထောင့်ရှိ ဗားကရာ သပိတ်ခံတပ်ကို ရဲနှင့်စစ်တပ်က စတင်ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။ 

၁၂ : ၁၀ တောင်ငူအခြေအနေ

စစ်တပ်များရှိသော ပဲခူးတိုင်း တောင်ငူမြို့တွင် ရဲများ၊ စစ်သားများ စောင့်ကြည့်လျက်ရှိသော်လည်း မြို့ခံများက ယနေ့ ဆက်လက်ဆန္ဒပြနေကြပြီး ပိတ်ဆို့မှု၊ ဖြိုခွင်းမှု မရှိခဲ့ပေ။ ###

တောင်ငူ ဆန္ဒပြမှု မတ် ၄

၁၂ : ၀၀ ရန်ကုန် ဗိုလ်ချုပ်လမ်း

ယမန်နေ့က ရဲနှင့်စစ်သားများ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြသူ အများအပြား သေဆုံးမှုများရှိခဲ့သော်လည်း လူငယ်များဦးဆောင်သော ဆန္ဒပြသူ ၆၀၀ ခန့်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင်  ရဲရဲရင့်ရင့် ဆန္ဒပြလျက်ရှိသည်။

“ဒီမိုကရေစီ ရရှိရေး ဒို့အရေး” “အရေးတော်ပုံ အောင်ရမည်” “၈၈ က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့” စသဖြင့် သံပြိုင်ဟစ်ပြီး ကြွေးကြော်လျက်ရှိသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ အလွယ်တကူ မလာရောက်နိုင်ရန်လည်း ခံတပ် အမျိုးမျိုး ကာရံထားသည်။

 ဗိုလ်ချုပ်လမ်းမပေါ် မတ်-၄

၁၁ : ၃၅ မြောက်ဥက္ကလာတွင် သေဆုံးသူများအတွက် ဂုဏ်ပြုဆုတောင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ (မတ် ၃) က စစ်ကောင်စီလက်နက်ကိုင်များ ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုအတွင်း ကျဆုံးခဲ့ရသူများအတွက် ကျောက်ရေတွင်းတံတား အဆင်း၌ ယာယီအထိမ်းအမှတ်နေရာ ပြုလုပ်ကာ ပြည်သူများက ယနေ့ မတ် ၄ တွင် ဂုဏ်ပြုဆုတောင်းခဲ့ကြသည်။

မြောက်ဥက္ကလာတွင် ကျဆုံးခဲ့သူများအတွက် အထိမ်းအမှတ်ဂုဏ်ပြု

၁၁ : ၃၂ မုံရွာ ကျဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်လုပ်

မုံရွာမြို့တွင် ယမန်နေ့ မတ် ၃ က  ရဲနှင့်စစ်သားများ ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူ ၉ ဦးအတွက် ဂုဏ်ပြုဦးညွှတ်ခြင်းနှင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ယနေ့ မတ် ၄ နံနက်ပိုင်း က ပြုလုပ်ခဲ့ကြသည်။ ###

၁၁: ၃၀  ကျဆုံးသူများအတွက် ဗဟိုလမ်းတွင် တစ်မိနစ်ငြိမ်သက်

တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများကို ဂုဏ်ပြုသည့်အနေဖြင့် စမ်းချောင်းမြို့နယ် ဗဟိုလမ်းသပိတ်ရှိ ဆန္ဒပြသူများက ၁ မိနစ် ငြိမ်သက်ခဲ့ကြသည်။ 

စမ်းချောင်း ဗဟိုလမ်း မတ် ၄

၁၁ : ၂၅ ပေါက်တောဝတွင် ဆန္ဒပြသူတိုးလာ

ရန်ကုန်မြို့၊ အင်းစိန်ပေါက်တောဝသပိတ်၌ လက်ရှိအချိန်တွင် ခံတပ်စည်း လေးခုမှ ဆန္ဒပြနေသူ ဦးရေ ထောင်ချီ ထပ်တိုးလာကြောင်း တွေ့ရသည်။

အင်းစိန် ပေါက်တောဝ မတ် ၄

၁၁ : ၁၅ ဗဟိုလမ်း သပိတ်

စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနှင့် ပဒုမ္မာလမ်းသပိတ်ဖြိုခွဲခံရသော်လည်း ဗဟိုလမ်း သပိတ်မှာ ယခုအချိန်ထိ ဆက်လက်အားကောင်းဆဲဖြစ်သည်။

စမ်းချောင်း ဗဟိုလမ်း မတ် ၄

၁၁ : ၀၆ အင်းစိန်ပေါက်တောဝ စစ်အာဏာရှင်ဆန့်ကျင်ရေး

ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၀ နာရီခန့်မှစ၍ အင်းစိန် ပေါက်တောဝရှိ ရပ်ကွက်အသီးသီးရှိလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည်။

ယမန်နေ့ ညနေပိုင်းက စစ်သားများမှ အင်းစိန်ဈေးရှိ  မီးရထားဝန်ထမ်းသပိတ်စခန်းနှင့်  ပြည်သူ့အထိုင်သပိတ်စခန်း ၂ ခုကို ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူများကို ရပ်ကွက်အတွင်းထိ လိုက်လံဖမ်းဆီးခဲ့သည်။

ထို့ကြောင့် ပေါက်တောဝရှိ လူငယ်များက လက်နက်ကိုင် စစ်လုံထိန်းများ အလွယ်တကူ မဝင်ရောက်လာနိုင်ရေးအတွက် ဘုရင့်နောင်လမ်းမကြီးကို ကွန်တိန်နာကား နှစ်စီးဖြင့် ကန်လန့်ဖြတ် ပိတ်ထားလိုက်သည်။ ##

၁၁ : ၀၀ မုံရွာ အခြေအနေ

ယမန်နေ့က ရဲနှင့်စစ်သားများ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့သော မုံရွာမြို့ တွင် လူစုလူဝေးဖြင့် ဆန္ဒပြနေသည်ကို ယနေ့ နံနက် မတွေ့ရှိရသော်လည်း လမ်းများ၊ ရပ်ကွက်များ အလိုက် ဆန္ဒပြနေသည်ဟု ဒေသခံများထံမှ သိရသည်။ ##

၁၀း၅၅ တောင်ဥက္ကလာမြို့နယ်

တောင်ဥက္ကလာမြို့နယ် မေတ္တာလမ်းပေါ်က သပိတ်စစ်ကြောင်းအခြေအနေပဲဖြစ်ပါတယ် ရဲအင်အားအများအပြား ကြားကနေပဲ ပြည်သူတွေဟာ စစ်ကောင်စီကိုဆန့်ကျင်နေကြပါတယ်

၁၀ ၄၀ မြင်းခြံ ပိတ်ဆို့မှုမရှိ

ယမန်နေ့က ပစ်ခတ်မှုဖြစ်ပြီး လူ တစ်ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့သော်လည်း မြင်းခြံမြို့သည် ယနေ့ လူအင်အား သိန်းဂဏန်းခန့်ဖြင့် ဆန္ဒပြခဲ့ကြပြီး ၁၀ နာရီခွဲခန့်တွင် သပိတ်ကို လူစုခွဲလိုက်သည်။ လတ်တလောတွင် ရဲများ၊ စစ်သားများကို မတွေ့ရဘဲ ပစ်ခတ်ပိတ်ဆို့မှုများလည်း မရှိသေးပေ။

မြင်းခြံ မတ် ၄

၁၀ : ၃၈ ဗားကရာသပိတ်ကို ရဲနဲ့ စစ်တပ်က စတင်အကြမ်းဖက်

စမ်းချောင်း ဗားကရာနဲ့ကျွန်းတောလမ်းထောင့်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဗားကရာ သပိတ် ခံတပ်ကို ရဲနဲ့ စစ်တပ်က စတင်ပစ်ဖတ်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

၁၀ : ၀၈ မန္တလေးတွင် ကျဆုံးသွားသည့် မကြယ်စင်၏ ဈာပန

မန္တလေးမြို့ ၈၄ လမ်း ၃၀ – ၃၁ လမ်းကြားတွင် မတ်လ ၃ ရက်နေ့ ကအာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြရင်း ဦးခေါင်းကို သေနတ်ထိမှန် ကျဆုံးသွားခဲ့သည့် အသက် ၁၉ နှစ်အရွယ် မကြယ်စင်၏ ဈာပန အခမ်းအနား

၀၉ : ၃၀ ကျောင်းသားပေါင်းစုံ သပိတ်စစ်ကြောင်း

မန္တလေး ကမ်းနားလမ်းတွင် ကျောင်းသားပေါင်းစုံ သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန့်ကျင်လှုပ်ရှားလျက်ရှိသည်။

မန္တလေး ကမ်းနားလမ်း ၂၆-ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်

၀၉ : ၀၀ မန္တလေးပြည်သူများကို လေတပ်အင်အားပြ၍ စစ်တပ်ခြိမ်းခြောက်

ယမန်နေ့က ကျည်အစစ်ဖြင့် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသည့် မန္တလေးမြို့ပေါ်ကို တိုက်လေယာဉ် ငါးစီး အကြိမ်ကြိမ်ပျံသန်း၍ စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့က ယနေ့တွင် ခြိမ်းခြောက်လျက်ရှိသည်။

ယနေ့နံနက် ၈ နာရီ ၄၀ ဝန်းကျင်က မန္တလေးမြို့ ကောင်းကင်ယံတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက တိုက်လေယာဉ်ဖြင့် ၄ ကြိမ်ပျံသန်းခဲ့သည်။

Show More

Related Articles

Back to top button