
မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး တပ်ပေါင်းစုသပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် ပြည်သူနှစ်ဦးသေဆုံးပြီး အခြား ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများကို ယနေ့ (မတ် ၃) နံနက် ၁၀ နာရီဝန်းကျင် တွင် မျက်ရည်ယိုဗုံးများဖြင့် စတင်ဖြိုခွင်းခဲ့ပြီး နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် လမ်း ၈၀ တွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ် မကြယ်စင်မှာ ဦးခေါင်းကျည်ထိမှန်ခဲ့သည့်နည်းတူ အသက် ၃၇ နှစ်အရွယ် ကိုမျိုးနိုင်လင်း(ခ)ဖိုးလင်းမှာ လည်း ရင်ဘတ်ကို ကျည်ထိမှန်ခဲ့ပြီး ၎င်းတို့နှစ်ဦးလုံး အပစ်ခံရသည့်နေရာမှာပင် သေဆုံးခဲ့သည်ဟု ဗြမ္မစိုရ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ထို့ပြင် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူ အခြားသူ ၈ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဒဏ်ရာရာရရှိသူများ ထပ်မံရောက်ရှိနေဆဲဖြစ်သည်ကြောင်း ဗြမ္မစိုရ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ဖြိုခွင်းရန် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ ဝင်များက အင်အားအလုံးအရင်းဖြင့် နံနက်ပိုင်းကတည်းက ရောက်ရှိလာခြင်းဖြစ်သည်။
ထိုဆန္ဒပြသပိတ်စစ်ကြောင်းနှင့် မလှမ်းမကမ်းရှိ ဈေးချိုအနီး ၂၈ ထပ်ရှိ မန်းမြန်မာပလာဇာ အပေါ်ဆုံး ထပ်တွင်လည်း စနိုက်ပါသေနတ်သမားအချို့ ကြိုတင်နေရာယူခဲ့သည်ဟု မျက်မြင်သက်သေအချို့က ပြောသည်။