အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်၌ ဖမ်းဆီးခံရသည့် သတင်းထောက်ငါးဦး အမှုဖွင့်ခံရ

ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၂၇ ရက်က အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြိုခွင်းစဉ် ပကတိအခြေအနေများကို မှတ်တမ်းရယူနေသည့် သတင်းထောက်ငါးဦးကို ရဲက ဖမ်းဆီးသွားပြီးနောက် နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားရန်လှုံ့ဆော်ခြင်းဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်လိုက်သည်။ 

မြေနီကုန်းနှင့် လှည်းတန်းတစ်ဝိုက်တွင် သတင်းယူခဲ့သည့် မကေဇွန်နွေး(Myanmar Now)၊ ကိုအောင်ရဲကို (7Day) ၊ ကိုရဲမျိုးခန့် (Myanmar Pressphoto Agency – MPA)၊ ကိုသိန်းဇော် (AP) ၊ ကိုဟိန်းပြည့်ဇော် (ဇီးကွက်မီဒီယာ)တို့ကို လွန်ခဲ့သည့်သုံးရက်က ဖမ်းဆီးကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားခဲ့ပြီး ယနေ့(မတ် ၂)တွင်မှ ရမန်ယူအမှုဖွင့်ထားသည်ကို သိရကြောင်း ၎င်းတို့ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေများက ပြောသည်။

“အကျဉ်းထောင်အရာရှိက ရှေ့နေကိုယ်စားလှယ်လွှဲစာကိစ္စ မနက်ဖြန် (မတ် ၃)မှ လာတင်ဖို့ ပြောတယ်။ မိဘတွေ၊ မိသားစုဝင်တွေကိုတော့ ကိုဗစ်ကာလစကတည်းက ထောင်ဝင်စာတောင် ပေးမတွေ့ဘဲ ပစ္စည်းပဲပို့လို့ရတဲ့ အခြေအနေတော့ရှိတယ်။ အမှုလိုက်ဖို့ကြတော့ ရှေ့နေနဲ့ အမှုသည်တွေ့ကို တွေ့ရမှာဖြစ်တဲ့အတွက် ကျွန်မတို့ကတော့ တွေ့ခွင့်တောင်းမှာပါ။ ခွင့်ပြုမပြုတော့ မသိသေးဘူး”ဟု မကေဇွန်နွေးဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်က ပြောသည်။

မြေနီကုန်းတွင် ဖမ်းဆီးခံရသည့် မကေဇွန်နွေးကို စမ်းချောင်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး လာမည့် မတ် ၁၂ ရုံးချိန်းတွင် တရားလို၊ တရားခံ နှစ်ဖက်သက်သေများ တင်သွင်းရမည်ဖြစ်သည်။ လှည်းတန်းတွင် ဖမ်းခံရသူများကိုမူ ကမာရွတ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးရန် ရှိသည်။

ယခုကဲ့သို့ သတင်းထောက်များကို ဖမ်းဆီးအမှုဖွင့်နေခြင်းမှာ ပြည်တွင်း၌ အာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့် ပြည်သူများ အကြမ်းဖက်ဖြိုခွင်းခံနေရသည့် ပုံရိပ်များ ကမ္ဘာသို့ ပျံ့မည်ကို စစ်ကောင်စီက မလိုလား၍သာဖြစ်ကြောင်း မော်ကွန်းမဂ္ဂဇင်းအယ်ဒီတာ ကိုဇေယျာလှိုင်က သုံးသပ်သည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သူ ၎င်းက “သာမန်ပြည်သူတွေက အခုဆန္ဒပြမယ်၊ မပြဘူး ရွေးချယ်ခွင့်ရှိသေးတယ်။ သတင်းစာဆရာတွေကတော့ သတင်းဖြစ်နေရင် သွားကိုသွားရတော့မှာကိုး။ အဲဒီတော့ တွေ့သမျှပြည်သူတွေကို သေနတ်နဲ့ချိန်၊ ထိုး၊ ရိုက်နှက်၊ ဖမ်းဆီးနေတော့ ဥပဒေဆိုတာမရှိတဲ့နေရာမှာ နေရသလိုဖြစ်နေတယ်။ ဘယ်သူမှမလုံခြုံဘူး။ ဒီအခြေအနေမှာ သတင်းစာဆရာတွေရဲ့ အလုပ်အပေါ်ခြိမ်းခြောက်မှုက အမြင့်ဆုံးအဆင့်ကို ရောက်ပြီ” ဟု ဆက်ပြောသည်။

ယမန်နေ့(မတ် ၁) ည ၁၁ နာရီခန့် ကလည်း တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ DVB သတင်းထောက် ကိုအောင်ကျော်၏ နေအိမ်သို့ စစ်တပ်နှင့်ရဲ ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်ကာ ဖမ်းဆီးသွားခဲ့သေးသည်။ သို့သော် အမှုဖွင့်ခံရခြင်းရှိမရှိ အတည်မပြုနိုင်သေးပေ။

ရဲနှင့် စစ်တပ်က ကိုအောင်ကျော်၏ နေအိမ်ကို ပစ်ခတ်နေသည့် အသံများကိုလည်း ဖမ်းဆီးမခံရမီ ဖေ့စ်ဘွတ်ခ်၌ ကာယကံရှင်ကိုယ်တိုင် တိုက်ရိုက်လွှင့်တင်ခဲ့သည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် အလွတ်တမ်းသတင်းထောက်များအပါအဝင် သတင်းထောက် ၂၈ ဦး ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု Detained Journalists Information Myanmar ၏ မတ် ၂ ရက် မွန်းလွဲပိုင်းအထိ စာရင်းများကဆိုသည်။

ရန်ကုန်မြို့တွင် ဖမ်းဆီးခံရသည့် Myanmar Now သတင်းထောက်အပါအဝင် ငါးဦး၊ မုံရွာမြို့တွင် ဖမ်းဆီးခံရသူနှစ်ဦးတို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည်။

မူလက အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်သာ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ထောင်ဒဏ်သုံးနှစ်ဟု ပြင်ဆင်လိုက်သည်။ 
 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button