သတင်း

ကလေးမြို့တွင် ကျည်အစစ်ဖြင့်ပစ်၍ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရ 

ကလေးမြို့တွင် ယနေ့ (မတ် ၂) နံနက်ပိုင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသပိတ် စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ခဲ့ရာတွင် ကျည်အစစ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၃ ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သိရသည်။

ကလေးမြို့  ဗိုလ်ချုပ်လမ်းနှင့် မြို့မဈေးလမ်းဆုံအနီးတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ ထိပ်တွေ့ရာတွင် အနီးရှိ တိုက်တစ်လုံးပေါ်တွင် ကြိုတင်နေရာယူထားသော စစ်သားက ကျည်အစစ်ဖြင့် လူအုပ်ထဲ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

နံနက် ၁၀ နာရီခန့်တွင် ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ဆုံချိန်တွင် မလှမ်းမကမ်းရှိ စစ်သား အချို့ကလည်း ကျည်အစစ်ဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

“ရဲက ရေကားနဲ့ အချုပ်ကား ရှေ့တိုးလာတာဗျ၊ မောင်းပြီးဖြိုခွင်းမယ့်ပုံနဲ့ ကားစက်သံ ပြင်းပြင်းနဲ့ ရှေ့တိုးလာတဲ့အချိန်မှာ ဟိုးအနောက်မှာရှိတဲ့စစ်သားက နှစ်ချက် စပစ်တာပဲ။ ကျွန်တော်မြင် တာတော့ အဲဒီစစ်သားနှစ်ယောက်က (သေနတ် မိုးပေါ်) ထောင်ဖောက်တာဗျ။  ဒါပေမယ့် တစ်ချိန်တည်းလောက်မှာပဲ ထိပ်တိုက်တွေ့နေတဲ့နေရာနားက တိုက်တစ်လုံး ပေါ်ကနေ ကျည်အစစ်ထည့်တဲ့ သေနတ်မျိုးနဲ့ ထွက်ပစ်တာဗျ” ဟု အထက်ပါ ဒေသခံက ပြောသည်။

သေနတ်ပစ်ခံရသဖြင့် ဒဏ်ရာရရှိသူများတွင် ဝမ်းဗိုက်၊ ရင်ဘတ်နှင့်ပေါင်ကို ထိမှန်သူသုံးဦး ပါဝင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဆရာဝန်များက ကာယကံ မေတ္တာနာမှုကူညီရေးအခမဲ့ ဆေးခန်းနှင့် ပုဂ္ဂလိကဆေးရုံတို့ချိတ်ဆက်၍ ဆေးကုသရေးဆောင် ရွက်ပေးနေကြောင်း ဒေသခံ ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

“ရင်ဘတ်ထိတဲ့လူနဲ့ ပေါင်ထိတဲ့သူက အခြေအနေကောင်းတယ်။ ကျည်ဆန်ရှာတွေ့တယ်။ ဗိုက် ထိတဲ့သူကိုတော့ ခွဲစိတ်လို့မရသေးဘူး။ အစာစားထားတာရယ်၊ ခွဲစိတ်မယ့်ဆရာဝန် မရှိတာရယ် ကြောင့်ပါ။ တီးတိန်က ခွဲစိတ်ဆရာဝန်တစ်ယောက် ဆင်းလာနေပြီ။ ဗိုက်ထိတဲ့တစ်ယောက်က တော့ စောင့်ကြည့်ရဦးမယ်၊ ကျန်တဲ့နှစ်ယောက်ကတော့ မသေနိုင်လောက်တော့ဘူး” ဟု ဒဏ်ရာ ရသူများကိုကူညီပေးနေသူက ယနေ့မွန်းလွဲပိုင်းတွင် အတည်ပြုသည်။

လက်ရှိ၌ ထိပ်တိုက်တွေ့မှု မရှိတော့ဘဲ ဒဏ်ရာရသူများကို ကုသပေးနေသည့် နာမှုကူညီရေး အခမဲ့ဆေးခန်းနှင့် ကိုက် ၁၀၀ခန့်အကွာမှစ၍ ကလေးမြို့ရဲစခန်းအထိ အတားအဆီးများချကာ ရဲနှင့်စစ်တပ်က လုံခြုံရေးယူထားကြောင်းလည်း ၎င်းက ပြောသည်။

“ထိပ်တိုက်တွေ့တာက အရေးအခင်းတွေရဲ့ ထုံးစံပဲ။ ရဲနဲ့ဆန္ဒပြသူတွန်း၊ ကိုယ်တွန်းဆိုတာက နိုင်ငံတိုင်းမှာ ဖြစ်နေကြကိစ္စပဲ။ ဒါပေမယ့် ပစ်ခတ်ဖြိုခွင်းတာမျိုး၊ စနိုက်ပါလိုသေနတ်မျိုးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကင်းစောင့်ပြီး လူကြားထဲကို တမင်ပစ်တာမျိုးကတော့ အင်မတန် ရိုင်းစိုင်းပါတယ်ဗျ” ဟု ၎င်းက မှတ်ချက်ပြုသည်။

အာဏာသိမ်းပြီးသည့် ဖေဖော်ဝါရီ ၁ မှစ၍ စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူလူထုက နိုင်ငံအနှံ့အပြားတွင် ဆန့်ကျင်သောလှုပ်ရှားမှုများကို ပြည်သူတို့က နိုင်ငံအနှံ့ ဆင်နွှဲနေချိန်တွင် စစ်ကောင်စီကလည်း ကျည်အစစ်ပါသုံး၍ ကြမ်းတမ်းစွာကိုင်တွယ်နေသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းများအရ အာဏာသိမ်းပြီးချိန်မှ မတ် ၁ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ထောင်ချခံရသူ ၁၂၁၃ ဦးအထိရှိနေပြီး သေဆုံးသူ ၃၀ ဦးခန့်ရှိ ကြောင်းသိရသည်။

Show More

Related Articles

Back to top button