သွေးစွန်းသော တနင်္ဂနွေနေ့အပြီးတွင် ရန်ကုန်မြို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများ ပို၍ အားကောင်းလာသည့်နည်းတူ ပို၍ စနစ်တကျရှိလာသည်။
ရန်ကုန်၏ အထင်ကရနေရာများဖြစ်သော ဆူးလေ၊ လှည်းတန်းလမ်းဆုံနှင့် မြေနီကုန်းတွင် Generation Z များ၏ စနစ်တကျ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အရှိန်လျော့သွားခြင်းမရှိဘဲ စစ်ကောင်စီလက်ပါးစေ လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုးခွင်းမှုမျိုးစုံကို နည်းမျိုးစုံဖြင့် အံတုကျော်ဖြတ်နိုင်ခဲ့ကြသည်။
စမ်းချောင်း
ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့သည့် ယခင်နေ့က သင်ခန်းစာများကို နမူနာယူကာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များက ပို၍စနစ်တကျ စီစဉ်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များ အလွယ်တကူမဖြိုခွဲနိုင်စေရန် စမ်းချောင်းမြို့နယ်ရှိ လမ်းအချို့တွင် နံနက် ၉ နာရီခန့်ကတည်းက ရရာပစ္စည်းများဖြင့် အခိုင်အမာ ပိတ်ဆို့ထားလိုက်ကြသည်။
လူငယ်အများစု ဦးဆောင်သည့် သပိတ်စစ်ကြောင်းသည် ကိုယ်ပိုင်ကာကွယ်ရေးအနေဖြင့် လုပ်ငန်းခွင်သုံး လုံခြုံရေးခမောက်၊ ဓာတ်ငွေ့ကာ မျက်နှာဖုံးများအပြင် လုံခြုံရေးပစ္စည်းအစုံအလင် ပြင်ဆင်ထားကြသည်။ မျက်ရည်ယိုဗုံးကို အံတုရန် ရေစိုအဝတ်များ၊ ရေပုံများ၊ ရေပူဖောင်းများလည်း အရန်သင့်အသုံးပြုနိုင်ရန် ပြင်ဆင်ထားသည်။
ပဒုမ္မာလမ်းထိပ်ကို သွပ်ပြား၊ သံပုံး၊ သဲအိတ် စသည့် ရရာပစ္စည်းများဖြင့် အသေပိတ်ဆို့လိုက်ပြီး အလစ်အငိုက်မဝင်နိုင်အောင် စမ်းချောင်းလမ်းနှင့် လမ်းသွယ်အချို့ကိုလည်း ပိတ်ပစ်လိုက်သည်။ ထို့အတူ ကျွန်းတောလမ်းကိုလည်း အမှိုက်ပုံးများ၊ သံချောင်းများစသည်တို့ဖြင့် စည်းသုံးစည်းတား၍ ပိတ်ဆို့လိုက်သည်။
ကျွန်းတောလမ်းအတွင်း မွန်းတည့် ၁၂ နာရီခန့်မှစတင်ကာ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များအသုံးပြုကာ သုံးကြိမ်ခန့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။
လမ်းအတွင်းချထားသော အတားအဆီးများကို ဘူဒိုဇာဖြင့် ဖယ်ရှားခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ရှင်းလင်းခဲ့သည်။
ဆန္ဒပြလူငယ်များသည်လည်း မျက်ရည်ယိုဗုံးကျသည့်နှင့်တပြိုင်နက် ရေဆွတ်ထားသော အဝတ်စများ၊ ရေပူဖောင်းများဖြင့် အမြန်ဆုံးငြိမ်းသတ်နိုင်ရန် အလျင်အမြန်လှုပ်ရှားကြသည်။ မျက်ရည်ယိုဗုံး အငွေ့ပြယ်သည်နှင့်တပြိုင်နက် မူလအတိုင်း ပြန်လည်စုဝေးပြီး ဆက်လက်ဆန္ဒပြကြသည်။
မြောင်းမြလမ်းအတွင်း ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် အချုပ်ကားများပါဝင်ရောက်ခဲ့ကြပြီး ကျွန်းတောလမ်းတစ်လျှောက် ရဲတပ်ဖွဲ့က တစ်နာရီခန့်ကြာ စောင့်ကြည့်နေခဲ့သည်။
သီရိမင်္ဂလာလမ်းတွင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရှိခဲ့သည်။ နေအိမ်သစ်သားတံခါးကို ရိုက်ချိုးဝင်ရောက်ပြီး ရာဘာကျည်နှင့် ပစ်ခတ်ခဲ့သည်ဟု ဒဏ်ရာရရှိခဲ့သူ ဦးဝင်းပိုင်က ဆိုသည်။ ဦးဝင်းပိုင်မှာ ခြေတစ်ဖက်မသန်သဖြင့် အိမ်စောင့်နေနေရသူဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ပစ်ခတ်ခံမှုကြောင့် ရင်ဘတ်နှင့် လည်ပင်းတွင် ၅ ချက်၊ ပေါင်တွင် ၄ ချက် ဒဏ်ရာရရှိခဲ့သည်ဟု ဦးဝင်းပိုင်က ပြည်တွင်းမီဒီယာတစ်ခုကို ပြောကြားထားသည်။
ရန်ကုန်မြို့လယ် ဆူးလေ
စစ်အာဏာရှင် လက်ပါးစေ လက်နက်ကိုင်တပ်ဖွဲ့ များ အလွယ်တကူဖြတ်သန်းနိုင်ခြင်း မရှိစေရန် ကျောက်တံတား မြို့နယ် ၃၃ လမ်း (အလယ်) မှ ပန်းဆိုးတန်းအထိ အနော်ရထာလမ်းမကို နံနက် ၁၀ နာရီဝန်း ကျင်တွင် ရာနှင့်ချီသော လူများက ကန့်လန့်ဖြတ်ပိတ်ဆို့လိုက်ပြီး လူဦးရေ ၃၀၀ ခန့်က ကန့်လန့်ဖြတ်ပိတ်ဆို့လိုက်ကြသည်။
ထို့နောက် ၁၀ မိနစ်ခန့်အကြာတွင် ဆူးလေခုံးတံတားအောက်တွင် အသင့်ရှိနေသော ရဲနှင့် စစ်သားများက လိုက်လံ ဖမ်းဆီးသဖြင့် ဆန္ဒပြသူများ လူစုကွဲသွားသည်။ စစ်ကားနှစ်စီးနှင့် ရဲကားသုံးစီး ဆူးလေဘက် ပြန်မောင်းသွားပြီး တံတားအောက်တွင် ရဲ ၁၀ ဦးခန့်က အခြေအနေကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။
တစ်ချိန်တည်းတွင် အနော်ရထာလမ်းပေါ်ရှိ ပန်းပဲတန်းမြို့နယ်ဘက်အခြမ်းတွင်လည်း လူငယ်အများစုပါဝင်သည့် ပြည်သူ ၃၀ ဝန်းကျင် လာရောက်ဆန္ဒပြခဲ့ကြပြီး မွန်းလွဲ ၁ နာရီတွင် လူစုခွဲခဲ့ကြသည်။
ကျောက်တံတားမြို့နယ်နှင့် ပန်းပဲတန်းမြို့နယ်တို့တွင် ယမန်နေ့က ဆန္ဒပြပြည်သူများကို လုံထိန်းများမှ အသံဗုံးများ ပစ်ခတ်ခြောက်လှန့်ခြင်း၊ လမ်းကိုပိတ်၍ လိုက်လံဖမ်းဆီးခြင်းများကြောင့် ဆူးလေသို့ လာရောက်ဆန္ဒပြသူများ ယနေ့ သိသိသာသာ လျောနည်းသွားခဲ့သည်။
အင်းစိန်လမ်းမသပိတ်
ပုံစာ-ရဲများ မျက်ရည်ယိုဗုံး ပစ်နေသည်ကို လူငယ်များက ကာကွယ်ရန် ကြိုးပမ်းနေစဉ်။ (ဓာတ်ပုံ- Myanmar Now)
အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်းမှတ်တိုင်အနီးတွင် လူထုက အရံအတားများဖြင့် ပိတ်ဆို့ထားခဲ့သည်။ ထိုနေရာသို့ နံနက် ၉ နာရီမှစတင်ကာ လူငယ်များ စုဝေးခဲ့ကြသည်။ ယမန်နေ့တွင် လှိုင်နှင့် ကမာရွတ်မြို့နယ်အတွင်း ၁၀ နေရာ ထက်မနည်း ဖြိုခွင်းခံခဲ့ရသဖြင့် အရံအတားများ ပိုမိုခိုင်ခန့်အောင် လူငယ်များနှင့် ပြည်သူများ အတူတကွ ပြုလုပ်ခဲ့ ကြသည်။
အကာအကွယ်အတွက် ဦးထုပ်၊ မျက်မှန်နှင့် ဒိုင်းကာများ ကိုင်ဆောင်ထားသည့်လူငယ်များက ရှေ့ဆုံးတွင် နေရာယူ နေပြီး နောက်ဖက်တွင် ရှိနေသူများက မျက်ရည်ယိုဗုံးဒဏ်ကိ ကာကွယ်ရန် ရေအိတ်နှင့် ရေစိုအဝတ်များကို အသင့် ပြင်ထားကြသည်။
ယခင်နေ့များထက် ပိုမိုစနစ်ကျစွာ အရံအတားများကိုလည်း အထပ်ထပ်ဖြင့် ပိုမိုခိုင်ခံ့အောင်ပြင်ဆင်နေကြသည်။ နံနက် ၁၁ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင်များက အရံအတားများကို ဘူဒိုဇာဖြင့်ဖြိုလျက် ဆန္ဒပြသူများကို ဖြိုခွင်းရန် ကြိုးပမ်းလာသည်။
ဆန္ဒပြလူငယ်များသည်လည်း ပထမအရံအတားနောက်မှ တဖြည်းဖြည်းဆုတ်ခွာနေစဉ် မျက်ရည်ယိုဗုံးများ အသံဗုံးများ ရာဘာကျည်များ ပစ်ခတ်မှုကို ရေအိတ်များ၊ ရေစိုအဝတ်များဖြင့် ကာကွယ်ခဲ့ကြသည်။
လူငယ်များအနေဖြင့် ယခင်နေ့များကဲ့သို့ ဝရုန်းသုန်းကား မပြေးတော့ဘဲ ဒိုင်းကာများကိုင်ဆောင်က ဒုတိယ အရံအတားသို့ ဖြည်းဖြည်းချင်းဆုတ်ခွာခြင်းဖြင့် စနစ်တကျ အံတုခဲ့ကြသည်။
ရဲက တတိယအရံအတားထိ ဖြိုခွင်းအပြီး လူငယ်များက လမ်းများအတွင်း ဝင်ရောက်လူစုခွဲခဲ့ကြပြီး ဘူတာရုံလမ်း အရံအတားနောက်တွင် ထပ်မံစုဝေးဆန္ဒပြခဲ့ကြသည်။
ပုံစာ-မျက်ရည်ယိုဗုံးဒဏ်ကို အကာအကွယ်မပါသော ရဲတပ်ဖွဲ့ဝင်များလည်း ခံစားခဲ့ရသည်၊ (ဓာတ်ပုံ- Myanmar Now)
နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် ရဲများက စတုတ္ထအကြိမ် ထပ်မံဖြိုခွင်းခဲ့ပြီး တံခါးပိတ်ထားသော ဆိုင်တစ်ခုအတွင်း သေနတ်ဖြင့် ချိန်၍ ရဲအင်အား အယောက် ၂၀ ခန့်ဖြင့် လူတစ်ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် လမ်းပေါ်ကျန်ခဲ့ သော ရေသန့်ဘူးများနှင့် အစားအသောက်တချို့ကို ယူဆောင်ကာ ပြန်လည်ဆုတ်ခွာသွားကြသည်။
ဆန္ဒပြလူငယ်များက ဘူတာရုံလမ်းအနီး အရံအတားနေရာကို ပြန်လည်ရယူခဲ့ပြီး အရံအတားများကို ထပ်လုပ်၍ ညနေ ၃ နာရီခွဲ ဝန်းကျင်အထိ ဆန္ဒပြခဲ့ကြကာ လူစုခွဲခဲ့ကြသည်။ အင်းစိန်လမ်းမ သပိတ်တွင် ဖမ်းဆီးခံရသူ နည်းပါးခဲ့ပြီး ထိခိုက်ဒဏ်ရသူလည်း မရှိခဲ့ပေ။
ဆန္ဒပြမှုများကို လူသေဆုံးသည်အထိ ဖြိုခွင်းနေသော်လည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဖြိုခွင်းနေသည့် အဆိုပါနေရာများတွင် ဆက်လက်ဆန္ဒပြနေဦးမည်ဟု လူငယ်များက ဆိုသည်။