“တိုင်းပြည်ကိုချစ်တာတဲ့ အမလေးနော်။ ငါတို့သားအမိကို ထားခဲ့ပြီလား အစ်ကိုကြီးရယ်” ဟု အစချီကာ အသက် ၃၀ အရွယ် ဒေါ်ငြိမ်းငြိမ်းစိုးတစ်ယောက် ဝမ်းနည်းပက်လက်ငိုကြွေးလျက်ရှိသည်။
အာဏာသိမ်းစစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကြွေလွင့်ခဲ့ရသူများတွင် ဒေါ်ငြိမ်းငြိမ်းစိုး၏ ခင်ပွန်းဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဦးမောင်မောင်ဦး လည်းအပါအဝင် ဖြစ်သည်။
ခင်ပွန်းဖြစ်သူ၏ ရုပ်အလောင်းဘေးတွင် ဒေါ်ငြိမ်းငြိမ်းစိုးတစ်ယောက် ပူဆွေးသောကရောက်နေသည့်နည်းတူ ဂုဏ်ပြုနှုတ်ဆက်စကားဆိုရန် ရောက်နေသူများလည်း ငေးငေးငိုင်ငိုင် ဖြစ်နေသည်။ အသက်ကိုးနှစ်အရွယ် သားနှင့် တစ်နှစ်ခွဲအရွယ် သမီးဖြစ်သူတို့မှာ ဖခင်၏ရုပ်အလောင်းဘေးတွင် ငြိမ်သက်စွာ ရပ်နေကြသည်။ အရွယ်မရောက်သေးသော ကလေးငယ်များ၏ မျက်နှာတွင် အပူမီးကူးစက်လျက်ရှိ သည်။
စစ်တပ်အာဏာသိမ်းမှု တစ်လပြည့်မြောက်သည့် ဖေဖော်ဝါရီ ၂၈ နေ့တွင် စစ်ကောင်စီ လက်ပါးစေ လက် နက်ကိုင်တပ်ဖွဲ့များ၏ ရက်စက်သော ဖြိုခွင်းမှုများကြောင့် အသက်စတေးခဲ့ရသူများတွင် မန္တလေးမြို့မှ ဦးမောင်မောင်ဦးလည်း ပါဝင်ခဲ့သည်။
ထိုနေ့ နံနက်က မန္တလေးမြို့ ၆၂ လမ်းပေါ်ရှိ ခုတင် ၃၀၀ ဆေးရုံကို စပ်တပ်နှင့် ရဲများဝိုင်းထားသဖြင့် ကျန်းမာရေးဝန်ထမ်း ၁၀၀၀ ခန့်ပိတ်မိနေသည်ဆိုသော သတင်းကြောင့် ဆန္ဒပြလူထုနှင့် သွားပေါင်းမည်ဆိုကာ ဦးမောင်မောင်းဦး သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ခဲ့စဉ် လက်နက်ကိုင်တပ်ဖွဲများ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေနတ်ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
လက်နက်မဲ့ အရပ်သားတစ်ယောက်ဖြစ်သော်လည်း တာဝန်သိစိတ်ဖြင့် အကြောက်တရားမဲ့ ရင်ဆိုင်ရင်း ဦးမောင်မောင်ဦး အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ခေါင်းတွင်ဆောင်းထားသည့် ဆိုင်ကယ်ဦးထုပ်ကို ဖောက်ဝင်ခဲ့သည် ကျည်ဆန်ရာများက အာဏာရှင်စနစ် မည်မျှအန္တရာယ်ကြီးကြောင်း မည်မျှရက်စက် ကြောင်း သတင်းစာကား ပါနေသည့်နှယ်ပင်။
စစ်အာဏာရှင်ကို ရသည့်နည်းဖြင့် ဆန့်ကျင်ရန် သူ့တွင် တာဝန်ရှိသည်ဟု ခံယူသွားပုံရကြောင်း ဂေါက်အိတ်ထမ်း အလုပ်သမားသဖြင့် ဦးမောင်မောင်ဦးနှင့် အတူတကွအလုပ်လုပ်နေသူ ဦးသောင်းတင်ဝင်းက ပြောသည်။
ဦးမောင်မောင်ဦးနည်းတူ ထိုနေ့က မန္တလေးမြို့တွင် အသက်စတေးခဲ့ရသူ နောက်တစ်ဦးမှာ အသက် ၃၂ နှစ်အရွယ် ဒေါ်ဒေစီဖြစ်သည်။ ညနေ ၆ နာရီခန့်အချိန်တွင် သားငယ်အတွက် မုန့်ထွက်ဝယ်ရင်း ဒေါ်ဒေစီမှာ မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၆ လမ်းထောင့်တွင် ကျည်သင့်ကာ ပွဲချင်းပြီး သေဆုံးခဲ့သည်။
မည်သို့မည်ပုံပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ကိုပင် မသိရပေ။ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော ဒေါ်ဒေစီ၏ ရုပ်အလောင်းကို လမ်းပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တွေ့ရှိခဲ့ရသည်။
“ဖြစ်ဖြစ်ချင်း အလောင်းတောင် မကောက်ရဲဘူး။ ပစ်နေကြတော့၊ ကလေးအတွက် မုန့်ထွက်ဝယ်တာ၊ ရက်ရက်စက်စက် လုပ်လိုက်ကြတာ” ဟု မဒေစီ၏မိသားစုဝင်က ပြောသည်။
မြန်မာ့နွေဦးတော်လှန်ရေးဟု အမည်ပေးထားသော စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအတွင်း အပြစ်မဲ့သူ ဒေါ်ဒေစီတစ်ယောက် ကလေးအတွက် မုန့်ထွက်ဝယ်ရင်း အကြောင်းမဲ့ အသက်စတေးခဲ့ရသည်။ စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်မှုများက ကမ်းကုန်နေတော့သည်။
အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဒေါ်ဒေစီ၏ ဈာပနကိုပင်လျှင် ခက်ခက်ခဲခဲ ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ဘာသာရေးထုံးတမ်းစဉ်လာအရ နေ့ချင်းပြီးသင်္ဂြိုဟ်ရမည်ဖြစ်သော်လည်း အာဏာရှင်လက်ပါးစေ အာဏာပိုင်များက ရုပ်အလောင်းထုတ်ယူခွင့် မပြုသဖြင့် အချေအတင်ဖြစ်ခဲ့ရသည်။
“သူတို့က ညနေမှ (အလောင်းကို) ထုတ်ခွင့်ပေးမယ်တဲ့။ ကျွန်မတို့ဘာသာက နေ့ကူးလို့မရဘူး။ နေ့မကူးဘဲ သင်္ဂြိုဟ်ရတာ” ဟု ဒေါ်ဒေစီ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ကွယ်လွန်ခဲ့သူ ဒေါ်ဒေစီ၏ ဈာပနကို ဘာသာရေးထုံးတမ်းအရ ၂၄ နာရီအတွင်း အချိန်မီကျင်းပနိုင်ရန် မိသားစုက အပြင်းအထန်တောင်းဆို တိုက်ပွဲဝင်ခဲ့ရပြီး မွန်းလွဲပိုင်းတွင်မှ အရုပ်အလောင်းထုတ်ယူခွင့် ရရှိ ခဲ့သည်။
ဒေါ်ဒေစီ၏ ရုပ်အလောင်းပေါ်တွင် အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သင်္ကေတလက္ခဏာ လက်သုံးချောင်းထောင်ပုံပါ အလံ လွှမ်းခြုံပေးခဲ့သည်။ ဈာပနတွင် လိုက်ပါပို့ဆောင်သူအချို့က ဒေါ်ဒေစီ၏ သားငယ်ပုံကို ရိုက်နှိပ်ထားသော ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။
ရဲဝတ်စုံဝတ်ဆင်ထားသည့် ဒေါ်ဒေစီ၏သားငယ်ပုံပါ ပိုစတာများတွင် ရေးသားထားသည့် စာသားမှာ “မင်းကတော့ အိဒ်နေ့ကို ရဲဝတ်စုံလေးဝတ်ပြီး ပျော်ခဲ့တာ။ မင်းအမေကိုတော့ ဒီကောင်တွေပဲ သတ် သွားတယ်ကွာ” ဟူ၍ဖြစ်သည်။
စစ်တပ်ကို တိုင်းပြည်အာဏာကို အတင်းအဓမ္မလုပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဥပဒေမဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ဖေဖော်ဝါရီ ၂၈ ရက်တွင် စံချိန်တင်သွေးစွန်းခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၅၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုဒဏ်ရာများတွင် အများစုမှာ သေသည်ထက် ဆိုးရွား သော သေနတ်ဒဏ်ရာများဖြစ်ပြီး ဆေးကုသမှုခံယူရင်း ထပ်မံသေဆုံးခဲ့သူများလည်း ရှိသည်။