အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်ရိုက်တင်ဆက်မှု – မတ် ၂

၁၅ : ၄၀ ဖြိုခွင်းဖမ်းဆီးနေသော်လည်း ကျောက်မြောင်းတွင် လူအင်အားတိုးဆန္ဒပြ

ပစ်ခတ်ဖြိုခွင်းမှုတွေ၊ အကြမ်းဖက်ဖမ်းဆီးမှုများ ရှိပြီး ၁၃ ဦးထက်မနည်း ဖမ်းဆီးခံရသော်လည်း အကာအရံများ ပြန်လည်ကာရံလျက် ဆက်လက်ဆန္ဒပြနေကြရာ  ၃ နာရီ ၄၅ မိနစ်မှာ တာမွေဘက်က တက်လာသည့ ရာနှင့်ချီသောပြည်သူများက အောင်မင်္ဂလာ သပိတ်မှာ  လာရောက်ပူးပေါင်း ဆန္ဒပြကြသည်။

အောင်မင်္ဂလာတွင် ဖြိုခွင်းခံရသော်လည်း ပြန်လည်စုစည်း၍ ဆန္ဒဆက်ပြ

၁၅ : ၃၀- ၄၅ လမ်း

ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့် ၄၅ လမ်းအနီးတွင် ဆက်လက်ဆန္ဒထုတ်ဖော်နေကြသည်။ 

၁၅ : ၂၆ -လမ်းမတော် သပိတ်ဖြိုခွင်းခံရမှု သက်ကြီးပိုင်းနှစ်ဦး ဖမ်းဆီးခံရ

ယနေ့နံနက် လမ်းမတော်မြို့နယ်အတွင်းရှိ  ထိုင်သပိတ်ကို ရဲများက လာရောက်ဖြိုခွင်းစဉ် ထိုင်သပိတ်လုပ်နေသူများ အချိန်မီတိမ်းရှောင်နိုင်သော်လည်း လမ်းပေါ်ရှိ သက်ကြီးပိုင်းနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ထိုင်သပိတ်လုပ်နေသူများက အချိန်မီတိမ်းရှောင်နိုင်ခဲ့၍ မဖမ်းမိခဲ့သော်လည်း လမ်းပေါ်ရှိ အသက် ၅၀ ခန့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးနှင့် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး ကို ဖမ်းဆီးလိုက်ကြောင်း ထိုင်သပိတ်တွင် ပါဝင်သူတစ်ဦးကဆိုသည်။

၎င်းတို့ကို ရန်ကုန်အနောက်ပိုင်းခရိုင်ရဲစခန်း၌ ထိန်းသိမ်းထားသည်ဟု သိရပြီး ရှေ့နေ၊ မိသားစု တို့ဖြင့် တွေ့ခွင့်ရရန်တောင်းဆိုနေဆဲဟု လမ်းမတော်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

၁၅း ၀၀ ကျောက်မြောင်းဖြိုခွဲခံရ

တာမွေမြို့နယ်၊ ကျောက်မြောင်း၊ အောင်မင်္ဂလာရပ်ကွက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ ပြည်သူများကို ရဲနှင့် စစ်သားများက မျက်ရည်ယိုဗုံးများ၊ အသံဗုံးများဖြင့် အကြမ်းဖက် ဖြိုခွဲခဲ့သည်။ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦး ဖမ်းဆီးခံထားရသည်။

 ကျောက်မြောင်းတွင် အကြမ်းဖက်ဖြိုခွဲ

 ကျောက်မြောင်းတွင် ရာဘာကျည်ထိမှန်သူများ

၁၃:၅၀ ရန်ကုန်ဆူးလေ 

ဆူးလေအနီး လူများစုဝေးလာသည်နှင့် ရဲတပ်ဖွဲ့က ဖြိုခွင်းနေပြီး ဆန္ဒပြနေသူများက လမ်းသွယ်များထိပ်တွင် မကြာခဏ ထွက်ပေါ်လာကာ ဆန္ဒဆက်ပြနေကြသည်။ 

ဆူးလေတွင် ဆန္ဒပြမှုအခြေအနေ

၁၃ : ၃၀ မုံရွာ

စစ်ကိုင်းတိုင်း၏ မြို့တော် မုံရွာတွင် ရဲတပ်ဖွဲ့က ဖြိုခွင်းမှုများ လုပ်နေသော်လည်း ဆန္ဒပြနေသူများက ခေတ္တသာတိမ်းရှောင်သွားပြီး ဆက်လက်ဆန္ဒပြနေဆဲ ဖြစ်သည်။

၁၃ : ၁၀ တောင်ငူ ဖြိုခွင်းခံရမှုမရှိ 

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်‌ ၁၀၀ ကျော်က တောင်ငူမြို့ လမ်းဆုံလမ်းခွများတွင် နေရာယူထားပြီး ရေကား၊ ရဲကား၊ အချုပ်ကားများအပါအဝင် စစ်သားများက ဆန္ဒပြလူစုခွဲရန် ကြိုးစားနေသော်လည်း တောင်ငူမြို့မှ ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူလူထုများက ဆန္ဒပြပွဲကို ဖြိုခွင်းခံရခြင်းမရှိအောင် ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြသည်။

တောင်ငူမြို့ ဆန္ဒပြမှုအခြေအနေ

၁၃ : ၀၀ တောင်ကြီးအကြမ်းဖက် ဖြိုခွင်းခံရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌  စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြနေကြသည့် ပြည်သူများကို ရဲနှင့် စစ်တပ်က မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများသုံး၍ ယနေ့ အကြမ်းဖက်ဖြိုခွင်းနေသည်။

ယနေ့ မွန်းတည့်ချိန်မတိုင်မီအတွင်း ရဲနှင့် စစ်တပ်က နှစ်ကြိမ်တိုင်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများကိုမသိရသေးပေ။

တောင်ကြီးမြို့တွင် အကြမ်းဖက်ဖြိုခွင်းခံရ

၁၂ : ၄၀ မြင်းခြံ ဖြိုခွဲမှုမရှိ

မြင်းခြံမြို့တွင် ဆန္ဒပြနေမှုများ ရဲတပ်ဖွဲ့က ပိတ်ဆို့မှုများရှိသော်လည်း အခြားဘက်မှပတ်ကာ မြို့ခံလူထုက ဆန္ဒပြခဲ့ကြသည်။ လက်ရှိအချိန်ထိ မြင်းခြံမြို့တွင် ဆန္ဒပြဖြိုခွင်းမှုများ ထိပ်တိုက် ဖြစ်ပွားမှုများ မရှိသေးပေ။ 

မြင်းခြံမြို့ ဆန္ဒပြမှုအခြေအနေ

၁၁ : ၅၄ – စမ်းချောင်းတွင် စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန္ဒပြ

စမ်းချောင်းမြို့နယ် ဗဟိုလမ်းတွင် ရာနှင့်ချီသော ပြည်သူများက  စစ်အာဏာရှင်ဆန့်ကျင်ဆ န္ဒပြလျက်ရှိပြီး အခြေအနေတည်ငြိမ်နေဆဲဖြစ်သည်။ 

မြေနီကုန်း ဗဟိုလမ်းမှာ အတားအဆီးတွေပြုလုပ်ပြီး ရာနဲ့ချီသည့် ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြနေကြသည်။

ယခင်ရက်များတွင် ကျွန်းတောလမ်းနှင့် ပဒုမ္မာလမ်းတို့တွင် ဆန္ဒပြသူ အများဆုံးစုဝေးခဲ့ကြသော်လည်း ယနေ့ မနက်ပိုင်းတွင် ဗဟိုလမ်းတစ်လျှောက် အတားအဆီးများပြုလုပ်ပြီး စုဝေးဆန္ဒပြနေခြင်းဖြစ်သည်။

နာရီပိုင်းအတွင်းက ကျွန်းတောလမ်းမှ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့သော်လည်း ဗဟိုလမ်းတွင် လက်ရှိအချိန်ထိ အခြေအနေတည်ငြိမ်နေဆဲဖြစ်သည်။

၁၁ : ၅၀  ရမည်းသင်းမြို့ ရဲများ စောင့်ကြည့်

ရမည်းသင်းမြို့တွင် စစ်ကောင်စီဆန္ဒပြနေမှုများ ဆက်လက်ပြုလုပ်နေပြီး ရဲအချို့ လုံခြုံရေး ချထားသည်ကို မတွေ့ရသော်လည်း အရပ်ဝတ်ရဲများက စောင့်ကြည့်နေသည်ဟု ဒေသခံများက ဆိုသည်။ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဝင်အချို့ရောက်ရှိလာသည်။ 

၁၁ : ၄၅ အင်းစိန်လမ်းမ ထပ်ဖြိုခွင်းခံရ

အင်းစိန်လမ်းမသပိတ်အား ထပ်မံဖြိုခွင်းနေပြီး သေနတ်ဖြင့်ပါ ပစ်ခတ်နေပြီး ကျည်အစစ် ဟုတ်မဟုတ်အတည်မပြုနိုင်သေးသော်လည်း လူတစ်ဦး ဒဏ်ရာရခဲ့သည်။ 

၁၁: ၄၀ မန္တလေးတွင် လုံခြုံရေးအပြည့်ချ လူများကို စစ်ဆေးနေ

မန္တလေးမြို့အနှံ့တွင် ရဲ၊ စစ်သား လက်နက်ကိုင်များဖြင့်  ပြည့်နေပြီး သွားလာနေသော ဆိုင်ကယ်တွများ တားကာ ဖုန်းအပါအဝင် စစ်ဆေးမှုများ ပြုလုပ်နေကြသည်။ မြတောင် စစ်ကြောင်းသပိတ် ခဏသာ ထွက်ခွင့်ရလိုက်ပြီး လက်နက်ကိုင်များက ဆိုင်ကယ်များဖြင့် မြို့ပတ်ကာ လေးခွများဖြင့် လမ်းပေါ်ရှိ သွားလာနေသူများအား ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

၁၁ : ၃၅ ဆူးလေ စစ်ကား ၂ စီး ထပ်‌ရောက်

ဆူးလေတွင် စစ်ကား ၂ စီး ထပ်မံရောက်ရှိလာပြီး ဆန္ဒပြလူအုပ်စုသည်လည်း ဆက်လက်ရှိနေဆဲ ဖြစ်သည်။ နံနက်ပိုင်းက ဖြိုခွင်းခံလိုက်ရသော်လည်း ဆန္ဒပြလူစုသည် ဆူးလေတွင် ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ 

၁၁ : ၃၀ အင်းစိန်လမ်းမအခြေအနေ

အင်းစိန်လမ်းမတွင် ရဲတပ်ဖွဲ့က မီးခိုးဗုံးများ အသုံးပြုဖြိုခွဲခဲ့သော်လည်း ပြည်သူများက နေရာမှ မခွာဘဲ ဆက်လက်ဆန္ဒပြနေဆဲ ဖြစ်သည်။ 

၁၁ : ၀၀ ပုသိမ်တွင် ဆန္ဒပြနေသူများ ရဲအား စောင့်ကြည့်

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ က  ပုသိမ်မြို့တွင် စစ်အာဏာရှင်အလိုမရှိ သပိတ်စစ်ကြောင်းများ ဖြိုခွင်းခံရသော်လည်း ဒေသခံများက ယနေ့ မတ် ၂ တွင် ဆက်လက် ဆန္ဒပြနေကြဆဲ ဖြစ်သည်။

ပုသိမ်မြို့ လမ်းများအလိုက် လမ်းထိပ်များ၊ အိမ်ရှေ့များတွင် ဆန္ဒဖော်ထုတ်မှုများလည်း ပြုလုပ်နေကြပြီး ရဲအင်အား အများအပြား လမ်းမကြီးများတွင် တိုးမြှင့်ချထားသည်ကို တွေ့ရသည်။ ဆန္ဒဖော်ထုတ်သည့် နေရာသို့ ရဲများ မလာရောက်နိုင်ရန် လမ်းများကို ဆိုင်ကယ်များ၊ အခြားအရံအတားများဖြင့် ပိတ်ဆို့ထားကြသည်။

၁၀ : ၅၂ ကျွန်းတောလမ်း ဖြိုခွင်းပြီး ၃ ဦး အဖမ်းခံရ

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းအတွင်း ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွင်းပြီး ဆန္ဒပြသူ ၃ ဦး ဖမ်းဆီးသွားသည်။ 

စမ်းချောင်းသပိတ် အခြေအနေ

၁၀ : ၄၀ ဆူးလေ အခြေအနေ

နေ့စဉ် ဖြိုခွင်းမှုများရှိသော်လည်း ယနေ့ နံနက်ပိုင်း ဆူးလေအနီးဝန်းကျင်တွင် ပြည်သူများ ပြန်လည်စုစည်းခဲ့သော်လည်း လုံခြုံရေးဝန်ထမ်းများချက်ချင်းရောက်လာကာ ဖြိုခွင်းခဲ့သည်

မတ် ၂ နံနက် ဆူးလေအနီး မြင်ကွင်းများ

၁၀ : ၂၀ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသွားသည့် ကျောင်းဆရာမ၏ နောက်ဆုံးခရီး

အာဏာရှင်ကို ဆန့်ကျင်ရင်း ကျဆုံးသွားသည့် သမိုင်းဘာသာရပ်သင် ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီ၏ နောက်ဆုံးခရီးသို့ ပို့ဆောင် နှုတ်ဆက်သူထောင်နှင့်ချီ ရှိနေပါသည်။ အသက် ၅၉ နှစ်အရွယ် ဆရာမ ဒေါ်တင်နွဲ့ရီသည် လှိုင်သာယာမြို့နယ်ထခွဲ လ ၁၀ ကျောင်းတွင် ၆တန်း၊ ၇ တန်းကျောင်းသားများကို သမိုင်းဘာသာနှင့် သင်္ချာဘာသာရပ်သင်‌ကြားပေးသူ ဖြစ်ပြီး စစ်အာဏာရှင်ကို အလို မရှိကြောင်း ဆန္ဒပြသည့် ဖေဖော်ဝါရီ ၂၈တွင် ကျည်အစစ် ထိမှန်ကာ ကျဆုံးခဲ့သည်။

၉ : ၃၀ စမ်းချောင်းသပိတ်စတင်နေပါပြီ

ပဒုမ္မာလမ်းနှင့်ကျွန်းတောလမ်းတွင် အတားအဆီးအသစ်များ ထပ်မံပြုလုပ်ထားကြပြီး ဆန္ဒပြနေကြသည်။ ရဲတပ်ဖွဲ့က မြေနီကုန်း ခုံးတံတားအောက်တွင် နေရာယူထားသည်။ လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျွန်းတောလမ်းထိပ်တွင်ရောက်ရှိနေရာယူနေကြသည်။ 

စမ်းချောင်းသပိတ် အခြေအနေ

၀၉ : ၁၀ – လှည်းကူးသပိတ်တွင် CDM ဝင်ထမ်းများပါဝင်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် မီးသတ်နှ င့်ဆည်မြောင်းဌာန ဝန်ထမ်းများပူးပေါင်းပါဝင်သည့် ထောင်နှင့်ချီသော သပိတ်စစ်ကြောင်းလှည့်လည်နေသည်။

စစ်အာဏာသိမ်းကောင်စီကို ဆန့်ကျင်သည့် ကြွေးကြော်သံ ဗွီနိုင်းများကိုင်ဆောင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ထိန်းသိမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုနေကြသည်။

လှည်းကူးမြို့တွင် လူထောင်ချီ ဆက်ဆန္ဒပြ

Related Articles

Back to top button