သတင်း

တိုက်ရိုက်တင်ဆက်မှု – မတ် ၁

၁၅ : ၅၈ – ပစ်ခတ်ဖြိုခွင်းမှုများရှိနေသော်လည်း သင်္ဃန်းကျွန်းတွင် ဆက်လက်ဆန္ဒပြ

ယမန်နေ့က ပစ်ခတ်ဖြိုခွင်းမှုတွေ ရှိခဲ့ပေမယ့် သင်္ဃန်းကျွန်းပြည်သူတွေကတော့ လေးထောင့်ကန်လမ်းပေါ်မှာ ဆက်လက်ပြီး ဆန္ဒပြနေကြပါတယ်။ ကားလမ်းမတစ်ဖက်တစ်ချက်ကိုလည်း ကားများဖြတ်သန်းသွားလာခြင်း မပြုနိုင်ရန် ဆက်လက်ပိတ်ဆို့၍ ကာကွယ်ထားသည်။

၁၅ :  စမ်းချောင်းမြို့နယ်တွင် အဖမ်းအဆီးကြမ်းနေ

စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် စမ်းချောင်းမြို့နယ်တွင် ရပ်ကွက်လမ်းကြားများအတွင်းသို့ ပိုက်စိပ်တိုက်ရှာဖွေ၍ ဖမ်းဆီးလျက်ရှိသည်။

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနှင့် ပြည်လမ်းကြားမှာရှိသည့် မကြီးကြီးလမ်းကို စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက  နှစ်ဖက်ညှပ်ပိတ်ဆို့ဖမ်းဆီးနေပြီး ပြည်သူ ၂၀ ဦးခန့် ဖမ်းဆီးခံလိုက်ရပြီဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ထို့အပြင် မြေနီကုန်းတွင်လည်း ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့ကလိုက်လံဖမ်းဆီးမှုများရှိနေသည််။ 

၁၅ : ၁၀ အင်းစိန်လမ်း ၄ ကြိမ်ဖြိုခွဲခံရသော်လည်း ဆက်ဆန္ဒပြ

လှိုင် ဘူတာရုံလမ်းအနီး အင်းစိန်လမ်းမပေါ် မှာ ဆန္ဒပြလူငယ်များကို ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်၊ လေသေနတ်များဖြင့်ပစ်ခတ်ခြင်း ၊ အတားအဆီးများကို ဘူဒိုဇာဖြင့် ထိုးခြင်းများပြုလုပ်ကာ လေးကြိမ်တိုင်ဖြိုခွဲခဲ့ပေမယ့် ဆန္ဒပြလူငယ်များက ပြန်လည်စုရုံးပြီး ဆက်လက်ဆန္ဒပြနေကြသည်။ 

အင်းစိန်လမ်းမပေါ် မှာ လူငယ်များ ဆက်လက်ဆန္ဒပြနေ

၁၅ ၀၀ မကွေးဖမ်းဆီးခံရသူများ ပြန်လွှတ်

မကွေးမြို့ မေတ္တာလမ်းတွင် ယမန်နေ့က ဖမ်းဆီးခံခဲ့ရသူများထဲမှ ၁၉ ဦးအား ပြန်လွှတ်ပေးမည် ဆို၍ ဖမ်းဆီးခံရသူများ၏ မိသားစုများသည် မကွေးထောင်၏အရှေ့တွင် စောင့်ဆိုင်းနေကြပြီး လက်ရှိတွင် ပြန်လွှတ်ပေးနေသည်။

ယမန်နံနက်ပိုင်းတွင် မကွေးလူထုလှုပ်ရှားမှုအား မျက်ရည်ယိုဗုံးပစ်ခတ်ကာ ဖြိုခွဲခဲ့ပြီးအမျိုးသား ၅၀ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၅၃ ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၁၄ : ၄၀ စမ်းချောင်းတွင် ဖြိုခွဲခံရသော်လည်း ဆက်ဆန္ဒပြ

စမ်းချောင်းတွင် ဖြိုခွင်းပြီးနောက် ရဲတပ်ဖွဲ့များက နောက်ပြန်ဆုတ်သွားကြပြီး ဗဟိုလမ်းနှင့် ဗားကရာလမ်းမီးပွိုင့်တွင် ဆက်လက်ရှိနေဆဲ ဖြစ်သည်။ ဆန္ဒပြသူများ ရှောင်တိမ်းနေရာမှ ပြန်ထွက်လာပြီး ဆက်လက်ဆန္ဒပြနေသည်။

၁၄ : ၁၅ ကျွန်းတောလမ်းနှင့်ဗဟိုလမ်း တစ်ပြိုင်နက် ဝင်ရောက်ဖြိုခွဲ

ကျွန်းတောလမ်းနှင့် ဗဟိုလမ်းအတွင်းသို့ တစ်ပြိုင်နက် တပ်နှင့်ရဲများ ဝင်လာပြီး မျက်ရည်ယိုဗုံး အများအပြားသုံးကာ ဖြိုခွဲခဲ့သည်။ စစ်ကောင်စီလက်နက်ကိုင်များက ဘူဒိုဇာဖြင့် ထိုးပြီး ဝင်လာပြီး မအူပင်လမ်းထဲထိ ဝင်လာနေကြောင်း သိရသည်။

ရဲအင်အား ၅၀၊ ၆၀ ခန့်သည် ကျွန်းတောလမ်း တောက်လျှောက်လိုက်ဖြိုခွဲနေခြင်း ဖြစ်သည်။ မြောင်းမြလမ်းအတွင်းရဲများ ရောက်ရှိနေပြီး အချုပ်ကားပါ ရှိနေသည်။

၁၃ : ၄၄ အင်းစိန်လမ်းမတွင် ဖြိုခွဲဖမ်းဆီးနေ

အင်းစိန်လမ်းမမှာ ၄ ကြိမ်မြောက်ဖြိုခွင်းနေပြီး မျက်ရည်ယိုဗုံး၊ အသံဗုံးများ ပစ်ကာ လူစုခွဲနေပြီး ဆန္ဒပြနေသူများ နောက်ဘက်ပြန်ဆုတ်နေကြောင်း သိရသည်။

တစ်ယောက်ဖမ်းဆီးခံရပြီး နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း တွေ့ရသည်။  ဆန္ဒပြနေသူများကို လက်ဖက်ရည်ဆိုင်များ၊ အိမ်များအထိပါ ရဲနှင့်တပ်က ဝင်ရောက်ရှာဖွေ ဖမ်းဆီးနေသည်။ 

၁၃ : ၃၀ စမ်းချောင်းတွင် အင်အားသုံးဖြိုခွဲကာ ဖမ်းဆီးနေ

စမ်းချောင်းမြို့နယ်၊ ပဒုမ္မာလမ်းနှင့်ကျွန်းတောလမ်းအတွင်းရှိ ဆန္ဒပြနေသူများကို ဖြိုခွင်းရာတွင် ပိတ်ဆို့ကာရံထားသော အတားအဆီးများကို ဘူဒိုဇာများဖြင့် ဖယ်ရှား၍ တပ်နှင့်ရဲက ဖြိုခွင်းနေပြီး ပစ်ခတ်မှုများရှိနေကာ ဖမ်းဆီးခံရသူများ ရှိနေသည်။

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းအခြေအနေ

၁၃ : ၀၀ ကျွန်းတောလမ်း မီးခိုးဗုံးပစ် လူစုခွဲ 

ကျွန်းတောလမ်းရှိ ဆန္ဒပြလူစုအား ရဲနှင့်တပ်က မီးခိုးဗုံးများ ပစ်သွင်းပြီး လူစုဖြိုခွဲနေသည်။ ကျွန်းတောလမ်းနှင့် ဗားကရာလမ်းထောင့်တွင် စစ်သားများ ထပ်မံရောက်ရှိလာပြီး လူစုခွဲ နေရာယူထားသည်ကို တွေ့ရသည်။ 

မြေနီကုန်း ကျွန်းတောလမ်းထိပ်

၁၂ :၂၀ တောင်ငူ

CDM လုပ်ထားသည့် တောင်ငူဆေးရုံ ပြန်ဖွင့်ရန်ပြင်ဆင်နေသည် ဆိုသောကြောင့်  မြို့ခံလူထုက ဝိုင်းဝန်းတားမြစ်ပိတ်ဆို့ရန်ပြင်ဆင်နေစဉ်  ရဲနှင့်တပ်က အကြမ်းဖက်ဖြိုခွဲရှင်းလင်း

ခဲ့ပြီး လက်ရှိအချိန်မှာတော့ လူစုကွဲသွားကြောင်း သိရသည်။ ###

၁၂ : ၀၀ – စမ်းချောင်း စတင်ဖြိုခွင်းခံရ

ရန်ကုန်မြို့၊ မြေနီကုန်းအနီးရှိ ကျွန်းတောလမ်းတွင်စုဝေး၍ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြနေသူတို့ ဗားကရာလမ်းပေါ်အတက်တွင် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့က မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများသုံးကာ ဖြိုခွင်းသည်။ ထို့ကြောင့် စစ်တပ်နှင့်ရဲ အလွယ်တကူမဝင်နိုင်ရန် အတားအဆီးများပြုလုပ်ထားပြီးဖြစ်သည့် ကျွန်းတောလမ်းအတွင်းသို့ ဆန္ဒပြပြည်သူများ ပြန်လည်နေရာယူနေကြသည်။

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းအခြေအနေ

၁၁ : ၅၇ – အင်းစိန်တွင် တတိယအကြိမ်ဖြိုခွင်း

ယနေ့နံနက်ပိုင်းကတည်းက စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဖြိုခွင်းမှုကို အကြိမ်ကြိမ်အန်တု၍ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြနေသူတို့ တတိယအကြိမ်ဖြိုခွင်းခံနေရသည်။ စစ်ကောင်စီတပ်ဖွဲ့က မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများသုံးနေ၍ ဆန္ဒပြပြည်သူများဆုတ်ခွာနေရသည်။ ##


၁၁ : ၅၆ – ကျွန်းတောလမ်းအခြေအန

ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့အပြင်းအထန်ဖြိုခွင်းခဲ့သည့် ရန်ကုန်မြို့၊ မြေနီကုန်းအနီးရှိ ကျွန်းတောလမ်းတွင် အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပြည်သူတို့က စစ်တပ်နှင့်ရဲ အလွယ်တကူ မဝင်ရောက်နိုင်ရန် အတားအဆီးသုံးထပ်ချထားသလို မျက်ရည်ယိုဗုံးဒဏ်မှ ကာကွယ်နိုင်ရန် ပြင်ဆင်မှုများပြုလုပ်ထားသည်။

ရန်ကုန်မြို့ အခြားနေရာများတွင် ဖြိုခွင်းနေသောကြောင့် ကျွန်းတောလမ်းမှ ဆန္ဒပြနေသူများသည် လက်ရှိတွင် ဗားကရာလမ်းမကြီးကို ပိတ်ဆို့ကာ ဆန္ဒပြရန် ပြင်ဆင်နေသည်။

၁၁ ၅၀ မုံရွာ ဆန္ဒပြမှု ရပ်နား

မုံရွာမြို့တွင်းတွင် သပိတ်စစ်ကြောင်းကို လိုက်လံဖြိုခွင်းခဲ့သောကြောင့် ဆန္ဒပြမှုများကို ရပ်နားလိုက်သော်လည်း စစ်တပ်နှင့် ရဲကားများ မြို့တွင်း လှည့်လည်နေဆဲဖြစ်သည်။ 

မုံရွာဇောတိက ဘုန်းကြီးကျောင်းမှာ ဆေးခန်းဖွင့်လှစ်ကုသပေးနေသည့် လူမှုကူညီရေးအသင်းသားများ၊ ကျောက္ကာလမ်းတွင် လူတစ်ယောက်ကို ရိုက်နှက်ဖမ်းဆီးသွားသည်။ သာစည်ဈေးအတွင်း လေးခွများ သေနတ်များဖြင့် ပစ်ခတ်သွားပြီး ဈေးသည်များထံမှ လိမ္မော်သီးများ လုယုခဲ့သည်။ ရပ်ကြည့်နေသူ အရပ်သားများကိုလည်း လေးခွဖြင့် ပစ်ခြင်း၊ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်းများ ရှိခဲ့သည်။ 

၁၁ : ၄၆ ကျွန်းတောလမ်း

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမှာတော့ ယမန်နေ့ကအတိုင်း ဆန္ဒပြသူများက စည်းသုံးစည်း တားထားပြီး မျက်ရည်ယိုဗုံးဒဏ်ကို ကာကွယ်ရန် ပြင်ဆင်မှုများ လုပ်ထားသည်ကို တွေ့ရသည်။

၁၁ : ၂၅ – မန္တလေး၌ ပရိတ်ရွတ်

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်၍ အသက်‌သေဆုံးမှုများ ယမန်နေ့က ကြုံခဲ့ရသော်လည်း မန္တလေးမြို့ ပညာရေးသပိတ်စစ်ကြောင်း ချီတက်လာနေသည်။ ညဘက်တွင် ဖမ်းဆီးခံရခြင်း၊ လေးခွ၊ သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း အန္တရာယ်များမှ ကင်းဝေးစေရန် ရည်ရွယ်၍ ပရိတ်တရားတော်များ ရွတ်ဖတ်နေကြသည်။ ##

၁၁ : ၀၀ – အင်းစိန်တွင်စတင်ဖြိုခွင်း

ရန်ကုန်မြို့ အင်းစိန်လမ်းမပေါ်တွင် ကျောင်းသားများဦးဆောင်သည့် သပိတ်စစ်ကြောင်းကို မီးခိုးဗုံး၊ အသံဗုံးများသုံး၍ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့က စတင်ဖြိုခွင်းသည်။ လက်ရှိတွင် သပိတ်စစ်ကြောင်းနောက်သို့ ပြန်လည်ဆုတ်ခွာနေရသည်။

၁၀ : ၅၂ – မြေနီကုန်းအခြေအနေ

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ ယမန်နေ့က ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခဲ့သည့် ဗားကရာလမ်းပေါ်၌ ဆန္ဒပြပြည်သူများစုဝေးခြင်းမရှိပေ။ သို့သော် အနီးတဝိုက်ရှိ ပဒုမ္မာလမ်းနှင့် ကျွန်းတောလမ်းတွင်မူ စစ်တပ်နှင့် ရဲ အလွယ်တကူဝင်ရောက်မလာနိုင်စေရန် အတားအဆီးများချ စုရုံး၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြနေကြသည်။

စမ်းချောင်း ပဒုမ္မာလမ်းပေါ်က ဆန္ဒပြမှုအခြေအနေ

၁၀ ၃၀ မုံရွာတွင် ပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာလမ်း ဇောတိကကျောင်းရှေ့ ဘုရင့်နောင်လမ်းထိပ်ရှိ ရပ်ကွက်များအတွင်း ရဲများ ရောက်ရှိလာပြီး လိုက်လံပစ်ခတ်နေကြောင်း သိရသည်။ ကျောက္ကာလမ်းနှင့် ဘုရင့်နောင်လမ်းအနီး စစ်ကားတစ်စီး၊ ရဲကားတစ်စီးနှင့် ရေကား ရောက်ရှိနေပြီး အင်အား ၅၀ ခန့် ရှိသည်။ 

ဆန္ဒပြနေသူများသည် နောက်ဆက်ဆုတ်နေပြီး အတားအဆီးများ ချနေသည်။ ရဲများက သေနတ်အပြင် လေးခွများဖြင့်ပါ ပစ်ခတ်နေသည်ဟု သိရသည်။

၁၀ : ၂၀ – အင်းစိန်လမ်းမတွင် ကျောင်းသားများဦးဆောင်ဆန္ဒပြနေ

ရန်ကုန်မြို့ အင်းစိန်လမ်းမပေါ်တွင် ကျောင်းသားများဦးဆောင်သည့် သပိတ်စစ်ကြောင်းက အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည်။ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ကလည်း အသင့်စောင့်ဆိုင်းနေသည်။ ##
၉ : ၅၇ – မန္တလေးသပိတ်စစ်ကြောင်းများစထွက်ပြီ

မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်း ဆန္ဒပြနေပြီး ၃၉ လမ်းနှင့် ၈၉ လမ်းအနား ရောက်ရှိနေသည်။ 

မန္တလေး မြတောင်သပိတ်စစ်ကြောင်း

၉ : ၅၅ – အင်းစိန်အခြေအနေစတင်တင်းမာ

ရန်ကုန်မြို့၊ အင်းစိန်လမ်း ဆင်ရေတွင်းမှတ်တိုင် ဆန္ဒပြပြည်သူရာချီ ရောက်ရှိနေပြီး ရဲများကလည်း ဘယ်ရီဂီတ်ချကာ ပိတ်ဆို့ရန် ပြင်ဆင်နေသည်။

ဆန္ဒပြသူများထဲမှ လူငယ်များက ရဲတပ်ဖွဲ့၏ မျက်ရည်ယိုဗုံးဒဏ်ကို ကာကွယ်နိုင်ရန် ပြင်ဆင်ထားကြသည်။

၉: ၄၀ – ဆူးလေတည်ငြိမ်ဆဲ

ရန်ကုန်မြို့လယ်ဆူးလေတွင် ပုံမှန်အခြေအနေရှိနေသည်။ ဆူးလေအနီးရှိ အခွန်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်အနီးတို့တွင် စစ်ကောင်စီ၏ တပ်ဖွဲ့များ စောင့်ကြပ်လျက်ရှိသည်။

၀၉ : ၁၅ – လှည်းတန်း၌ လုံခြုံရေးတင်းကျပ်

နေ့စဉ် လူသောင်းချီစုရုံး၍ အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြလေ့ရှိသည့် လှည်းတန်းလမ်းဆုံနှင့် ဗဟိုလမ်းကြား၊ လှည်းတန်းစင်တာရှေ့တို့တွင် စစ်ကောင်စီ၏ လုံခြုံရေး တပ်ဖွဲ့များနေရာယူထားသော်လည်း ရာနှင့် ချီသော ပြည်သူများက စစ်အာဏာရှင်ကို တွန်းလှန်ရန် စတင်စုဝေးနေပြီဖြစ်သည်။ 

စစ်တပ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ယမန်နေ့က ၎င်းတို့ ပစ်ခတ်သတ်ဖြတ်လိုက်သည့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူ ကိုညီညီအောင်ထက်နိုင် သေဆုံးသွားခဲ့သည် လှည်းတန်းရှိ ကမာရွတ် အ.ထ.က ကျောင်းရှေ့မှစ၍ ပိတ်ဆို့နေရာယူထားခြင်းဖြစ်သည်။

ထို့အပြင် လှည်းတန်းလမ်းဆုံမှ အင်းစိန်လမ်းမကြီးကိုလည်း  ဂမုန်းပွင့်ကုန်တိုက်မှစ၍ မော်တော်ယာဉ်များ သွားလာ၍ မရတော့သည်အထိ အတားအဆီးများချကာ စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသည်။

အလားတူ တက္ကသိုလ်ရိတ်သာလမ်းမပေါ်တွင်လည်း စစ်ကား၊ ရဲကားနှင့် အကြမ်းဖက်ဖြိုခွင်းရာတွင် အသုံးပြုသည့် ရေအမြောက်ကား( Water canon ) အများအပြားကို ရပ်၍ ပိတ်ဆို့ထားသည်။

၀၉ : ၁၀ – ရန်ကုန်မြို့လယ်ကောင်ကို ပိတ်ဆို့ထား

ရန်ကုန်မြို့လယ် ဆူးလေတစ်ဝိုက် အဓိကလမ်းမကြီးများဖြစ်သည့် အနော်ရထာလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း ထိပ်များတွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ကပိိတ်ဆို့ထားသည်။

၀၉ : ၀၀ – မန္တလေးမြို့လမ်းမကြီးများတွင် လုံခြုံရေးတင်းကျပ်ထား

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း နေ့စဉ်ရက်ဆက် လူသိန်းသောင်းချီ ဆန္ဒပြလေ့ရှိသည့် မန္တလေးမြို့လမ်းမကြီးတွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်။ စစ်ကောင်စီ၏ လုံခြုံရေးအဖွဲ့ အကြမ်းပတမ်းဖြိုခွင်းသည့်အခါ ဒဏ်ရာရပြည်သူများကို ဆေးကုသမှုပေးနေသည့် ဗြမ္မစိုရ်အသင်းရုံးရှေ့ကိုလည်း ပိတ်ဆို့ထားသည်။


 

Show More

Related Articles

Back to top button