ဖေဖော်ဝါရီ ၂၇ တွင် အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးမှုများ ရှိခဲ့သော်လည်းနောက်တစ်နေ့ တနင်္ဂနွေနေ့တွင် ရန်ကုန် တက္ကသိုလ် အနီးရှိ လှည်းတန်း လမ်းဆုံတွင် နံနက် ၈ နာရီကျော်ခန့်ကပင် လူငယ်များ စုစည်းရောက်ရှိလာပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်နေကြပြီဖြစ်သည်။
မြေနီကုန်း၊လှည်းတန်းနှင့်ဆူးလေ စုရပ်များသို့ သွားရောက်ခဲ့သည့် ဆန္ဒပြပြည်သူများသည် သေနတ်သံများထွက်ပေါ်လာချိန်တွင် ခေတ္တတိမ်းရှောင်နေခဲ့သော်လည်း သေနတ်သံတိတ်သည်နှင့် ချက်ချင်းလူစုလူဝေးလုပ်ပြီး စစ်အုပ်ချုပ်မှုကို အာခံခဲ့သည်။
ထောင်နှင့်ချီသော လူငယ်များ လှည်းတန်းလမ်းမတစ်လျှောက် စုစည်းမိပြီး မိနစ်ပိုင်းအကြာတွင် လှည်းတန်းခုံးကျော်တံတားပေါ်မှ ရဲယူနီဖောင်းဝတ် တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် အခြေအနေမှာ ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။
“ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး”ဟု ဆန္ဒပြလူငယ်များ ကြွေးကြော်လိုက်သည့် ကြွေးကြော်သံများမှာ ရဲတပ်ဖွဲ့ဝင်များ၏ သေနတ်သံ၊ ဗုံးသံများနှင့် ဖုံးလွှမ်းသွားပြီး စာသင်ကျောင်းအနီး အုတ်နံရံကို အကာအကွယ်ယူထားသည့် အသက် ၂၄ နှစ်အရွယ် ကိုညီညီအောင်ထက်နိုင် လဲကျသွားသည်။ ထိုပစ်ခတ်မှုကြောင့် ၎င်းအပါအဝင် လူငယ်နှစ်ဦး သေဆုံးခဲ့ရပြီး လူငယ် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
ကိုညီညီအောင်ထက်နိုင်၏ အတွင်းရှပ်အင်္ကျီမှာ အနီရောင်နောက်ခံပေါ်တွင် ရေးသားထားသော နွေဦးတော်လှန်ရေးဆိုသည့် စာသားပါရှိသည်။ လွန်ခဲ့သည့် ၁၀ နှစ်က အာဖရိကနှင့် အရှေ.အလယ်ပိုင်းနိုင်ငံများရှိ အာဏာရှင်များကို ပြုတ်ကျစေခဲ့သော အာရပ်နွေဦးလှုထုလှုပ်ရှားမှုများကို အားကျကာ ယခုမြန်မာပြည်ရှိ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို လူငယ်တို့က နွေဦးတော်လှန်ရေးဟု အမည်ပေးထားခြင်းဖြစ်သည်။
အသံဗုံးများနှင့် မျက်ရည်ယိုဗုံးများ သုံးစွဲ၍လူစုမကွဲနိုင်သည့်အခြေအနေတွင် တိုက်ပွဲသုံးကျည်အစစ်များဖြင့် စစ်တပ်က ဆန္ဒပြပြည်သူများကို ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ ပဲခူး၊ မြိတ်၊ မော်လမြိုင်၊ ပခုက္ကူနှင့် အခြားမြို.များတွင် ပစ်ခတ်နှိမ်နင်းခဲ့ပြီး၊ လူပေါင်းရာနှင့် ချီဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ ယမန်နေ့က သေဆုံးမှုများအပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိထားသည်။
ကဗျာဆရာ လှသန်း၏ “ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပဲ” ဆိုသည့် ကဗျာစာသား အတိုင်းပင် မီးခိုးဗုံး၊အသံဗုံး၊ကျည်ဆန်များကြားမှ ၎င်းတို့၏ အသက်ကို ခံတပ် သဖွယ်သဘောထားကာ စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်နေသည့် မြင်ကွင်းသည် မြင်တွေ့ရသူ အတွက် စိတ်နှလုံး ကြေကွဲဖွယ်ရာ မြင်ကွင်း တစ်ခုပင်ဖြစ်သည်။
ဗားကရာ ခံတပ်
ရန်ကုန် စမ်းချောင်းရှိ ဗားကရာလမ်းနှင့် ကျွန်းတောလမ်းတွင် စုရပ်သတ်မှတ်ထားသော စစ်အာဏာရှင် တော်လှန်ရေး လူမျိုးပေါင်းစုံ သပိတ် စစ်ကြောင်းသည် အသက် ၂၀ မှ ၃၅ ကြားလူငယ်အများစုပါဝင်သည်။ ၎င်းတို့သည် လူမစုခင်ကပင် စစ်တပ်နှင့် ရဲလုံထိန်း တပ်များ၏ ဖြိုခွဲခြင်းကို ခံခဲ့ရသည်။
သို့သော် ရဲတပ်ဖွဲ့ဝင်များက အမျိုးမျိုး အကြမ်းဖက် ဖြိုခွဲနေသည့်ကြားကပင် သပိတ်စစ်ကြောင်းကို အကြိမ်ကြိမ် ပြန်လည် စုစည်းနိုင်ခဲ့ပြီး ညနေစောင်းချိန်ထိ ၎င်းတို့ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။
စစ်အာဏာရှင် စနစ်၏ ဆိုးမွေကို နောက်မျိုးဆက် အတွက် မချန်ထားလိုသည့် ဆုံးဖြတ်ချက်ဖြင့် ကြံ့ကြံ့ခံ ခဲ့ခြင်းဖြစ်သည်ဟု ထိုဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ကရင် တိုင်းရင်းသူ နော်အိထူးအဲလ်က ဆိုသည်။
“ ကျွန်မတို့ ခံယူချက်က သွေးမြေမကျဘဲ ဒီတော်လှန်ရေးက မအောင်မြင်နိုင်ဘူးလို့ ယူဆထားလို့ ဒီလောက်ထိ ကြံ့ကြံ့ခံနိုင်တာပါ” ဟု ၎င်းက ပြောသည်။
လက်လုပ်ဒိုင်းများကို ကိုင်ဆောင်ထားပြီး ဓာတ်ငွေ့ကာ မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် လူငယ်များသည် မျက်ရည်ယို ဗုံးများကြား ဒူးထောက်ပြီး တစ်ဦးနှင့်တစ်ဦးကာကွယ်ခဲ့ကြသည်။
ဗားကရာ ခံတပ်ဟု ခေါ်ဆိုသည့် ထို သပိတ်စစ်ကြောင်းတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် ကိုဟန်က ဒိုင်းကာသည့် အဖွဲ့နှင့် မျက်ရည်ယိုဗုံးများကို ဖမ်းဆီး ဖျက်ဆီးရသည့် အဖွဲ့ဟူ၍ ၂ မျိုးပါဝင်ပြီး နောက်တွင်ရှိသည့် လူအုပ်၏ ကြွေးကြော်သံကလည်း အားတက်စေသည်ဟု ပြောသည်။
“ ချမယ်ပေါ့။ အနိုင်ချမယ်ပေါ့လေ။ မပြေးဘူးပေါ့။ ကိုယ်က ခံစစ်အရမ်းကောင်းတယ်ဆိုပြီး ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ယုံကြည်ချက် အပြည့်ရှိကြတယ်” ဟု ကိုဟန်က ဆိုသည်။
ဖိရင်ကြွ၊ထိရင်ချ
အသက် ၂၂ နှစ်အရွယ် ကိုဝေယံဖြိုးမိုးမှာ ရန်ကုန် တာမွေမှ ထွက်ခွာမည့် အထွေထွေသပိတ်ကော်မတီ (GSC) စစ်ကြောင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် တစ်ဦး အနေဖြင့် ပါဝင်ချီတက်ခဲ့သည်။
တာမွေမြို့နယ် ယုဇန ပလာဇာ အနီးတွင် ၎င်းတို့ သပိတ်စစ်ကြောင်း စတင်ထွက်ခွာရန် ပြင်ဆင်နေချိန်မှာပင် စစ်ကား ဆယ်စီးခန့် ရောက်ရှိလာပြီး မျက်ရည်ယိုဗုံးများ၊အသံဗုံးများဖြင့် စတင် ပစ်ခတ်ခဲ့သည်ဟု ကိုဝေယံဖြိုးမိုးက ပြောသည်။
မျက်ရည်ယိုဗုံးများ၊အသံဗုံးများ၊သေနတ်ပစ်သံများ တိတ်ဆိတ်သွားပြီးနောက်တွင် တာမွေမြို့နယ် ယုဇန ပလာဇာ အနီးရှိ အလမ်းကြားများတွင် နေရာယူထားသည့် ဆန္ဒပြလူငယ်များက“ ဖိရင်ကြွမယ်၊ထိရင်ချမယ်” ဟူသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ပြီး ပြန်လည်ချီတက်ခဲ့ရာ စစ်ကားများ ပြန်လည် ထွက်ခွာ သွားခဲ့သည်ဟု ၎င်းကပြောသည်။
“ထွက်ပြေးတာမျိုးမရှိဘူး။ ပုံစံမပျက်ဘဲနဲ့ အစုလိုက်ရှိနေတယ်။ကြွေးကြော်သံတွေ အော်ဟစ်နေတယ်ဆိုတဲ့ အပေါ်မှာ သူတို့ တစ်စုံတစ်ရာတော့ အံ့ဩသွားတဲ့ ပုံစံတော့တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။
လှည်းတန်းနှင့် မြေနီးကုန်း လမ်းဆုံရှိ ဆန္ဒပြတောင်းဆိုသူများ ရဲလုံထိန်းတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသည့် သတင်းများကို ၎င်းတို့ စစ်ကြောင်း မချီတက်မီ အချိန်ကပင် ကြားသိနေရပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ ရှိသည့်ကြားက ရန်ကုန်၊ ပန်းဆိုးတန်းအထိ ချီတက်နိုင်ခဲ့သည်ဟု ကိုဝေယံဖြိုးမိုးက ပြောသည်။
“ကျွန်တော်တို့ လူငယ်တွေ လက်တွေ့ ရင်ဆိုင်နေရတဲ့ ဘဝတွေက ကျွန်တော်တို့ရဲ့ ဘဝအသိကို ပြဋ္ဌာန်းပေးနေတာပဲလို့ ကျွန်တော်ယူဆပါတယ်။ ခုဆိုရင် လူငယ်ထု တစ်ရပ်လုံး ဒီ တော်လှန်ရေးကြီးမှာ ဦးဆောင်ပါဝင်နေပါပြီ” ဟု ၎င်းကပြောသည်။
ပစ်ခတ်မှုများကြားမှ လူငယ်များ
ယမန်နေ့ကလှုပ်ရှားမှုတွင် မူလ ရည်ရွယ်ထားသည့် သပိတ်စစ်ကြောင်းများသို့ သွားရောက်နေသည့် အချိန်တွင်ပင် လူစုခွဲမရဘဲ အဖြိုခွင်းခံခဲ့ရသည့်အတွက် နီးစပ်ရာ သပိတ်စစ်ကြောင်းများဖြင့် သွားရောက် ပူးပေါင်း ဆန္ဒပြနေသည့် လူငယ်များ ရန်ကုန်တွင် အများအပြားရှိသည်။
NGO ဝန်ထမ်းတစ်ဦးဖြစ်သည့် မထိုက်သည် ယမန်နေ့ဆန္ဒပြပွဲများတွင် ပါဝင်နိုင်ရန် နံနက် စောစောကပင် ပြင်ဆင်ပြီး ရန်ကုန်မြို့လယ်သို့ သွားရောက်ခဲ့သည်။ သို့သော်လည်း သူနှင့်သူ့ သူငယ်ချင်းများ ရောက်ရှိချိန်တွင် ထို သပိတ်စစ်ကြောင်းများမှာ ရဲလုံထိန်းများ၏ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီး ကစဉ့်ကလျားဖြစ်နေပြီဖြစ်သည်။
ထို့ကြောင့် ရန်ကုန်မြို့လယ်ရှိ နီးစပ်ရာ သပိတ်စစ်ကြောင်းများနှင့်ပူးပေါင်းခဲ့ပြီး ၃ ကြိမ် ဖြိုခွင်းခံခဲ့ရပြီး အသက်အန္တရာယ်မှ လွတ်မြောက်အောင် သေနတ်ကျည်ဆန်များ၊မျက်ရည်ယို ဗုံးများကြားက ပြေးလွှားခဲ့ရသည်ဟု ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။
“ဒါကြီးက ကျွန်မတို့ ရပ်လိုက်လို့ မရဘူး။ ဒီကောင်တွေက ဆက်ပြီး ယုတ်မာမှာပဲ။ ဒီနေ့ သင်ခန်းစာမှာတော့ ပြန်တိုက်ခိုက်ရမယ်။ စနစ်တကျ ပြန်ပြင်ဆင်ပြီးတော့ သူတို့ တစ်ဆင့်စီ ပြန်လုပ်ရမယ်ဆိုတာတော့ သိလိုက်ရတယ်” ဟု မထိုက်က ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။
လူငယ် ပရဟိတသမား တစ်ယောက် အဖြစ် လူသိများသူ ကိုသန့်ဇင်စိုးသည် ရန်ကုန်မြို့လယ်သို့ သွားရောက်ပြီး ဆန္ဒပြ တောင်းဆိုရန် ပြင်ဆင်ထားသော်လည်း ရဲလုံထိန်းတပ်များက လူစုမခံဘဲ အကြမ်းဖက်ဖြိုခွင်း မှုများကြောင့် စမ်းချောင်း ဗားကရာလမ်းရှိ လူမျိုးပေါင်းစုံ သပိတ်စစ်ကြောင်းဖြင့်သာ ပူးပေါင်းလိုက်သည်။
“ကျွန်တော်တို့က ပစ်မှာ ကြောက်တယ်။ အရိုက်ခံရမှာကြောက်တယ်။ လမ်းပေါ်မှာ သေရမှာ ကြောက်တယ်။ ဒါပေမယ့် ဒီတော်လှန်ရေးကြီး ရှုံးသွားခဲ့ရင် ယူနီဖောင်း ဝတ်ထားပြီးတော့ လက်နက်ရှိတဲ့သူတွေက အမြဲတမ်း နိုင်တတ်တယ်ဆိုတဲ့ ယဉ်ကျေးမှုကို ကျွန်တော်တို့ နိုင်ငံမှာ စွဲသွားမှာကို ကျွန်တော်တို့ ပိုကြောက်တယ်” ဟု ၎င်း၏ ခံစားချက်ကို ပြောလိုက်သည်။