ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်မှုတစ်ဦး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ် ရှားမှု (CDM) တွင် ပါဝင်လာပြီး ပထမဆုံး ပြည်သူ့ဘက်တော်သားအဖြစ် အဆင့်မြင့်ရဲအရာရှိတစ်ဦး ပါဝင်လာခြင်းဖြစ်သည်။
“လက်ရှိ အာဏာသိမ်းစစ်အစိုးရရဲ့လက်အောက်မှာ ကျွန်တော် တာဝန် မထမ်းဆောင်လိုပါဘူး။ နောက်ပြီးတော့ ဒီ CDM လုပ်နေတဲ့ ဝန်ထမ်းတွေဘက်မှာ တစ်တပ်တစ်အားနဲ့ဝင်ပြီး ထောက်ခံ၊ ဆန္ဒပြ CDM လုပ်တာပါ” ဟု ရန်ကုန်တိုင်းသတင်းရဲတပ်ဖွဲ့မှ ယာယီရဲမှူးဖြစ်သူ တင်မင်းထွန်းက ၎င်းကိုယ်တိုင် ပြောကြားထားသည့် ရုပ်သံဖိုင်ကို လူမှုကွန်ရက်တွင်တွင် တင်ထားသည်။
၁၉၈၉ ကတည်းက သတင်းရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် အမှတ်(၁၃) သတင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်) တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ဖေဖော်ဝါရီ ၂၆ တွင် တာဝ န်ထမ်းဆောင်မှုရပ်နားပေးရန် စာတင်ပြထားခဲ့ကြောင်း သတင်းရုပ်သံတွင် ၎င်းက ပြောကြားထားသည်။
ရန်ကုန်တိုင်းသတင်းရဲတပ်ဖွဲ့မှ ယာယီရဲမှူး တင်မင်းထွန်း CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း အတည်ပြု ပြောကြားသည်။
စစ်ကောင်စီကို ဆန့်ကျင်အန်တုနေသည့် Generations Z လူငယ်များ၏ ဆန္ဒထုတ်ဖော်မှုကို ထောက်ခံအားပေးပြီး အနာဂတ်မျိုးဆက်များအတွက် စစ်ကောင်စီကိုဆန့်ကျင်သည့် CDM တွင် ပါဝင်ခြင်းဖြစ်ကြောင်းလည်း ရဲမှူးတင်မင်ထွန်းက ဆိုသည်။
“ဒီစစ်အစိုးရ တည်မြဲနေမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်က နောက်ထပ်အနှစ် ၂၀ လည်း မရပါဘူး၊ အစိတ်လည်းမရပါဘူး။ ပြန်ပြီးကျဆုံးသွားမှာပါ။ အဲဒီအတွက် ကျွန်တော် လုပ်ရခြင်း (CDM တွင်ပါဝင်ရခြင်း) ဖြစ်ပါတယ်” ဟု အဆိုပါရုပ်သံဖိုင်တွင် ၎င်းက ပြောကြားထားသည်။
CDM လှုပ်ရှားမှုတွင် ပါဝင်လိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အများအပြားရှိသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် များစွာပေးဆပ်ရပြီး ၁ နှစ်မှ ၃ နှစ်အထိ ထောင်ဒ ဏ်ချမှတ်နိုင်သည့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ အခြားဥပဒေများနှင့် ပုဒ်မတပ် အရေးယူခံရနိုင်ကြောင်း ရဲမှူးတင်မင်ထွန်းက ပြောသည်။
“ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကျွန်တော် ပြောချင်ပါတယ်။ ကိုယ်ယုံကြည်ရာ လုပ်နိုင်သရွေ့ လုပ်လိုက်ပါ။ CDM လုပ်ခြင်းမလုပ်ခြင်းဟာ အလွှာပါးပါးလေးပဲ ခြားပါတယ်။ ဘာမှမျှော်လင့်ချက်မထားပါနဲ့” ဟု ၎င်းက ပြောသည်။
ဆန္ဒပြမှုကိုဖြိုခွင်းသည့်ဖြစ်စဉ်များကို အဓိကကြိုးကိုင်သည့်အဖွဲ့အစည်းကို ပြည်သူလူထုက သိသင့်သလောက်သိသော်လည်း ရဲတပ်ဖွဲမှာ ထိုးကျွေးခံနေရပြီး အဖယ်ကြဉ်ခံရလျက်ရှိကာ ပုံရိပ်ကျဆင်းနေသည်ဟုလည်း ရဲမှူးတင်မင်းထွန်း ဆို့နင့်ကြွေကွဲသံဖြင့် ပြောသည်။
ရဲတပ်ဖွဲ့ဝင်များ၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ၎င်းတို့၏ သားသမီးအများစုသည်ပင် ဆန့်ကျင်မှုများရှိပြီး နောက်မျိုးဆက်များကို ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မည်သည့်မျက်နှာဖြင့် ရင်ဆိုင်ရပ်တည်မည်ကိုလည်း ၎င်းက မေးခွန်းထုတ်လိုက်သည်။
“ကျွန်တော် ထောင်ကျလည်း ကျပါစေ။ မိသားစုအတွက်လည်း ကျွန်တော်ပေးဆပ်လိုက်တာပါ။ ဒီနိုင်ငံ အတွက်လည်း ကျွန်တော်ပေးဆပ်လိုက်တာပါ။ ကျွန်တော့သားသမီးတွေ အိမ်ကလူတွေလည်း မှာချင်ပါတယ်။ အေးဆေးနေပါ။ မတိုင်မိဘဲနဲ့ လုပ်လိုက်မိသွားပါတယ်။ စိတ်ကို မထိန်းနိုင်လို့ပါ” ဟု ရဲမှူးတင်မင်းထွန်းက ဆိုသည်။
စစ်အာဏာသိမ်းမှု ကိုကန့်ကွက်သည့်အနေဖြင့် CDM လှုပ်ရှားမှုကို ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများက ဗွေဆော်ဦးစတင်ခဲ့ပြီး ဌာနပေါင်းစုံမှ ဝန်ထမ်းအများအပြား ပူးပေါင်းပါဝင်လျက်ရှိ သည့်နည်းတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အချို့လည်း ပါဝင်ပူးပေါင်းခဲ့သည်။