သတင်း

အာဏာသိမ်းမှုဆန့်ကျင်သူများကို အင်အားသုံးဖြိုခွင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၊ ရိုက်နှက်၊ အကြမ်းဖက်သည့်နည်းလမ်းများ အရှိန် မြှင့်၍ သုံးစွဲလာနေသည်။

နေ့စဉ်လူဦးရေသိန်းချီဆန္ဒပြလေ့ရှိသည့် ရန်ကုန်မြို့ မြေနီကုန်းနှင့် လှည်းတန်းလမ်းဆုံတို့၌ ပြည်သူများကို ယနေ့ (ဖေဖော်ဝါရီ ၂၆)တွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ အကြိမ်ကြိမ်ဖြိုခွင်းခဲ့သည်။

မြေနီကုန်း

နံနက် ၁၀ နာရီကတည်းက မြေနီကုန်းခုံးကျော်တံတား၊ ပဒုမ္မာပန်းခြံ၊ ဗားကရာလမ်း၊ ဒဂုံစင်တာရှေ့၊ ပြည်လမ်းမ ဧရိယာတလျှောက်တွင် စစ်ကား၊ ရဲကားများရပ်၍ လမ်းများကို ပိတ်ဆို့ထားကြသလို အချုပ်ကားများနှင့် ရေအမြောက် ( Water Canon ) ကားများကိုပါ အဆင်သင့်ပြင်ဆင်ထားသည်ကိုတွေ့ရသည်။

မြောက်မြားလှစွာသော ဆန္ဒပြပြည်သူတို့ကမူ ယခင်နေ့ရက်များကဲ့သို့ပင် မြေနီကုန်းတံတားအောက်၌ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာကြွေးကြော်နေခဲ့သည်။

များမကြာမီ အချိန်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ကြွေးကြော်နေသည့် ဆန္ဒပြ ပြည်သူများရှိရာသို့ ဗားကရာလမ်းပေါ်၌ နေရာယူထားသော ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများကို လက်ကိုင်တုတ်ဖြင့် ခပ်ပြင်းပြင်း ရိုက်ကာ ငြာသံပေးပြီး ချီတက်လာသည်။

ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းရန် ချီတက်လာသည့် ရဲများက ဓာတ်ပုံနှင့် ရုပ်သံ မှတ်တမ်းယူနေကြသည့် သတင်းထောက်များထဲမှ နှစ်ဦးကို ဗွေဆော်ဦးအဖြစ် ဖမ်းဆီးသည်။

ထို့နောက်တွင်မူ အာဏာရှင်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသည့် ပြည်သူများကို  သေနတ်၊ မီးခိုးဗုံးများအသုံးပြု၍ အကြမ်းဖက်ဖြိုခွင်းတော့သည်။

ရဲတပ်ဖွဲ့၏ မြေနီကုန်းအကြမ်းဖက်ဖြိုခွင်းမှုအတွင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနမှ ကိုဝေယံ၊ Myanmar Local News TV မှ သတင်းထောက်၊ တိုကျိုမြို.အခြေစိုက် Nikkei စီးပွား ရေးနေ့စဥ်သတင်းစာ၏ အလွတ်တန်းသတင်းထောက်  ယူကီကီတာဇူမီတို့ သုံးဦး ဖမ်းဆီးခံခဲ့ရသည်။

 ဆင်ဟွင်သတင်းထောက် ကိုဝေယံက အသာတကြည်အဖမ်းခံခဲ့ရာ ရဲတပ်ဖွဲ့က လက်ထိတ်မခတ်၊ အကြမ်းမဖက်သော်လည်း ရုန်းကန်ခဲ့သည့် အသက် ၅၀ ကျော်အရွယ် Myanmar Local News TV သတင်းထောက်ဆိုသူအမျိုးသားကိုမူ   ထိုးကြိတ်၍ လက်ထိတ်ခတ်သည်အထိပြုမူခဲ့ကြောင်းပြောသည်။

“ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို လိုက်ပြီးနှိမ်နင်းတဲ့အချိန် ကျွန်တော်က နောက်ကလိုက်ရိုက်တဲ့အချိန်မှာ သူတို့က ရုတ်တရက်လှည့်လာပြီး အဲဒီကောင်တွေဖမ်း၊ ဖမ်းဆိုပြီးအကုန်ဖမ်းတဲ့သဘောပါ။…….. အမှန် တော့ အဲဒီလိုမလုပ်သင့်ဘူးလေ။ မီဒီယာသမား ဖမ်းဖမ်း၊ အဲဒီမီဒီယာသမားတွေဖမ်းဆိုတဲ့ ဟာမျိုးပေါ့” ဟု ၎င်းက ပြောသည်။

ထို့နောက် သတင်းဌာနအသိအမှတ်ပြုကတ်ပြားနှင့် လူကို ရဲက မှတ်တမ်းဓာတ်ပုံရိုက်ယူကာပြန်လွှတ်ပေး ခဲ့ကြောင်း ကိုဝေယံက ပြောသည်။

နောက်ပိုင်းတွင် ဖမ်းဆီးခံရသည့် သတင်းထောက်သုံးဦး ပြန်လွတ်လာသော်လည်း ပြည်သူ ၁၀ဦးခန့်မှာမူ လွတ်မြောက်လာခြင်းမရှိသေးသလို ရဲတပ်ဖွဲ့ဖြိုခွင်းမှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ ကိုလည်း အတည်မပြုနိုင်သေးပါ။

ရန်ကုန် မြေနီကုန်းတွင် ဆန္ဒပြသူတစ်ဦးကို ရဲတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားစဉ် (ဓာတ်ပုံ- Myanmar Now)

လှည်းတန်း

မြေနီကုန်းဖြစ်စဉ်နှင့် တစ်ချိန်တည်းလိုလိုမှာပင် ရန်ကုန်၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၌ ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ထောင်ဂဏန်းရှိသော ပြည်သူလူထုရှိရာအရပ်သို့ ရဲတပ်ဖွဲ့က သေနတ် ၁၀ ချက်ကျော်အထိ ပစ်ခတ်၍ လူစုခွဲအကြမ်းဖက်ဖြိုခွင်းခဲ့ပြန်သည်။

လူစုခွဲခံရသော်လည်း ဆန္ဒပြသူတို့ အကြိမ်ကြိမ်ပြန်လည်စုဝေးခဲ့ကြသည့် အဆိုပါနေရာတွင် အင် အား အလုံးအရင်းဖြင့် နေရာယူထားသော ရဲတပ်ဖွဲ့က တစ်နေ့အတွင်း သုံးကြိမ်တိုင်တိုင် သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းသည်။

ထို့အတူ အဆိုပါနေရာတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် အချို့သော ပြည်သူများရှိရာသို့ ရဲတပ်ဖွဲ့က လူစုခွဲရန် သတိပေးခြင်းပင်မရှိ ချဉ်းကပ်လာခဲ့ပြီး ရိုက်နှက်ဖြိုခွင်းခဲ့ပြန်သည်။

ရဲတပ်ဖွဲ့က လှည်းတန်းလမ်းဆုံ၌ အဓိကကျသည့် လှည်းတန်းလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းစိန်လမ်း၊ ပြည်လမ်းတို့ကိုလည်း ပိတ်ဆို့ထားသဖြင့် အကြမ်းဖက်ဖြိုခွင်းခံရသည့် ပြည်သူတို့ အခက်အခဲ များစွာကြုံခဲ့ရသည်။

လှည်းတန်း၌ ပထမအကြိမ် ဖြိုခွင်းမှုအတွင်း ရဲတပ်ဖွဲ့က မီးခိုးဗုံးနှစ်လုံးထက်မနည်းကိုလည်း သုံးစွဲခဲ့သည်။

ရန်ကုန်တွင် လုံခြုံရေးအဖွဲ့ဝင်များက ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် အသုံးပြုခဲ့သည့် ပေါက်ကွဲစေတတ်သောပစ္စည်းများ (ဓာတ်ပုံ- Myanmar Now)

“ သေနတ်တွေကလည်း မိုးပေါ်ထောင်ပစ်တာ မဟုတ်ဘူး။ လူတွေဆီ တည့်တည့်ပစ်တာ ၄၊ ၅ချက်လောက်ပစ်တယ်။ ကျွန်တော်ဘေးက မိန်းကလေးဆို လဲကျသွားပါတယ်။ ကျွန်တော်တို့ဘက်က သူတို့(ရဲတွေ)ကို ဘာနဲ့မှ ပစ်ပေါက်ခဲ့တာမရှိဘူး။ ငြိမ်းချမ်းစွာဆန္ဒပြနေတာပါ”ဟု အဆိုပါနေရာတွင် ဆန္ဒပြနေသူတစ်ဦးက ဆိုသည်။

လှည်းတန်း၌ နံနက်ပိုင်းတွင် ထိုသို့ဖြိုခွင်းခဲ့သော်လည်း ဆန္ဒပြပြည်သူတို့ ပြန်လည်စုဝေးလာသဖြင့် ရဲတပ်ဖွဲ့က နောက်ထပ်နှစ်ကြိမ်တိုင် အကြမ်းဖက်ဖြိုခွင်းခဲ့ပြန်သည်။

နေ့လယ် ၂ နာရီဝန်းကျင်တွင် ထပ်မံဆန္ဒပြနေသည့် ပြည်သူများရှိရာသို့ တက္ကသိုလ်ရိပ်သာလမ်းတွင် အသင့်ရပ်ထားသည့် ရေအမြောက်ကား၊ အချုပ်ကားများပါအသုံးပြုကာ အင်အား ၃၀၀ ဝန်းကျင်ရှိရဲများက ငြာသံပေးချီတက်လာပြီး သေနတ် ၁၀ချက်ထက်မနည်းပစ်ခတ်လူစုခွဲခဲ့ခြင်း ဖြစ်သည်။

ထို့နောက် နာရီပိုင်းအကြာတွင် လှည်းတန်းလမ်းဆုံအနီးပြန်လည်စုဝေးလာသည့် ပြည်သူများက ရဲတပ်ဖွဲ့က နောက်တစ်ကြိမ်ပစ်ခတ်လူစုခွဲသည်။

လှည်းတန်းတွင် ရဲတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းမှုအတွင်း လူငါးဦးထက်မနည်း ဖမ်းဆီးခံရာ ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုလည်း အတည်မပြုနိုင်သေးပေ။

ယနေ့ ညနေပိုင်းအထိ အတည်ပြုထားနိုင်သော သတင်းများအရ ရွှေပြည်သာမြို့နယ် တ/၁၅ ရပ်ကွက်တွင် ညကင်းသမားအဖြစ် စောင့်နေသော အသက် ၃၀ နှစ်အရွယ် ဦးတင်ထွဋ်ဟိန်း (ခေါ်) ပလီမသည် ဖေဖော်ဝါရီ ၂၀ ညတွင် စစ်ကောင်စီလုံခြုံရေးအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ရန်ကုန်တွင်ပွဲချင်းပြီးသေဆုံးခဲ့ရပြီးဖြစ်သည်။

ဖေဖော်ဝါရီ ၂၆ ညနေပိုင်းတွင် လှည်းတန်း၌ ဆန္ဒပြသူများကို ဖြိုခွင်းအပြီး တွေ့ရသည့် လုံခြုံရေးအဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မန္တလေး

စစ်အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက် လူပေါင်းသိန်းချီ ဆန့်ကျင်ဆန္ဒပြနေပြီး အကြမ်းဖက် ဖြိုခွင်းမှုကြောင့် လူသေဆုံးရသည်အထိဖြစ်ခဲ့ဖူးသည့် မန္တလေး၏ လူထုလှုပ်ရှားမှုကိုလည်း ယနေ့တွင် ရဲတပ်ဖွဲ့က သေနတ်သုံးဖြေရှင်းပြန်သည်။

မန္တလေးမြို့၌ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလူထုအများအပြားရှိရာ နေရာ ၄ ခုတွင် ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ကစပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွင်းမှုများ တစ်ပြိုင်နက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

၆၂လမ်း မနောရမ္မံကစားကွင်းရှေ့၊ ၇၈လမ်းနှင့် ၃၈လမ်းအနီး၊ ၃၅ လမ်းမြတောင်ကျောင်းတိုက်ရှေ့နှင့် ၇၈ လမ်း ဒိုင်းမွန်းပလာဇာအရှေ့တို့၌ စစ်ကား၊ ရဲကားများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား အများအပြားက သေနတ်မိုးပေါ်ပစ်ဖောက်၍ လူစုခွဲခြင်း၊ ကားပေါ်မှ လေးခွများဖြင့် လမ်းဘေးရှိ ပြည်သူများအား ပစ်ခြင်းနှင့် ရေကားများဖြင့် လူစုခွဲခြင်းတို့ ပြုလုပ်ခဲ့သည်။

လက်ရှိအခြေအနေအရ အထက်ပါ နေရာ ၄ ခုရှိ ဆန္ဒပြပြည်သူအချို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ အချုပ်ကားပေါ် တင်ဆောင်သွားသလို ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူမရှိသော်လည်း ဒဏ်ရာရသူနှင့် ဖမ်းဆီးခံရသူ အရေအတွက် အတိအကျမသိရှိသေးပေ။ 

မနော်ရမ္မံကစားကွင်းရှေ့၌ ယနေ့ ခြေထောက်ကျည်မှန်သော အမျိုးသားတစ်ဦးအပါအဝင် ဒဏ်ရာရ လူနာ ၅ ဦးအား ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရှိ ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိသည်။

ဆန္ဒပြလူထုအား နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုလိုက်ပေးနေသော ချမ်းမြသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “ဒီနေ့အခြေအနေက သူတို့(စစ်တပ်)ဘက်က လူတွေကို မကြောက်ကြောက်အောင် ခြောက်လှန့်သွားတဲ့ပုံစံပါ။ ခါတိုင်းလို လုံခြုံရေးကို အထိုင်ပုံစံမဟုတ်တော့ဘဲ လှည့်လည်ပြီးတော့ မည်းမည်းမြင်ရာ ပစ်တယ်။ လူထုကို ဒေါသမထွက်ထွက်အောင် ရန်စတာမျိုးလုပ်တယ်” ဟု ပြောသည်။  

စစ်အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက် ဆန့်ကျင်နေသည့် မန္တလေးတွင် ယနေ့ညနေပိုင်းအထိရရှိထားသော စာရင်းများအရ ရဲတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လေးဦး၊ ကားတိုက်မှုကြောင့် တစ်ဦး၊ ဆန္ဒပြရာမှ မူးလဲပြီး တစ်ဦး စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ရပြီးဖြစ်သည်။

မန္တလေး၌ ဖေဖော်ဝါရီ ၂၆ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆန္ဒပြသူများကို ဖြိုခွင်းအပြီး တွေ့ရသည့် ကျည်ခွံများ (ဓာတ်ပုံ- Myanmar Now)

နေပြည်တော်

ဖေဖော်ဝါရီ ၁ရက်မှစတင်သည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် အသက် ၂၀အရွယ်အမျိုးသမီးငယ်တစ်ဦး ဦးခေါင်းကိုကျည်ထိမှန်ကာ သေဆုံးရသည်အထိ အကြမ်းဖက်ဖြိုခွင်းခဲ့ဖူးသည့် အုပ်ချုပ်ရေး မြို့တော်နေပြည်တော်၌ ယနေ့တွင်လည်း ရဲတပ်ဖွဲ့က သေနတ်၊ မီးခိုးဗုံးများထပ်သုံးခဲ့ပြန်သည်။

နေပြည်တော်၊ ပျဉ်းမနားမြို့ ပေ၈၀ လမ်းမပေါ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများက ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် ထိုင်သပိတ်ဖြင့် ဆန္ဒပြမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ဖြိုခွင်းကာ အနည်းဆုံး လူ ၂၀ဦးခန့် ဖမ်းဆီးခံခဲ့ရပြီး ဆိုင်ကယ်အစီး ၃၀ခန့်ကိုလည်း ယူဆောင်သွားခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက အတည်ပြုသည်။

ဆန္ဒပြသူများက ဦးကျေးရပ်ကွက်အတွင်း ဝင်ရောက်ထွက်ပြေးခဲ့ကြပြီး ရဲတပ်ဖွဲ့အကြမ်းဖက် ဖမ်းဆီးမှုအတွင်း ဆန္ဒပြရာတွင် မပါဝင်သည့် ရပ်ကွက်နေပြည်သူများသည်ပါဝင်သည်ဟု သိရသည်။

“ကျမက ထမင်းရောင်းနေတာ၊ ကြားလို့ထွက်လာတော့ ကျွန်မ အစ်မ(ဒေါ်တင်တင်ခိုင်)က အချုပ်ကားပေါ်ရောက်နေပြီ။ ထမင်းရောင်းနေရင်းတန်းလန်းကို ဝင်ဆွဲသွားတာ” ဟု ဖမ်းဆီးခံလိုက်ရသူ၏ ညီမတစ်ဦးက Myanmar Now ကိုပြောသည်။

လူစုဖြိုခွင်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲစေသောပစ္စည်းအချို့ အသုံးပြုခဲ့ကြောင်း သက်သေကျည်ခွံများကိုလည်း ရပ်ကွက်နေပြည်သူများက ကောက်ယူရရှိထားသည်။

နေပြည်တော်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် အသုံးပြုခဲ့သည့် ပေါက်ကွဲစေတတ်သောပစ္စည်းအချို့ အကြွင်းအကျန်များ (ဓာတ်ပုံ- Myanmar Now)

ဟားခါး

ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ ဟားခါးမြို့တွင်လည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပြည်သူ များကို ရဲတပ်ဖွဲ့က ယနေ့အကြမ်းဖက်ဖြိုခွင်းရန်ကြိုးပမ်းခဲ့သေးသည်။

ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင်ရှိနေသည့် ဆန္ဒပြလူထုကို ရေကားနှင့် သေနတ်သုံးကာ လူစုခွဲရန် ရဲတပ်ဖွဲ့က ကြိုးပမ်းခြင်းဖြစ်ကြောင်း အဆိုပါနေရာတွင်ရှိနေသည့် သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

သို့သော် ရေကားချို့ယွင်းမှုရှိခဲ့သဖြင့် ဖြိုခွင်းမှုကို ရပ်နားကာ ပိတ်ဆို့ထားသော လမ်းများကို ရဲတပ်ဖွဲ့က ပြန်ဖွင့်ပေးပြီးနောက် ဟားခါးမြို့အခြေအနေ ပြန်လည်တည်ငြိမ်သွားသည်ဟု ၎င်းကပြောသည်။

ဟားခါးမြို့၌ ဖေဖော်ဝါရီ ၂၆ တွင် တွေ့ရသည့် လုံခြုံရေးအဖွဲ့ဝင်များ (ဓာတ်ပုံ- ပေးပို့)

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်သူသန်းချီ၏ နေ့စဉ်ဆန္ဒပွဲများ ၂၆ ရက်မြောက်ရှိလာချိန်တွင် လုံခြုံရေးတပ်ဖွဲ့၏ အကြမ်းဖက်မှုများဖမ်းဆီးမှုများ အရှိန်မြင့်လာနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဖေဖော်ဝါရီ ၂၅ အထိ စာရင်းများအရ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၇၄၈ ဦး ဖမ်းဆီးခံထားရသည်။

ထို့အတူ ယနေ့မွန်းလွဲပိုင်းအထိအတည်ပြုထားနိုင်သော သတင်းများအရ ရဲတပ်ဖွဲ့၏ အကြမ်းဖက် ဖြိုခွင်းမှုအတွင်း ပြည်သူ ၇ ဦးသေဆုံးခဲ့ရပြီးဖြစ်သည်။

မြို့တော်ရန်ကုန်တွင် ရဲတပ်ဖွဲံဖြိုခွင်းမှုကို အကြိမ်ကြိမ်အန်တုနေသောပြည်သူတို့က 

“ပြည်သူရဲတွေ ဘာလုပ်နေလဲ…. အာဏာရူးကို ကာကွယ်နေတယ်”ဟု ကြွေးကြော်ခဲ့ကြသလို အကြမ်း ဖက်ဖြိုခွင်းခံရသည့် ရပ်ကွက်များမှပြည်သူများကလည်း ဆန္ဒပြသူများ၊ သတင်းထောက်များ၏ ဘေးကင်းလုံခြုံရေးကိုကူညီစောင့်ရှောက်ခဲ့ကြသည်။

 

Show More

Related Articles

Back to top button