သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်နေအိမ်၌ မထားတော့ဟု သတင်းထွက်

စစ်အာဏာသိမ်းပြီးနောက် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ခံရပြီးဖြစ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လွန်ခဲ့သောတစ်ပတ်ခန့်ကတည်းက နေပြည်တော်ရှိ နေအိမ်မှ ခေါ်ဆောင်သွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို စုံစမ်း၍မရသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) သတင်းရင်းမြစ်များက Myanmar Now ကို အတည်ပြုသည်။

“ဘယ်နေရာမှာရှိမှန်းမသိဘူး။ သူ့(ဒေါ်အောင်ဆန်းစုကြည်) ဘဝအမှတ်တရပစ္စည်းတွေ၊ ဆုတွေသိမ်းထားပြီး အမှတ်တရပြတိုက်လုပ်ဖို့ရှိတဲ့ လရောင်တောစီမံကိန်းနေရာကိုလည်း လွန်ခဲ့တဲ့ သုံးရက်လောက်က ရှာဖွေသိမ်းဆည်းရေးတွေလုပ်သွားတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။    

အာဏာသိမ်းပြီးစအချိန်၌ ဒေါ်အောင်ဆန်းစုကြည်ထံ အစားအသောက်၊ ဆေးနှင့် ဆေးပစ္စည်းများ ပို့ဆောင်သည့်အခါ သတင်းအစအနအချို့ရလေ့ရှိတတ်သော်လည်း ယခုထိုသို့သိရှိနိုင်မည့် အခြေ အနေပင် မရှိတော့ဟု အခြားသော သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

“အဆက်အသွယ်လုပ်ဖို့အရမ်းခက်နေပြီ။ အာဏာသိမ်းစရက်တွေက အမ(ဒေါ်အောင်ဆန်းစုကြည်) ခြံဘေးကပ်ရပ်မှာ ဒေါက်တာမျိုးအောင် (နေပြည်တော်ကောင်စီဥက္ကဋ္ဌ) နေတာဆိုတော့ သူက ဟိုဘက်ခြံထဲချောင်းကြည့် အခြေအနေအကဲခတ်လို့ရတယ်။ အခုက သူ့ကို(ဒေါက်တာမျိုးအောင်)လည်း အဲဒီမှာ မနေ ခိုင်းတော့ဘဲ ဖမ်းသွားတာကြာပြီ”ဟု ၎င်းက ပြောသည်။

နောက်ထပ် NLD သတင်းရင်းမြစ်ကမူ ယမန်နေ့ညနေက နေပြည်တော်၊ နေအိမ်ခြံဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်လမ်းထွက်လျှောက်နေသည်မျက်မြင်တွေ့သူတစ်ဦးထံမှကြားသိရသည်ဟု ပြောသည်။ သို့သော် “အဲဒါလည်း အတည်ပြုလို့တော့မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်အောင် ဆန်းစုကြည်မှာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇေယျာသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်းရှိ ဝန်ကြီး နေအိမ်တွင် နေထိုင်ခြင်းဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခမဲ့ သင်တန်းဖွင့် လှစ်ရန် စီစဉ်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ လရောင်တောစီမံကိန်းမှာလည်း နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်အတွင်းတွင်တည်ရှိသည်။

လရောင်တောစီမံကိန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏မိခင်ကို ရည်စူး၍ စာကြည့်တိုက်နှင့် အသက်မွေးဝမ်းကျောင်းပညာများ အခမဲ့သင်ကြားပေးနေသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အစိတ် အပိုင်းတစ်ခုလည်းဖြစ်ပြီး အဆိုပါဖောင်ဒေးရှင်းကိုလည်း စစ်ကောင်စီကစုံစမ်းစစ်ဆေးမှုများလုပ်နှင့်ပြီး ဖြစ်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတာဝန်ရှိသူအချို့ကို ဖေဖော်ဝါရီ ဒုတိယပတ်ကတည်းက ခေါ်ယူစစ်ဆေး နေပြီး ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိဖွင့်လှစ်ထားသည့် အမှုများထက်ပိုမိုကြီးမား လေးနက်သည့် အပြစ်မျိုးပေးရန် စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်နိုင်သည်ဟု NLD သတင်းရင်းမြစ်များက ခန့်မှန်း ထားပြီးဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ထမ်းဆောင်စဉ် အနီးကပ်လုံခြုံရေးအဖွဲ့သုံးစွဲသည့် စကားပြော စက်များမှာ တရားမဝင်၊ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ကိုဗစ်နိုင်တင်းကာလစည်းကမ်းသတ်မှတ် ချက်များကို မလိုက်နာဟုဆိုကာ ပို့ကုန်၊သွင်းကုန် ဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပါ ပုဒ်မနှစ်ခုဖြင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုဖွင့်တရားစွဲဆိုထားပြီးဖြစ်သည်။

ဖေဖော်ဝါရီလဆန်းကတည်းက အမှုဖွင့်ခဲ့ပြီး ဇဗ္ဗူသီရိမြို့နယ်တရားရုံးတွင် Video Conferencing စနစ်ဖြင့် နှစ်ကြိမ်တိုင် ရုံးတင်စစ်ဆေးပြီးဖြစ်သော်လည်း ရှေ့နေလိုက်ခွင့်၊ အမှုသည်နှင့်တွေ့ခွင့် ယနေ့တိုင်မရသေးဟု ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က သတင်းမီဒီယာများကို အတည်ပြုထားသည်။

၁၉၈၈ တွင် မြန်မာ့နိုင်ငံရေးလောကသို့ ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ကလည်း ဗိုလ်ချုပ်ကြီးများက ပုဒ်မမျိုးစုံတပ်ပြီး ကာလကြာရှည် ထိန်းသိမ်းခဲ့သည်။

စစ်အာဏာရှင်ကို အန်တုရာတွင် အထင်ရှားဆုံးနိုင်ငံရေးသမားဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းမြို့သို့ရောက်ရှိစဉ် ကြိုတင်စောင့်ဆိုင်းနေသော လူအုပ်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ဖူးပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သူ ၎င်းကို စစ်အစိုးရက ဖမ်းဆီးသည်အထိပြုမူခဲ့ဖူးသည်။

စစ်အစိုးရက ထိုသို့နှိပ်ကွပ်လေ့ရှိသော်လည်း ပြန်လည်လွတ်မြောက်ပြီးနောက် ရွေးကောက်ပွဲဝင်တိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းကိုယ်တိုင် ဥက္ကဋ္ဌတာဝန်ယူထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ်အနိုင်ရလေ့ရှိသည်။

Show More

Related Articles

Back to top button