
ဘဏ်ဝန်ထမ်းများလည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါ၀င်နေသောကြောင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ရပ်ဆိုင်းနေကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းအသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းယူခဲ့သည့် စစ်ကောင်စီကို ဖေဖော်ဝါရီ ၈ မှစ၍ အစိုးရနှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများက ရုံးမတက်ဘဲ အာဏာဖီဆန်နေခြင်းကြောင့် ဘဏ်အများအပြား ပိတ်ထားရပြီး ကုန်သွယ်ရေး ငွေပေးချေမှု၊ ဘဏ်အချင်းချင်း ငွေကြေးလွှဲပြောင်းမှုနှင့် ဘဏ်အသုံးပြု ရောင်းဝယ်မှုများ အကြီးအကျယ် ထိခိုက်သွားသည်ဟု ဘဏ်အသိုင်းအဝိုင်းက ဆိုသည်။
“၂၄ ရက်အတွင်းမှာ ဘဏ်အချင်းချင်း ပေးချေရှင်းလင်းမှု၊ ရောင်းဝယ်မှု၊ စာရင်းရှင်းလင်းမှု ရပ်တန့်သွားတယ်။ ငွေသား စီးဆင်းမှု လုံးဝရပ်တန့်သွားတယ်” ဟု ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ တွင် Myanmar Now ကို ပြောသည်။
ဘဏ်လုပ်ငန်းများ ခေတ္တရပ်ဆိုင်းနေခြင်း ဖြစ်ပြီး ပျက်စီးသွားခြင်းမဟုတ်ကြောင်း ၎င်းက အလေးအနက် ပြောသည်။
ငွေကြေးစီးဆင်းမှု အခက်အခဲ
နိုင်ငံတကာနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် ဘဏ်ဝန်ဆောင်မှုကို အသုံးပြု၍ ဘဏ်ငွေလွှဲစာတမ်းစနစ် (Letter of Credit- LC) နှင့် ကြေးနန်းငွေလွှဲပို့စနစ် (Telegraphic Transfer- TT) ဖြင့် ငွေပေးချေရသော်လည်း ဘဏ်များ ပိတ်ထားသဖြင့် ငွေပေးချေမှုများရပ်တန့်သွားပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းများ အခက်ကြုံနေသည်။
စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုများရပ်ဆိုင်းနေသော်လည်း အများပြည်သူ ငွေသားထုတ်ယူနိုင်ရန် အလိုလျောက်ငွေထုတ်စက် (ATM) များတွင် ငွေသားဖြည့်တင်းပေးနေပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုများလည်း ဆောင်ရွက်ပေးထားကြောင်း ဘဏ်အသိုင်းအဝိုင်းက ဆိုသည်။
သို့သော် စစ်ကောင်စီက အင်တာနက်ဆက်သွယ်ရေး ပိတ်ပင်ထားခြင်း၊ မြန်နှုန်းကန့်သတ်ခြင်းတို့ကြောင့် အွန်လိုင်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုများအတွက် အတားအဆီးဖြစ်နေဆဲဖြစ်သည်။
ထိုသို့ ဘဏ်ပိတ်ထားမှုကြောင့် ငွေလွှဲငွေပေးချေခြင်း၊ နိုင်ငံခြားငွေ ရောင်းဝယ်ခြင်း၊ ချေးငွေထုတ်ပေးခြင်း စသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများမှ အကျိုးအမြတ်များ မရသော်လည်း ဘဏ်အဆောက်အအုံငှားရမ်းခ၊ ဝန်ထမ်းစရိတ်များ ကုန်ကျစရိတ်များ ပုံမှန်ပေးချေရမည်ဖြစ်သည်ဟု ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
ပုဂ္ဂလိဘဏ်များသည် ဘဏ်ခွဲရာနှင့်ချီဖွင့်လှစ်ထားသော်လည်း ကိုယ်ပိုင်အဆောက်အအုံ အနည်းငယ်သာရှိပြီး အများစုကို ငှားရမ်းဖွင့်လှစ်ရခြင်းဖြစ်ရာ ငှားရမ်းခစရိတ်မှာ မသက်သာလှကြောင်း ၎င်းက ဆက်ပြောသည်။
တစ်ချိန်တည်းတွင် မြန်မာနိုင်ငံတွင် ခွင့်ပြုထားသည့် နိုင်ငံခြားဘဏ်များအနေဖြင့် ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရခြင်းကြောင့် နိုင်ငံခြားဘဏ်လုပ်ငန်းများလည်း တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းသွားသည်ဟု ဘဏ်အသိုင်းအဝိုင်းက ဆိုသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်များ မပိတ်သော်လည်း ဘဏ်ဝန်ထမ်းအချို့မှာ CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းကြောင့် အုပ်ချုပ်မှုပိုင်းအတွက် ငွေကြေးစီးဆင်းအခြေအနေမှာ အကျပ်အတည်းကြုံတွေ့နိုင်သည်ဟု CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ဗဟိုဘဏ်ဝန်ထမ်းများက Myanmar Now ကို ပြောဆိုထားသည်။
တိုင်းပြည်စီးပွားရေးလည်ပတ်ရန် ဘဏ်များသည် အဓိကအသက်သွေးကြောဖြစ်ပြီး အာဏာသိမ်းပြီးနောက် တစ်လနီးပါးကြာမြင့်လာချိန်အထိ ဘဏ်များပိတ်ထားခြင်းကြောင့် ဘဏ်နှင့်ချိတ်ဆက် ဆောင်ရွက်ရသည့် ကုန်သွယ်ရေးလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းအများအပြား ရပ်ထားရသည်။
“လုပ်ငန်းတွေ တော်တော်များ မလည်ပတ်နိုင်ဘူး။ ဘာမှမလုပ်နိုင်ဘူး။ ဘာဖြစ်မယ်မှန်းမသိဘူး။ ကုန်သွယ်မှုတွေ လျော့နေတယ်ဆိုလို့ရှိရင် တိုင်းပြည်စီးပွားရေး ထိခိုက်လာမယ်။ စီးပွားရေးထိခိုက်လာရင် ဘဏ်လုပ်ငန်းတွေမှာ လာပြီးတော့ ပေါ်လာလိမ့်မယ်” ဟု ဘဏ္ဍာရေးနယ်ပယ်မှ အမည်မဖော်လိုသူအမျိုးသမီးက ဆိုသည်။
ငွေကြေးဆိုင်ရာ ကောလာဟလ
လက်ရှိတွင် ဘဏ်ဝန်ဆောင်မှုများ ရပ်ဆိုင်းထားရသည်မှအပ ဘဏ်များအနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိနေကြောင်း၊ ကောလာဟလများ ထွက်နေချိန်တွင် ဘဏ်အပ်ငွေအတွက် စိုးရိမ်မှု မလွန်ကဲသင့်ကြောင်း ၎င်းက ထပ်မံပြောသည်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ကျပ် ၁၀,၀၀၀ တန်ငွေစက္ကူနှင့်ပတ်သက်သည့် ကောလာဟလများ၊ နိုင်ငံရေးအပြောင်းအလဲနှင့်အတူ ဘဏ်အပေါ်ယုံကြည်မှုလျော့နည်းစေသည့်သ တင်းများ ထွက်လာပေါ်လာသဖြင့် ငွေအပ်နှံငွေသူများအနေဖြင့် စုဆောင်းငွေများနှင့်ပတ်သက်၍ စိုးရိမ်ရှိခဲ့သည်။
ဘဏ်များသည် အများပြည်သူ၏ စုဆောင်းအပ်နှံငွေကို လက်ခံပြီး ငွေလိုအပ်သောစီးပွားရေးလုပ်ငန်းများကို တစ်ဆင့် ငွေပြန်လည်ချေးကာ လည်ပတ်ရသောကြောင့် အပ်နှံငွေများသည် ဘဏ်ထဲတွင် ရာနှုန်းပြည့်မရှိပေ။ စိုးရိမ်မှုများကြောင့် အပ်နှံငွေထုတ်ယူမှု များပြားပါက ဘဏ်များ အကျပ်အတည်းဖ ပိုဖြစ်နိုင်ကြောင်း အဆိုပါအမျိုးသမီးက ပြောသည်။
ဖေဖော်ဝါရီ ၁၅ တွင် ပြန်ဖွင့်ခဲ့သည့် တပ်မတော်ပိုင် မြဝတီဘဏ်တွင် နေ့စဉ်နှင့်အမျှ ငွေထုတ်ရန် စောင့်ဆိုင်းသူ အများအပြားရှိခဲ့ပြီး လက်ကျန်ငွေနည်းပါးခြင်းကြောင့် အကန့်အသတ်ဖြင့်သာ ထုတ်ပေးခဲ့ကြောင်း ငွေထုတ်သူများက ပြောဆိုထားသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်းရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေချိန်တွင် စစ်တပ်က အာဏာ သိမ်းယူလိုက်ခြင်းကြောင့် ရက်ပိုင်းအတွင်း ဘဏ်များအပေါ် ရိုက်ခတ်မှုရှိလာသော်လည်း ရေရှည်တွင် တိုင်းပြည် တည်ငြိမ်မှု၊ စီးပွားရေး နာလန်ထမှု၊ အုပ်ချုပ်သူတို့၏ ထိန်းကျောင်းကိုင်တွယ်မှုအပေါ် မူတည်ကာ ရိုက်ခတ်မှု ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
“ချေးထားတဲ့လူတွေ ပြန်ပေးနိုင်လားဆိုတာက နှစ်ပတ်သုံးပတ်နဲ့ ဘာမှထူးမလာဘူး။ ဒီလောက်နဲ့တော့ ဘာမှ စိတ်ပူစရာမရှိဘူး။ ရေရှည် စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေဘူး။ ဘဏ်ကြွေးတွေမပေးနိုင်ဘူး။ ဘဏ်တွေ ဒုက္ခရောက်တယ်။ ဘဏ်ထဲကိုထပ်ပြီးတော့ ပိုက်ဆံထည့်စရာ နိုင်ငံစနစ်တစ်ခုလုံးထဲမှာ Liquidity (ငွေဖြစ်လွယ်မှု) မရှိဘူးဆိုမှ ပြဿနာရှိမှာ” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။
ထို့ပြင် နိုင်ငံတကာက အရေးယူဆောင်ရွက်မည့် စီးပွားရေးဒဏ်ခတ်မှုများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး စီးပွားရေးလုပ်ငန်းအားလုံးကို သိမ်းကျုံးပြီး ပိတ်ဆို့ဒဏ်ခတ်မှု မချမှတ်နိုင်သော်လည်း ငွေပေးချေသည့် လုပ်ငန်းများတွင် နှောင့်နှေးလာနိုင်သည်ဟု ၎င်းကထပ်မံပြောသည်။
အမေရိကန်အနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်များကို ပစ်မှတ်ထား ဒဏ်ခတ်နေပြီး ဗြိတိန် နှင့် ဥရောပနိုင်ငံများကလည်း ဒဏ်ခတ်အရေးယူမှု ဆက်လုပ်လာဖွယ်ရှိနေသည်။
မြန်မာတို့၏ လူအမည်များ ဆင်တူလေ့ရှိရာ ပြည်ပမှ ပိတ်ဆို့ဒဏ်ခတ်ခံရသူမဟုတ်သော်လည်း နာမည်တူနေပါက လုပ်ငန်းတစ်ခုခုအတွက် ငွေလွှဲငွေေပေးချေရာတွင် နိုင်ငံတကာဘဏ်များက အချိန်ကြာမြင့်စွာ စိစစ်မှုပြုလုပ်လာနိုင်သည်ဟု ဘဏ်အသိုင်းဝိုင်းက ဆိုသည်။
ယုံကြည်မှု ကျဆင်းနိုင်
ထို့ပြင် အင်တာနက်နှင့် နည်းပညာကိုအသုံးပြုပြီး ငွေသားအသုံးပြုမှု လျှော့ချသော လူမှုအဖွဲ့အစည်းကို ဦးတည်နေသည့်အရွေ့သည် စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုများကြောင့် သုံးစွဲသူများ၏ ယုံကြည်မှု ကျဆင်းသွားနိုင်ကြောင်း ၎င်းတို့က ဆိုသည်။
ကတ်စနစ်၊ မိုဘိုင်းဘဏ်စနစ်နှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းများ တစ်စတစ်စ တွင်ကျယ်လာနေပြီး ဖုန်းဘေလ် ငွေဖြည့်မှုမှအစ အွန်လိုင်းဈေးဝယ်မှုများအတွက် ပေးချေမှုပြုလုပ်နိုင်သော်လည်း ဖေဖော်ဝါရီ ၁ မှစ၍ အင်တာနက်ကန့်သတ်ချက်ကြောင့် အခက်အခဲများရှိနေသည်။
စစ်ကောင်စီက ခန့်အပ်ထားသည့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကမူ ဘဏ်များကိုရသည့်နည်းဖြင့် ဖွင့်လှစ်နိုင်ရန် ညွှန်ကြားထားပြီး အွန်လိုင်းဘဏ်စနစ်နှင့် ATM စက်များမှ ငွေကြေးဝန်ဆောင်မှုများ ပေးနိုင်ရန် ဆောင်ရွက်နေသည်ဟု Myanmar Now ကို ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောဆိုသည်။
စစ်အာဏာသိမ်းမှု၏ ရိုက်ခတ်မှုအနေဖြင့် ဖွံ့ဖြိုးရေးအကူအညီပေးနေသည့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ငွေထုတ်ယူမှုများ ရပ်ဆိုင်းလိုက်သည်။ စီမံကိန်းများအတွက် ယခင်သဘောတူထားသည့် ငွေကြေးများအနက် လိုအပ်သည့်အသုံးစရိတ်ကိုသာ ခွင့်ပြုမည်ဖြစ်ကာ မလိုအပ်သောငွေကြေးများကို ပြန်လည်သိမ်းယူမည်ဟု စစ်ကောင်စီကို အကြောင်းကြားထားသည်။