ရန်ကုန်ဘူတာကြီးအနီးတွင် စစ်တပ်ထောက်ခံသူများက ဆန္ဒပြနေသော အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သူ မြန်မာ့မီးရထားဝန်ထမ်းများကို ယနေ့ (ဖေဖော်ဝါရီ ၂၅) နံနက်ပိုင်းက ရန်ပြုတိုက်ခိုက်ခဲ့သည်။
အဆိုပါနေရာတွင် မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် စစ်တပ်ထောက်ခံသူ တစ်ထောင်ကျော်ခန့်က မီးရထားဝန်ထမ်း ၂၀၀ ခန့်ကို ရန်ပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“သူတို့နဲ့ ကျွန်တော်တို့နဲ့ (ဘူတာကြီးရှေ့ရှိ) ပန်းခြံတစ်ခုခြားတယ်။ သူတို့ထဲက တစ်ယောက်က ထုကွာ ဆိုပြီး လှမ်းပြောတာကြားတယ်။ အဲဒါ ကလေးတွေရော မိန်းမတွေရော အကုန်လုံးကို ခဲတွေနဲ့ထု၊ လေးခွတွေနဲ့ ပစ်တာ” ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူ မြန်မာ့မီးရထားဝန်ထမ်း တစ်ဦးက ပြောသည်။
ရန်ကုန်ဘူတာကြီးအနီးဖြစ်စဉ်မှာ နံနက် ၈ နာရီခွဲခန့် တပ်ထောက်ခံသူများ စတင်ရောက်ရှိလာပြီးနောက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါနေရာသို့ အလုပ်ကိစ္စဖြင့်ရောက်ရှိနေသည့် လသာမြို့နယ်နေ ကိုနေမျိုးအောင်ကလည်း ပြောသည်။
“တပ်ထောက်ခံသူတွေက သီချင်းတွေဖွင့်ပြီး ကနေတယ်။ ဒီဘက်က ပြည်သူတွေက သံပုံးတီးတယ်။ ၉ နာရီလောက်ကျတော့ တပ်ထောက်ခံသူတွေဘက်က သံပုံးတီးသူတွေကို ထိုးတယ်။ တပ်ထောက်ခံသူတွေဘက်မှာ လေးခွတွေ၊ သံတုတ်တွေပါပါတယ်။ သူတို့က ပါတာနဲ့ ပစ်ပေါ့။ ဒီဘက်က ရေဘူးတွေ၊ သံပုံးတွေ လက်ထဲရှိတာတွေနဲ့ အချို့က ပြန်ပစ်ပေါ့။ ရဲကတော့ မလှမ်းမကမ်းမှာရှိတယ်”ဟု ၎င်းက ပြောသည်။
မြန်မာ့မီးရထားဝန်ထမ်းများ၏အဆိုအရ ဖြစ်စဉ်အတွင်း ၎င်းတို့ဘက်မှ လေးဦး ဦးခေါင်းပေါက်ပြဲခဲ့ပြီး အခြားဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိကြောင်း၊ တပ်ထောက်ခံသူလူအုပ်ထဲမှ ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ စစ်တပ်ထောက်ခံသူလူအုပ်သည် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးအနီး မြန်မာ့မီးရထားဝင်းရှိ CDM တွင် ပါဝင်နေသူများကိုလည်း ဝင်ရောက် ရိုက်နှက်ခဲ့သေးကြောင်း ရထားဝန်ထမ်းများက ပြောသည်။
ထိုသို့ရန်ပြုတိုက်ခိုက်သည့် စစ်တပ်ထောက်ခံသူအုပ်စုထဲမှ ၁၈ ဦးကို မီးရထားဝန်ထမ်းနှင့် ပြည်သူများက ဖမ်းဆီးနိုင်ခဲ့ပြီး သာသနာ့ဟိတဓရ ဓမ္မာရုံ၌ ထိန်းသိမ်းထားပြီး လက်ရှိတွင် ၎င်းတို့ကို ပြန်လွှတ်ပေးရန် ရဲတပ်ဖွဲ့က လာရောက် တောင်းဆိုခဲ့သည်။
ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်များအတွင်း တပ်ထောက်ခံသူများထံမှ သိမ်းဆည်းရမိသည့် ဗလာစာအုပ်အချို့အရ ငွေပေးငွေယူကိစ္စများ ရေးသားထားသည်ကိုတွေ့ရသည်ဟု မီးရထား ဝန်ထမ်းများက ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သို့အရေးယူဆောင်ရွက်မည်ကို ယနေ့မွန်းလွဲပိုင်းအထိ ရဲတပ်ဖွဲ့ထံမှ မသိရသေးပေ။
ယနေ့ နံနက်ပိုင်းတွင် ဆူးလေလမ်းမတွင် ချီတက်လာသော တပ်ထောက်ခံသူများသည် ပြည်သူများနှင့် သတင်းထောက်များကို လေးခွများနှင့် တိုက်ခိုက်ခဲ့သည့်အပြင် ဓားမြှောင်များ တုတ်ချွန်များနှင့်လည်း ရန်ပြုခဲ့သည်ကို လူမှုကွန်ရက်တွင် တွေ့ရှိရသော ဓာတ်ပုံများအရ သိရသည်။