သတင်း

ဂန့်ဂေါခရိုင်ဆေးရုံအုပ်နေအိမ်ကို စစ်တပ်နှင့် ရဲက အင်အားသုံး ရှာဖွေခဲ့

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ဂန့်ဂေါခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဆန်းမင်းအား ဖမ်းဆီးရန် ရဲနှင့် တပ်က ယနေ့ (ဖေဖော်ဝါရီ ၂၄) နံနက် ၂ နာရီခန့်တွင် နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သည်။ 

စစ်တပ်နှင့် ရဲ  ၅၀ ခန့်က နေအိမ်ခြံဝင်းကို ဖျက်ဆီးဝင်ရောက်ကာ ၎င်းကို ဖမ်းဆီးရန် ရှာဖွေခဲ့ကြောင်း ဒေါက်တာအောင်ဆန်းမင်းက Myanmar Now ကို ပြောသည်။

ထိုအချိန်တွင် ၎င်းမှာ အခြားနေရာသို့ ရောက်ရှိနေခဲ့သောကြောင့် ဖမ်းဆီးမခံခဲ့ရကြောင်း သိရသည်။

ထို့သို့ အချိန်မတော် ဝင်ရောက်ပြီး အသက် ၈၅ နှစ်အရွယ် အမေဖြစ်သူအပါအဝင် အသက် ၆ နှစ်၊ ၁၀ နှစ် နှင့် ၁၂ နှစ် ရှိသော ကလေးငယ်များရှေ့တွင် လက်နက်များဖြင့် ချိန်ရွယ်၍ စစ်မေးခံခဲ့ရကြောင်း ဇနီးဖြစ်သူထံမှ သိရသည်ဟု ၎င်းက ပြောသည်။

“ကလေးတွေနဲ့ ကျွန်တော့်အမေအိုကြီးကို တုတ်နဲ့ရွယ်ပြီးတော့ ငြိမ်ငြိမ်နေခိုင်းတယ်။ ကျွန်တော့်မိန်းမက တောင်းပန်တာလည်း မရဘူး။ ဆရာမရှိပါဘူး၊ ဖြည်းဖြည်းသက်သာလုပ်ပါဆိုလည်း မရဘူး”ဟု ဂန့်ဂေါခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဆန်းမင်းက ပြောသည်။

ဆက်လက်ပြီး “တွေးကြည့်ပါဗျာ။  ကလေးတွေ ဘယ်လိုမျက်ဝန်းလေးတွေနဲ့ ပြန်ကြည့်နေမယ်ဆိုတာ။ တော်တော်ကို ခံပြင်းတယ်ဗျာ။ ဒေါသလည်း ထွက်တယ်။ ဒါပေမယ့် တစ်ချိန်ချိန်အထိတော့ ခံရဦးမှာပေါ့ဗျာ”ဟု ၎င်းဆေးရုံအုပ်က ပြောသည်။

မိသားစုဝင်များကို မေးမြန်းစစ်ဆေးပြီး လက်ကိုင်ဖုန်း သုံးလုံးကိုလည်း သိမ်းယူသွားသည်ဟု ဆိုသည်။ 

” ဖမ်းမယ်ဆိုတာအထိ တွက်ထားတယ်။ ဒါပေမယ့် ဖျက်လိုဖျက်ဆီးပေါ့ဗျာ။ မတရား အဓမ္မအနိုင်ကျင့်တဲ့ပုံစံမျိုး။ လူ့သိက္ခာမရှိတဲ့ ပုံစံမျိုးဆိုတော့ လက်မခံနိုင်ဘူးပေါဗျာ”ဟု ၎င်းက ဆက်ပြောသည်။ 

ဒေါက်တာအောင်ဆန်းမင်းသည် ဖေဖော်ဝါရီ ၄ မှစ၍ CDM တွင် ပါဝင်ခဲ့ပြီး ကျန်ရှိနေသော လူနာများအား ကုသမှုအပြီး ဖေဖော်ဝါရီ ၈ မှစ၍  CDM လှုပ်ရှားမှု လုပ်ဆောင်နေခြင်း ဖြစ်သည်။

ထိုသို့ ကြုံတွေ့ရသော်လည်း ၎င်းအနေဖြင့် CDM အပြင် ရွေးချယ်စရာလမ်း မရှိကြောင်း ဒေါက်တာအောင်ဆန်းမင်းက ဆိုသည်။ 

” တစ်နိုင်ငံလုံး ထောင်ကျတော့မယ်နဲ့စာရင် အပြင်ထောင်မှာ နေမလား၊ အထဲထောင်မှာ နေမလား။ ဒီ နှစ်ထောင် လုံးဝမကျအောင်လုပ်မယ့် နည်းလမ်းက CDM ပါပဲ။ အသက်ရှင်နေသမျှကာလပတ်လုံး CDM ပဲ။ ကျွန်တော်တို့မှာ ရွေးစရာ လမ်းမရှိတော့ဘူး”ဟု ဆိုသည်။

CDM အဖျက်အမှောင့်လုပ်ရပ်ကြောင့် ဆေးကုသရန်ခက်ခဲနေသည့် ဆေးရုံများသို့ တပ်မတော်ဆေးအဖွဲ့များက သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း တပ်မတော်ဘက်က ဆိုသည်။

CDM လုပ်ခြင်းသည် လူနာများကို မကုသခြင်းမဟုတ်ဘဲ ပရဟိတဆေးခန်းပြင်ဆင်၍ လူနာများကို အခမဲ့ ဆက်လက်ကုသပေးခဲ့ကြောင်း၊ လိုက်လံဖမ်းဆီးမှုများရှိသောကြောင့် တိမ်းရှောင်နေရကြောင်း ဂန့်ဂေါခရိုင်ဆေးရုံအုပ်ထံမှ သိရသည်။ 

CDM တွင် ပါ၀င်နေသော နိုင်ငံ့ဝန်ထမ်းများကို အလုပ်ဆင်းရန် ဖိအားပေးမှုများမှတစ်ဆင့် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ တချို့ကို ညအချိန်မတော် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ တရားစွဲခြင်း၊ အလုပ်ထုတ်ပယ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ စစ်ကောင်စီဘက်မှ ဆက်တိုက်ပြုလုပ်လာနေသည်။

မကြာသေးခင်ရက်ပိုင်းက CDM လုပ်နေသော  ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ဆေးရုံအုပ်ကြီးနှင့် တိုက်နယ်ဆရာဝန်သုံးဦးလည်း တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည်။ 

Show More

Related Articles

Back to top button