သတင်း

ရုပ်သံမှတ်တမ်းဟောင်းကို တိုက်ရိုက်ထုတ်လွှင့်မှုအတုတွင် သုံးနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားစက်မှုဇုန် လျှပ်စစ်ရုံးရှေ့ ဆန္ဒပြသူများကို ဖေဖော်ဝါရီ ၁၄ တွင် စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ဖြိုခွဲချိန်တွင် တိုက်ရိုက် Live ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုအဟောင်းများကို နောက်ပိုင်းတွင် ပြန်လည် အသုံးပြုက တိုက်ရိုက်ထုတ်လွှင့်မှု Live အတု ထုတ်လွှင့်နေသည်ကို တွေရသည်။

ထို့အပြင် အခြားသောဒေသများမှ ညဘက်တွင် ရပ်ရွာလူထုက အဖျက်သမားဟု ယူဆရသူကို လိုက်ဖမ်းသည့် ဖြစ်စဉ်၊ တခြားသော သပိတ်ဖြိုခွဲသည့် ဖြစ်စဉ် စသည့် ဗီဒီယိုများကိုလည်း အသုံးပြုနေသည်ကိုတွေ့ရသည်။

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ အဆိုပါ Live အတု ထုတ်လွှင့်နေသည့် Facebook Page ပေါင်း ၁၀ ခု ထက်မနည်း ရှိသည်ကိုတွေ့ရပြီး နေစဉ်လိုလို Live အတု ထုတ်လွှင့်သည့် Page များ တိုးလာနေသည်။

တိုက်ရိုက်Live ထုတ်လွှင့်ချိန်တွင် ‘လူအင်အားနည်းနေပါတယ် ဝန်းရံပေးကြပါဦး ’စသော လှုံ့ဆော်သည့် စာသားများကို တင်ထားသည်ကိုလည်းတွေ့ရသည်။

ဖြစ်ပြီးသားအခြေအနေ၊ တကယ်မရှိသည့်အခြေအနေတွင် လူစုလူဝေးဖြစ်စေရန်လှုံ့ဆော်နေသည်ကိုတွေ့ရသည်။ Page အများစုမှာ Like ရာဂဏန်းနှင့် ထောင်ဂဏန်း ဝန်းကျင်သာ ရှိသော်လည်း အဆိုပါ  Live အတုများမှာမူ ကြည့်ရှုသူ သိန်းချီ၊  ပြန်လည်မျှဝေမှု သောင်းချီရှိခဲ့သည်။

ယင်းဗီဒီယိုများကို အများစုက Group များတွင် ထပ်ဆင့်ဖြန့်ဝေနေကြသည်။

Live အတု ထုတ်လွှင့်နေသည့် Page များတွင် အများစုသည် Gaming Page များဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

Live အတုအများစုတွင် Live အဟောင်းများကို ပြန်သုံးထားသည့်အတွက် ဗီဒီယိုများသည် အရည်အသွေးနိမ့်ကာ မှုန်ဝါးနေပြီး ‌‌ဗီဒီယိုထဲမှ အရုပ်များသည်လည်း ပုံသဏ္ဌာန်မမှန်သည့် ပုတိုတိုပုံများ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

ယင်း Facebook page များတွင် ထိုင်းဘာသာစကားဖြင့် “มวยโหดมวยมัน” နာမည်ပေးထားပြီး လက်ဝှေ့ အားကစားသမားတစ်ဦးပုံ တင်ထားသည့်  Page သည် Like အများဆုံးရရှိထားသည်။

ယင်း Pageသည် မြစ်ကြီးနားသပိတ် ဖြိုခွင်းခံရသည့်ညတွင် ပြီးခဲ့သည့်အခြေအနေဗီဒီယိုအဟောင်းကို အကြိမ်ကြိမ် ပြန်လည်ထုတ်လွှင့်ခဲ့သည်။

ထို့အပြင် အဆိုပါ Page သည် တခြားသောဒေသမှ သပိတ်ဖြိုခွင်းမှု အကြောင်းအရာများကိုလည်း Live ဗီဒီယိုအတုများ အကြိမ်ကြိမ်ပြုလုပ်နေသည်ကို တွေ့ရသည်။

“Girl Sexy Clips” ဟု အမည်ပေးထားသည့် Page သည် 7Day TV မှ ဗီဒီယိုများ ကို Live အတုများ ပြုလုပ်ကာ တင်နေသည်ကိုတွေ့ရသည်။

7Day TV မှ ဗီဒီယိုများ ကို Live အတုများ ပြုလုပ်ကာ တင်နေသည်ကို တွေ့ရစဉ်။ 

 “တစ်ယောက်တစ်ခွန်းလောက်ပြောခဲ့ပေးကြပါအုံး”ဟု အမည်ပေးထားသည့် Page သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် လက်သုံးချောင်း ထောင်ထားသည့်ပုံကို တင်ထားကာ ဖေဖော်ဝါရီ ၁၄ တွင် မြစ်ကြီးနားစက်မှုဇုန် လျှပ်စစ်ရုံးရှေ့ ဖြိုခွင်းသည့်  Live ဗီဒီယိုများကို အကြိမ်ကြိမ်ပြန်လည်ထုတ်လွှင့်ခဲ့သည်။

“မြစ်ကြီးနား စက်မှုစုန်နားက လျှပ်စစ်ရုံးနားမှာပါ လက်ရှိအခြေအနေ… လူအင်အားနည်းနေပါတယ်.. လာရောက်ဝန်းရံပေးကြပါ” ဟု ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါ Live များကိုကြည့်ပါက အမှန်တကယ် အပြင်တွင်ဖြစ်ပွားနေသကဲ့သို့ထင်ရပြီး ဗီဒီယိုများ၏ အောက်တွင် မှတ်ချက်ပေးထားသူများကလည်း ယင်းဖြစ်စဉ် အပြင်တွင် အမှန်တကယ် ဖြစ်နေဆဲဖြစ်ကြောင်း ယုံကြည်နေကြသည်ကို တွေ့ရသည်။

ယင်း Live ဗီဒီယို အတုများသည် အပြင်တွင် အမှန်တကယ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဗီဒီယိုများကို အသုံးပြုထားသော်လည်း လက်ရှိဖြစ်ပျက်နေသည်ဟု ယုံစားပြီး သွားရောက်သူများအတွက် အန္တရာယ်ရှိနိုင်သလို ပြန်လည်မျှဝေပါကလည်း သတင်းမှားဖြန့်တတ်သူအဖြစ် အထင်မှားခံရနိုင်သည်။

ယခုကဲ့သို့ အကျပ်အတည်းကာလတွင် တိုက်ရိုက်ထုတ်လွှင့်မှု Live များစွာကို မြင်တွေ့ရမည်ဖြစ်သည်။

အကောင့်အတုများ၊ အချက်အလက်များ ပြည့်ပြည့်စုံစုံ တင်ထားခြင်းမရှိသည့် Page အတုများက ထုတ်လွှင့်သည့် တိုက်ရိုက်ထုတ်လွှင့်ချက်များကို သတိထားသင့်သည်။

Show More

Related Articles

Back to top button