ဆောင်းပါး

မြန်မာပြည်သူတွေကို ဒုက္ခပေးနေသည့် ကိုလိုနီခေတ်ဥပဒေများ

(မှတ်ချက်။  ။ စာရေးသူ Matthew Bugher သည် Fortify Rights တွင် အကြံပေးအဖြစ် တာဝန်ယူထားသော လူ့အခွင့်အရေးသုတေသီတစ်ဦး ဖြစ်သည်။ ယခုဆောင်းပါးမှာ စာရေးသားသူ၏အာဘော်သာဖြစ်ပြီး  Myammar Now ၏ အာဘော် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။)

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများ အစပြုဖြစ်ပေါ်လာစဉ်တွင် အာဏာပိုင်တို့က နိုင်ငံရေးအတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနှုတ်ပိတ်နေသည်။ မြန်မာပြည်၏ ဥပဒေဆိုသည်မှာ အာဏာပိုင်တို့ အသုံးချရန် အတွက်ပင် မဟုတ်ပါလော။ မြန်မာပြည်ဥပဒေတို့သည် လက်ရှိအာဏာချိန်ခွင်လျှာအား ခြိမ်းခြောက်ရန် ကြိုးစားသူမည်သူ့ကို မဆို အာဏာပိုင်တို့က ဖမ်းဆီးနှိပ်စက်ကလူပြုရန် အခွင့်ပေးထားသည်ကို တွေ့ရသည်။
 
ဒီမိုကရေစီဆိတ်သုဉ်းသော အုပ်ချုပ်မှုသည် မြန်မာပြည်တွင် သမိုင်းကြောင်းရှည်လှပေသည်။ ဗမာမင်းများလက်ထက်တွင် လည်းကောင်း၊ ဗြိတိသျှကိုလိုနီခေတ်တွင်လည်းကောင်း၊ ထိုမှသည် စစ်အာဏာရှင်များ နှင့် ယခုနောက်ဆုံး အရပ်သားတစ်ပိုင်း အစိုးရ၏ ခေါင်းဆောင်အပေါင်းတို့ လက်ထက်တွင်လည်းကောင်း ပြည်သူတို့၏ နိုင်ငံရေး အခွင့်အရေး၊ လွတ်လပ်ခွင့်တို့ကို ချိုးဖောက်ချေဖျက်ကာ နိုင်ငံ၏ ဥပဒေများ၊ တရားစီရင်မႈဆိုင်ရာ လုပ်ထုံးများကို ဝင်ရောက် ခြယ်လှယ်ခဲ့ကြသည်။

လွန်ခဲ့သည့် မတ်လတွင် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသည့်အဖွဲ့တစ်ခုဖြစ်သည့် Fortify Rights မှ မိမိနှင့်လုပ်ဖော်ကိုင်ဖက်များက မြန်မာအစိုးရ ၂ဝ၁၂ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မည်သို့မည်ပုံဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး စာမျက်နှာ ၄၇ မျက်နှာရှိသော အစီရင်ခံစာ တစ်စောင် ရေးသားထုတ်ပြန်ခဲ့သည်။ မြန်မာပြည်တွင် မိမိအိမ်သို့ ညအိပ်ဧည့်သည်လာသည်ဆိုပါက ထိုဥပဒေအရ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးတွင် ဧည့်စာရင်းတိုင်ကြားရသည်။
 
ထိုဥပဒေကိုအသုံးချ၍ ညဉ့်နက်သန်းခေါင်ယံတွင် အများပြည်သူတို့၏အိမ်တွင်းသို့  တရားရုံးခွင့်ပြုချက် (သို့မဟုတ်) ဝရမ်း မပါသော်လည်း အာဏာပိုင်တို့က ဝင်ရောက်စစ်ဆေး နိုင်သည်။ အများသူငါ နှာခေါင်းရှုံ့ကြသည့် ထိုဧည့်စာရင်းစစ်သည့်ကိစ္စကို ရပ်ကွက်အုပ်ချုပ်ရေးအာဏာပိုင်၊ ရဲ၊ အခြားအခြားသော အာဏာပိုင်တို့က ပြည်သူပြည်သားများ အိပ်မောကျနေသည့်အချိန်တွင် ၎င်းတို့၏ အိမ်တွင်းသို့ ဝင်ရောက်ဆောင်ရွက်နိုင်သည်။
 
ကျွန်ုပ်တို့ ထုတ်ပြန်ခဲ့သည့် သန်းခေါင်ယံဝင်စီးခြင်း အစီရင်ခံစာတွင် ဧည့်စာရင်းတိုင်ကြားရခြင်းသည် လူတို့၏ ပုဂ္ဂလလွတ်လပ်ခွင့်၊ လွတ်လပ်စွာသွားလာနေထိုင်ခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် စသည့်အခွင့်အရေးတို့ကို ချိုးဖောက်နေကြောင်း ဖော်ပြထားသည်။ ယခင်စစ်အစိုးရလက်ထက်တွင်လည်းကောင်း၊ လက်ရှိအစိုးရလက်ထက်တွင်လည်းကောင်း ဧည့်စာရင်းတိုင်ကြားရမှုကို အသုံးချပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန်၊ အရပ်ဘက်အဖွဲ့အစည်းတို့၏ လှုပ်ရှားမႈအဖုံဖုံကို တားမြစ်ကန့်သတ်ရန် လုပ်ဆောင်ခဲ့မႈများနှင့် ပတ်သက်ပြီး ထိုအစီရင်ခံစာတွင် ရေးသားထားသည်။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးဥပဒေကို လက်ရှိအစိုးရကပြဋ္ဌာန်းသည်ဆိုသော်လည်း ထိုဥပဒေသည် ဧည့်စာရင်းတိုင်ကြားရန်သတ်မှတ်ချက်ပါသော ဗြိတိသျှကိုလိုနီခေတ်ဥပဒေနှစ်ရပ်ကို ပြန်လည်အသုံးပြုခြင်းထားခြင်းဖြစ်သည်။
 
ကိုလိုနီခေတ်မှ ဆင်းသက်လာသည့် ဥပဒေများထဲတွင် ဧည့်စာရင်းတိုင်ခြင်းဥပဒေသာမက အခြားသောဥပဒေများလည်း ရှိပါသေးသည်။ ဥပမာ ဒီမိုကရေစီအရေးလှုပ်ရှားမှုများ ဖြစ်ပေါ်နေစဉ်တွင် အတိုက်အခံတို့ကို လိုက်လံဖမ်းဆီးရန် အဓိပ္ပာယ်လိုသလိုဖွင့်နိုင်သော မှောင်ရိပ်ခိုသူကိုအရေးယူသည့် ဥပဒေတို့အား အာဏာပိုင်တို့က အသုံးပြုခဲ့ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြသည်။
 
 ၁၈၆ဝ ပြည့်နှစ်တွင် စတင်ရေးဆွဲခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ရာဇသတ်ကြီးဥပဒေပါ အချက်အလက်တို့ကို ကိုင်စွဲ၍ ရာနှင့်ချီသောနိုင်ငံရေးသမားတို့ကို တရားရုံးများတွင် စွဲချက်တင်ခဲ့ကြသည်။
 
တက်ကြွလှုပ်ရှားသူများ၊ သတင်းစာဆရာများ၊ အခြားအခြားသော ပုဂ္ဂိုလ်များကို ၁၉ဝ၈ တရားမဝင်အသင်းအက်ဥပဒေ၊ ၁၉၂၃ နိုင်ငံတော်လျှို့ဝှက်ဥပဒေ၊ ၁၉၅ဝ အရေးပေါ် အက်ဥပဒေတို့ဖြင့် စွဲချက်တင်ခဲ့သည်။ ထိုဥပဒေအပေါင်းတို့သည် အဓိပ္ပာယ် တိတိပပ ဖွင့်ဆိုထားခြင်းမရှိသော  အမျိုးသားလုံခြုံရေးအကျိုးစီးပွားဆိုသည်တို့ကို ကာကွယ်ရန် လုပ်ပိုင်ခွင့်အာဏာ အလွန်အမင်းပေးထားသောဥပဒေများဖြစ်သည်။

အစိုးရသစ်လက်ထက် ပြဋ္ဌာန်းခဲ့သော ဥပဒေတို့မှာလည်း ပိုမိုကောင်းမွန်သည်ဟု ဆိုနိုင်ဖွယ်မရှိပေ။ ၂ဝ၁၁ တွင် ပြဋ္ဌာန်းပြီး ၂ဝ၁၄ တွင် ပြန်လည်ပြင်ဆင်ခဲ့သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ (ငြိမ်းစုစီဥပဒေ)ကလည်း ဆန္ဒမပြခင် ဒေသန္တရအာဏာပိုင်တို့ထံမှ “သဘောတူခွင့်ပြုချက်” မယူသူတို့ကို ဖမ်းဆီး အကျဉ်းချခွင့်ပြု ထားသည်။ သဘောတူခွင့်ပြုသည်ဆိုရာတွင်လည်း ဆန္ဒဖော်ထုတ်မႈကို မည်သည့်နေရာ၊ အချိန်၊ မည်သို့မည်ပုံ ဆန္ဒဖော်ထုတ်မည် စသည့်ကန့်သတ်ချက်များတွဲပါနေပြီး ထိုကန့်သတ်ချက်တို့မှာ လွတ်လပ်စွာ စုဝေးခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်နှင့်ဆက်စပ်သည့် နိုင်ငံတကာဥပဒေစံနႈန်းများနှင့် ကိုက်ညီမှုမရှိကြောင်းတွေ့ရသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမႈ ကို ချီးမွမ်းထောမနာဖွင့်နေသည်များ ရှိသည်ဆိုသော်ငြား မကြာသေးမီက မြင်တွေ့ရသော အခြေအနေမှာ အထက်ဖော်ပြပါဥပဒေသများကို ပို၍ပို၍ ပြင်းပြင်းထန်ထန် အသုံးပြုပြီး လူ့အခွင့်အရေး ကာကွယ်သူများ၊ စာနယ်ဇင်းသမားများ၊ နိုင်ငံရေး အတိုက်အခံများအပေါ် နှိပ်ကွပ်လာသည်ကိုတွေ့ရသည်။
 
လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း အာဏာပိုင်တို့က ငြိမ်းစုစီဥပဒေ၊ ရာဇသတ်ကြီးဥပဒေတို့ကို အသုံးချပြီး ဆန္ဒပြကျောင်းသားများ နှင့် အခြားသောသူများအား  တရားစွဲဆိုခဲ့သည်ကို လည်း တွေ့ရသည်။ မြေယာအခွင့်အရေးတိုက်ပွဲဝင်နေသူများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေး လုပ်ဆောင်နေသူများကို တရားမဝင်အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဥပဒေဖြင့်လည်းကောင်း၊ စာနယ်ဇင်းသမားတို့ကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့်လည်းကောင်း တရားစွဲဆိုခဲ့သည်။ ဥပဒေများကို လိုရာဆွဲအသုံးပြုမႈကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မျိုးဆက် သစ်တစ်ရပ် ထွက်ပေါ်လာပြီး လတ်တလောတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁ဝဝ၊ အထိန်းသိမ်းခံနေရပြီး တရားရင်ဆိုင်နေရသူ  ၄ဝဝ ခန့်  ရှိနေသည်။

နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမတိုင်မီ ထိုဥပဒေများ ပြင်ဆင်ရန်သော်လည်းကောင်း၊ ဖျက်သိမ်းရန်သော်လည်းကောင်း လုပ်ဆောင်နိုင်ရန် အခါနှောင်းခဲ့ပြီဖြစ်သည်။ သို့တစေ အတိုက်အခံတို့အပေါ် ပစ်မှတ်ထားသည့် ထိုဥပဒေများ အသုံးပြုခြင်းကို ရပ်ဆိုင်းသောနည်းဖြင့် အစိုးရက ရွေးကောက်ပွဲ လွတလပ်မျှတမႈ ပိုမိုအားကောင်းရေးကို လုပ်ဆောင်နိုင်သည်။ ထို့ပြင် ပြည်သူလူထုကို အန္တရာယ်ပြုနေသည့် ဒီမိုကရေစီမဆန်သော ထိုဥပဒေများ ပြင်ဆင်ရေးသည် ရွေးကောက်ပွဲအလွန်တွင် ပေါ်ထွက်လာမည့် အစိုးရသစ်၏ ထိပ်တန်း ဦးစားပေး လုပ်ဆောင်ရမည့်အရာပင် ဖြစ်ပေသည်။

Show More

Related Articles

Back to top button