သတင်း

LIVE: တိုက်ရိုက်တင်ဆက်မှု – ဖေဖော်ဝါရီ ၂၃

၁၀းဝဝ –  မန္တလေးမှ သေဆုံးသူတစ်ဦး၏ နာရေးအစီအစဉ်

ဖေဖော်ဝါရီ ၂၀ ရက်နေ့ မန္တလေး ရတနာပုံသင်္ဘောကျင်း ပစ်ခတ်မှုတွင် သေဆုံးသူနှစ်ဦးထဲမှ ကိုသက်နိုင်ဝင်း(ခ) ကိုမင်းမင်း၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီ ၂၃ နံနက်ပိုင်းက သင်္ဂြိုဟ်ခဲ့သည်။

မောင်ဝေယံထွန်းရုပ်အလောင်းကိုမူ ၂၁ ရက်နေ့က ၎င်းနေအိမ်ရှိရာ မြစ်ငယ်မြို့၊ မြို့ပြင်ကြီးရွာသို့ ပို့ဆောင်ကာ သင်္ဂြိုဟ်ခဲ့သည်။

၉း၃၀ – ရန်ကုန် အင်ဒိုသံရုံးကို ဆန္ဒပြ

စစ်ကောင်စီက   ရွေးကောက်ပွဲ ကျင်းပပေးမည်ဟူသော ကတိတည်စေရန်  အာဆီယံနိုင်ငံတို့ကို တွန်းအားပေးမည်ဟူသော  အင်ဒိုနီးရှား၏ ပြောကြားချက်ကို ကန့်ကွက်သည့် အနေဖြင့် 
ရန်ကုန်မြို့  အင်ဒိုနီးရှားသံရုံးရှေ့တွင်   လူငယ်ရာဂဏန်းခန့်က သွားရောက် ဆန္ဒပြကြတယ်။  

ဆန္ဒပြသူတို့က နောက်ထပ်ရွေးကောက်ပွဲပြုလုပ်ရန် မလိုကြောင်း၊   မဲပေးရွေးချယ်ထားပြီးသည့်  အစိုးရရှိပြီးသား ဖြစ်ကြောင်း စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြသည်။  

ယနေ့တွင် အင်ဒိုနီးရှားက လေသံ အနည်းငယ် ပြောင်းသွားသည်ကို တွေ့ရသည်။

မြန်မာပြည်သူလူထု ဆန္ဒအတိုင်း ရှေ့ဆက်ရမည်ဟု  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ရက်နိုမာဆူဒီ) က ထပ်မံပြောဆိုကြောင်း ရိုက်တာသတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ 

ပြည်သူလူထု၏ ဆန္ဒ လေးစားရန်ဆိုသည်မှာ နိုဝင်ဘာ ၈ ရွေးကောက်ပွဲရလဒ်ကို လေးစားရန် ညွှန်းဆိုခြင်း  ဟုတ်မဟုတ်ကိုမူ နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပေးရန် ငြင်းဆိုသည်ဟု သတင်းတွင် ရေးသားထားပါတယ်။ 

မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများနှင့်  ပတ်သက်ပြီး စိုးရိမ်ကြောင်း၊ မြန်မာလူထုကို ထောက်ခံကြောင်း ပြောဆိုထားပြီး လူထု လုံခြုံမှု ပထမဦးစားပေးဖြစ်သည်ဟု   အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်ဟု ဆိုသည်။  


၉း၀၀ –  ရန်ကုန်မှ ဆန္ဒပြသည့်နေရာများကို ပိတ်ဆို့ထား

ရန်ကုန်မြို့လယ် ဆန္ဒပြသူများ စုဝေးရာ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံကို ကားများ ဖြတ်သန်းသွားလာခြင်း မပြုနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ပိတ်ထားသည်။ ခုံးကျော် လူကူးတံတားပေါ်သို့ တက်သည့် လှေကားလေးခုတွင်လည်း သံဆူးကြိုး အရံအတားများချထားပြီး ရဲတို့ စောင့်ဆိုင်းနေသည်။ 

ဆန္ဒပြသူတို့က ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းဆုံသို့ တဖွဲဖွဲ ရောက်ရှိလာသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများ သွားရောက်တတ်သည့် သံရုံးများကို ချဉ်းကပ်သွားလာနိုင်ခြင်း မရှိစေရန် ယနေ့ ကန့်သတ် ပိတ်ပင်ထားသည်။

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင်လည်း ဆန္ဒပြသူများ စုဝေးနေကြသည်။ 

ဒေသအသီးသီးရှိ မြို့ကြီး မြို့ငယ်များတွင်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အနေဖြင့် ဆန္ဒပြနေကြဆဲဖြစ်သည်။

ကျောက်တံခါးမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသန့်လွင်။ (ဓာတ်ပုံ-ပေးပို့)

၉း၀၀ –  ကျောက်တံခါးမြို့ CDM ဆရာဝန်လေးဦးကို  ၅၀၅ (က) ဖြင့်  အမှုဖွင့် 

အာမခံ မရသည့် ပုဒ်မဖြင့်  အမှုဖွင့်ခံလိုက်ရသည့်   ပဲခူးတိုင်းထဲမှ CDM ဆရာဝန်ကြီး လေးဦး တိမ်းရှောင်နေပြီး အာဏာဖီဆန်ရေး ဆက်လုပ်ကြမည်ဟု ပြောသည်။

အမှုဖွင့်ခံရသူများမှာ ကျောက်တံခါးမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသန့်လွင်၊ အောင်မြင်တိုက်နယ်ဆရာဝန် ဒေါက်တာသီဟအောင်၊ ပဲနွယ်ကုန်းတိုက်နယ်ဆရာဝန် ဒေါက်တာမင်းခိုင်နှင့် မြို့ကျောင်းတိုက်နယ်ဆရာဝန် ဒေါက်တာပြည့်ဖြိုးအောင်တို့ ဖြစ်သည်။ 

 

 

Show More

Related Articles

Back to top button