
အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါ၀င်သောကြောင့် ဖမ်းဆီးခံရသည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအပါအဝင် ၁၁ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း မိသားစုဝင်များက ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၉ ဦး၊ လွှတ်တော်ရုံးမှ ဝန်ထမ်းတစ်ဦးနှင့် စီမံဘဏ္ဍာဝန်ကြီးဌာနမှ တစ်ဦး စုစုပေါင်း ၁၁ ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ထို့နောက် ၄ ရက်ကြာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ဒက္ခိဏရဲစခန်း၌ ချုပ်နှောင်ထားသည်ဟု ယနေ့ သိရကြောင်း ဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
လတ်တလောတွင် ချုပ်နှောင်ခံထားရသူများနှင့် တွေ့ခွင့်မရသေးဘဲ စာဖြင့်သာ ဆက်သွယ်ခွင့်ပြုထားကြောင်း ၎င်းကပြောသည်။
“စာကလည်း အများကြီးတော့ သွားလုပ်လို့ မရဘူးဗျ။ ကျွန်တော်တို့ရေးတဲ့စာကို ရဲကပြန်ကြည့်တယ်။ ကြည့်ပြီးမှ သူတို့ကို ပြတယ်။ သူတို့ဘက်က ရေးတဲ့စာကိုလည်း ပြန်ကြည့်တယ်။ ကြည့်ပြီးမှ ကျွန်တော်တို့ကိုပြတယ်” ဟု ၎င်းက ပြောသည်။
အမျိုးသမီး ၈ ဦး၊ အမျိုးသား ၃ ဦး ပါဝင်သော အဆိုပါအဖွဲ့သည် နေရေးထိုင်ရေး အဆင်ပြေကြောင်းနှင့် တရားစွဲတင်မည့်ရက်တို့ကိုသာ သိခွင့်ရခဲ့ပြီး အသေးစိတ်အကြောင်းအရာများ မပြောဆိုခဲ့ရကြောင်း သိရသည်။
မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များ၏ အဆိုအရ ၎င်းဝန်ထမ်းများဖမ်းဆီးခံရသည့်နေ့တွင် မိတ်ဆွေများက ဒက္ခိဏမြို့နယ်ရဲစခန်းတွင် သွားရောက်စုံစမ်းခဲ့သော်လည်း စခန်းတွင်မဖမ်းထားဟု ရဲများက ပြောခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ၎င်းတို့ကို စနေနေ့ (ဖေဖော်ဝါရီ ၂၀) တွင် ရုံးထုတ်သွားကြောင်းလည်း ယနေ့မှသာ သိရကြောင်း ဝန်ထမ်းတစ်ဦး၏ မိသားစုဝင်က ပြောသည်။
ဖမ်းဆီးခံထားရသူ ၁၁ ဦးမှာ ဦးသက်ထူးအောင်၊ ဦးအောင်ဇင်ထက်၊ ဒေါ်သဲစုထွန်း၊ ဒေါ်သဲသဲလှ၊ ဒေါ်ဖြိုးဖြိုးဝေ၊ ဒေါ်သူသူအောင်၊ ဒေါ်စုပြည့်ပြည့်ဖြိုး၊ ဒေါ်စုလဲ့ရည်၊ ဒေါ်ခင်မာအောင်၊ ဒေါ်သဉ္ဇာဝင့် နှင့် ဦးစိုင်းမင်းထွေး တို့ ဖြစ်ကြသည်။
၎င်းတို့ကို လာမည့် မတ်လ ၅ တွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တရားရုံး၌ တရားစွဲတင်သွားမည်ဖြစ်သည်။
စွဲဆိုထားသည့် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) မှာ အာမခံပေးလေ့မရှိဘဲ အချုပ်ဖြင့် အမှုရင်ဆိုင်ရသည့် ပုဒ်မတစ်ခု ဖြစ်သည်။
အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)သည် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရပါက ၂ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်နိုင်သည်။
အခြားမြို့များတွင်လည်း အာဏာဖီဆန်ရာတွင် ဦးဆောင်သည်ဟု ယူဆရသူများကို လိုက်လံဖမ်းဆီး အမှုဖွင့်လျက်ရှိသည်။
ဖမ်း၀ရမ်းထုတ်ခံရသူများအနက် တစ်ဦးမှာ မန္တလေးတိုင်းဒေသကြီးမြစ်သားမြို့ လက်ထောက်ပညာရေးမှူး ဦးကောင်းထိုက်စိုး ဖြစ်သည်။
“ကျွန်တော့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က) နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်” ဟု ဆရာဦးကောင်းထိုက်စိုးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ကရေးသားခဲ့သည်။
ဆရာကောင်းထိုက်စိုးသည် မြစ်သားမြို့နယ်အတွင်း ဆရာဆရာမများ CDM တွင်ပါ၀င်ရန် ဦးဆောင်ခဲ့သူအဖြစ် သံသယရှိနေသည်ဟု သိရသည်။
အဆိုပါသတင်းအားအတည်ပြုမေးမြန်းရန်မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍မရခဲ့ပါ။