သတင်း

LIVE: စစ်အာဏာရှင်ဆန့်ကျင်ရေး ၂ ငါးလုံး လှုပ်ရှားမှု တစ်နိုင်ငံလုံးဆင်နွှဲနေ

ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲမပေးဘဲ စစ်အာဏာသိမ်းယူသည့်လုပ်ရပ်ကို ဆန့်ကျင်ကွက်ကြသည့် ပြည်သူများက ၂ ဂဏန်းငါးလုံးဆုံသည့် ယနေ့(၂၂-၂-၂၀၂၁)တွင် နိုင်ငံအနှံ့၌ လူသိန်းသောင်းချီပါ ဝင်သော ဆန္ဒပြပွဲများ ဆင်နွှဲနေကြသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူအများအပြားက ယနေ့(တနင်္လာ)တွင် အထွေထွေသပိတ် ဆင်နွှဲရန် ကြိုတင်တိုက်တွန်းခဲ့ကြသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ ဆိုင်ကြီး၊ ဆိုင်ငယ်များ အားလုံးနီးပါးကို ပိတ်သိမ်းကာ ပြည်သူအများအပြား လမ်းပေါ်ထွက်၍ ဒီမိုကရေစီနှင့်ဆန့်ကျင်သော တပ်မတော်၏ လုပ်ရပ် ကို ကန့်ကွက်နေကြခြင်းဖြစ်သည်။

အထွေထွေသပိတ်လှုပ်ရှားမှုတွင် ပြည်တွင်း နာမည်ကျော်သည့် စိန်ဂေဟာ၊ စီးတီး မတ်၊ ဂမုန်းပွင့်ကုန် တိုက်ကြီးများလည်းပါဝင်သည်ကို တွေ့ရပြီး အသက်အရွယ်မရွေး၊ လူတန်းစားမရွေး၊ အာဏာဖီဆန်ရေး လှုပ်ရှားသူ CDM အစိုးရဝန်ထမ်းများပါမကျန် စစ်ကောင်စီကို လမ်းပေါ်ထွက်၍ ဆန္ဒပြနေကြသည်။

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးသည့် အချိန်မှစ၍ ရရှိထားသော စာရင်းများအရ လုံခြုံရေးအဖွဲ.များ၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ပြီး၊ ဒါဇင်နှင့်ချီ ထိခိုက် ဒဏ်ရာများရထားသည့်အပြင် လူပေါင်း ၅၀၀ ကျော်ဖမ်းဆီးခံထားရသည်။

စစ်အာဏာသိမ်းပြီးနောက် နေ့စဉ်ရက်ဆက် လူဦးရေသိန်းချီဆန္ဒပြလေ့ရှိသည့် ရန်ကုန်မြို့ရှိ သံရုံးများသို့ သွားရာလမ်းများ၊ မြို့ကိုဆက်သွယ်ထားသည့် အဓိကကျသည့်တံတားနှင့်လမ်းဆုံများကို ရဲတပ်ဖွဲ့က ညကတည်းက ပိတ်ထားသော်လည်း ဆန္ဒပြပြည်သူများက အတားအဆီးမျိုးစုံကို ရရာနည်းဖြင့် ငြိမ်းချမ်းစွာ ရင်ဆိုင်၍ စုရပ်များတွင် စုဝေးလျက်ရှိသည်။

 

၁၃ : ၃၀ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ရက်ဆက် လူသိန်းချီစုဝေးဆန္ဒပြကြသည့် ရန်ကုန်မြို့ မြေနီကုန်းတွင် ၂၂၂၂၂ အထွေထွေသပိတ်ဆင်နွှဲနေကြစဉ်။


 

၁၂:၅၀ စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် နှစ်ငါးလုံး အထွေထွေသပိတ်တွင် လူဦးရေ သိန်းနှင့်ချီစုဝေးပြီး ရန်ကုန်မြို့လယ် ဆူးလေတွင် ဆန္ဒပြနေကြသည်။

၁၂ : ၃၀ နေပြည်တော်တွင် အဖမ်းအဆီးကြမ်းနေ

အုပ်ချုပ်ရေးမြို့တော်နေပြည်တော်တွင် ၂၂၂၂၂ အထွေထွေသပိတ်ဆင်နွှဲမည့် ပြည်သူ့ သပိတ်စစ်ကြောင်းများကို ရဲနှင့်စစ်တပ်က လူစုမခံဘဲ ဆန္ဒပြလူစုကွဲ၍ အင်အားနည်းသည်နှင့် တစ်ပြိုင်တည်း ဖမ်းဆီးမှုများကို မြို့နယ်အများအပြားတွင်ပြုလုပ်နေသည်။

သတင်းများအရ ဥတ္တရသီရိမြို့နယ်အတွင်းလှည့်လည်ဆန္ဒပြနေသည့် ပြည်သူ ၁၀ဦးကျော်၊ ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်မှ ၅ဦးကျော်၊ ပျဉ်းမနားမြို့၏ အထင်ကရ ရှမ်းကန်ရှေ့တွင် ၅ ဦးခန့် ယနေ့ မွန်းလွဲပိုင်းအထိ ဖမ်းဆီးခံရပြီးဖြစ်ကြောင်း သိရသည်။

နံနက် ၁၁ နာရီခန့်က ပျဉ်းမနားမြို့မှ နေပြည်တော်မြို့တွင်းသို့သွားရာ အဓိကလမ်းမကြီးပေါ်ရှိ နှင်းဆီပန်းအဝိုင်းဖြိုခွင်းမြို့တွင် ရဲနှင့်စစ်တပ်က ၎င်းတို့ကိုပါ သေနတ်ဖြင့်ချိန်၍ ဖမ်းဆီးမည် ပြုသဖြင့် ကိုယ်လွတ်ရုန်းပြေးခဲ့ရကြောင်း သတင်းထောက်အချို့က ပြောသည်။

 

 

၁၀ : ၄၇ ပျဉ်းမနားသပိတ်စစ်ကြောင်းများကို နေပြည်တော်မဝင်နိုင်ရန်တားဆီးထား

ပျဉ်းမနားမြို့တွင်းမှ ထွက်လာသည့် လူဦးရေသိန်းချီရှိသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်စစ်ကြောင်းများကို အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ဧရိယာအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိ စေရန် ရဲနှင့်စစ်တပ်က တားဆီးခဲ့ကြသည်။

ပျဉ်းမနားမြို့တွင်းမှ နေပြည်တော်သို့သွားနိုင်သည့် အဓိကလမ်းမကြီးနှစ်ခုဖြစ်သော ရာဇဌာနီနှင့် ပျဉ်း မနား-တောင်ညိုလမ်းမကြီးများတွင် အဓိကရုဏ်းနှိမ်နင်းရေး ရေအမြောက်ကားအပါအဝင် လက်နက် အပြည့်အစုံဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာယူထားခြင်းဖြစ်သည်။

ရာဇဌာနီလမ်းမကြီးပေါ်ရှိ မြင့်မိုရ်နန်းဟိုတယ်အနီးတွင် မူလက နေရာယူထားသော ရဲနှင့်စစ်တပ်တို့က နေပြည်တော်တွင်းသို့ဖြတ်သန်း၍ မရသည့်သပိတ်စစ်ကြောင်းများ စီတန်းလှည့်လည်နေသည့် နှင်းဆီ ပန်းအဝိုင်းဆီသို့ နံနက် ၁၀နာရီခွဲခန့်တွင် ရေအမြောက်ကားအကူအညီဖြင့် ဇွတ်တိုးလာခဲ့သဖြင့် ဆန္ဒပြ သူတို့ နောက်ဆုတ်ပေးခဲ့ရသည်။

ထို့အတူ ပျဉ်းမနားမှ နေပြည်တော်သို့ သွားရာအဓိကလမ်းမကြီးတစ်ခုဖြစ်သည့် ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်ရှိ ပြန်ကပြေးရွာထိပ်ရှိအဝိုင်းတွင်လည်း စစ်တပ်နှင့်ရဲလုံခြုံရေးအများအပြားချ၍ ပိတ်ဆို့ထားသည်။

 

၁၀ : ၅၃ –ရန်ကုန်မြို့၏ အချက်အချာ လှည်းတန်းလမ်းဆုံတွင် သိန်းချီစုဝေး၍ အထွေထွေသပိတ်ဆင်နွှဲနေကြသည့် ပြည်သူများ။



၁၀ : ၅၀–တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင်လည်း လူထုလူတန်းစားအလွှာပေါင်းစုံ သိန်းချီပါဝင်သည့် အထွေထွေသပိတ်ဆင်နွှဲနေကြသည်။


၁၀: ၄၆- မသန်စွမ်းလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့သည့် မန္တလေးမြို့ တံခွန်တိုင်အဝိုင်းတွင်လည်း ၂၂၂၂၂ အထွေထွေသပိတ်ဆင်နွှဲနေကြသည်။

၁၀ : ၃၇ –အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရှိ ပျဉ်းမနားမြို့တွင်လည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ၂၂၂၂၂ အထွေထွေသပိတ်ကို လူပေါင်းသိန်းချီ ပါဝင်ဆင်နွှဲနေကြသည်။

၁၀ : ၂၈— ရှမ်းပြည်နယ် လားရှိုးမြို့တွင်လည်း လူဦးရေသိန်းချီဆန္ဒပြလျက်ရှိသည်။

၁၀:၂၅ ရန်ကုန်နှင့် မန္တလေးမြို.ကြီးများတွင် လူပေါင်းထောင်နှင့်ချီ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်နေပြီဖြစ်သည်။

၁၀ : ၀၀ – ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်း၍ လူသေဆုံးသည်အထိဖြစ်ခဲ့ရဖူးသော်လည်း မန္တလေးမြို့သူမြို့သားများ သိန်းချီ၍ ၂၂၂၂ အထွေထွေသပိတ်တွင်ပါဝင်နေကြသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ရှေ့တန်းမှတက်ကြွစွာပါဝင်နေကြသည့် မြန်မာ့မီးရထားဝန်ထမ်းများကလည်း ရန်ကုန်မြို့ ၂၂၂၂ အထွေထွေသပိတ်တွင်ပါဝင်ဆင်နွှဲနေကြသည်။

 

 

Show More

Related Articles

Back to top button