သတင်း

CDM လုပ်ထားသော မိုင်းရှူးဆေးရုံ ပြန်ဖွင့်ရန် ဖိအားပေးခံနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ​မိုင်းရှူးမြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသော ပြည်သူ့ဆေးရုံ ပြန်ဖွင့်ရန် ဆေးရုံအုပ်ဆရာဝန်ကြီးကို နယ်မြေခံတပ်ရင်းမှ ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ 

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရပခ လက်အောက်ခံ ၁၄၉ နယ်မြေခံတပ်ရင်းက ဖိအားပေးခြိမ်းခြောက်ပြီး ဆေးရုံပြန်ဖွင့်ခိုင်းနေသည်ဟု ဆိုသည်။ 

“ခြိမ်းခြောက် ဖိအားပေးတယ် စစ်တပ်က။ ဆရာဝန်ကြီးက လက်မခံဘူး။ အဲဒီတော့ အခု သူတို့က ဆေးရုံကို သိမ်းထားတယ်။ စစ်ဆရာဝန်နဲ့ လုံခြုံရေးတပ်သား ၂၀ ဝန်းကျင်လောက် ဆေးရုံအတွင်းအပြင်တွေမှာ ရှိတယ်။ သ​ဘောကတော့ သူတို့ဆရာဝန်နဲ့ သူတို့ ဆေးရုံပြန်ဖွင့်တယ်ပေါ့။ ဆေးလာကုတဲ့လူနာတော့ မရှိဘူး” ဟု  လုံခြုံရေးအရ အမည်မဖော်လိုသည့်​ မိုင်းရှူးဒေသခံက ပြောသည်။ 

​မိုင်းရှူးပြည်သူ့ဆေးရုံကြီးတွင် တာဝန်ကျ ဆရာဝန်သုံးယောက်အား ဖေဖော်ဝါရီလ ၁၁ တွင် စစ်တပ်နှင့် ရဲက လာရောက်ဖမ်းဆီးခဲ့သော်လည်း ​မိုင်းရှူးမြို့ပြည်သူများဝန်းရံမူကြောင့် ဆရာဝန်များ အဖမ်းမခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“အခုဖြစ်တာက အောက်မိုင်းရှူးပေါ့။  ​မိုင်းရှူးမြို့ထဲမှာရှိတဲ့ ပြည်သူ့ဆေးရုံကြီး။ ​မိုင်းရှူးတောင်ပေါ် ဝမ်ကန်ရွာမှာလည်း တိုက်နယ်ဆေးရုံ တစ်ခုရှိတယ်။  အဲ့ဒီ ဝမ်ကန်ဆေးရုံဆရာဝန်က CDM မလုပ်ဘူး။ အဲ့ဒါကို စစ်တပ်က ဝမ်ကန်ဆေးရုံက ဆရာဝန်ကို ကျွန်တော်တို့ ပြည်သူ့ဆေးရုံကြီးမှာ လာထိုင်ခိုင်းတယ်တဲ့ ။ ဟိုဆရာဝန်က လာထိုင်မယ်တဲ့။ စစ်တပ်ဆရာဝန်တွေ ပြန်သွားပြီ ။ ဟိုဆရာဝန်ကို အစားထိုးခဲ့တယ်” လို့ ​မိုင်းရှူးမြို့ဒေသခံက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ​မိုင်းရှူးမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကိုသိန်းဝင်းနှင့် မိုင်းရှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုဦးစီး မ​မြတ်စုမွန်တို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ခြေလျင်တပ်ရင်း (ခလရ)၂၄၉ စစ်တပ်အတွင်း ချုပ်နှောင်ထားကြောင်း ဒေသခံများက ပြောသည်။ 

ဒေသတွင်းအခြေအနေနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့များကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ဆရာဝန်များ ဦးဆောင်ကာ CDM လှုပ်ရှားမှု စတင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ နိုင်ငံ့ဝန်ထမ်းများပါ ပါဝင်လာခဲ့သည်။ 

ဆရာဝန်များ CDM တွင် ပါဝင်နေသောကြောင့် လူနာများ တပ်မတော်ဆေးရုံများတွင် ဆေးကုသနိုင်ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button