အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးဆန္ဒပြပွဲဖြိုခွင်းမှုတွင် အနည်းဆုံး ၂ ဦး သေဆုံး

ယနေ့နံနက်တွင် မန္တလေးကမ်းနားလမ်း ရတနာပုံသင်္ဘောကျင်း ရှေ့တွင် လူအင်အားထောင်ချီ ဆန္ဒပြရာနေရာ ယင်းနေရာသို့ စစ်တပ်နဲ့ ရဲကား အများအပြားရောက်ရှိလာပြီး ဖြိုခွင်းရာ ၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ (၁၀)ဦးထက်မနည်းရှိကြောင်း အဆိုပါနေရာတွင် ရောက်ရှိနေသည့် သတင်းထောက်က သတင်းပေးပို့သည်။

ရုပ်အလောင်းများကို ဆေးရုံသို့ ပို့နေသည်ဟု မြတ်ပါရမီသွေးလှူရှင်အသင်း ဦးဆောင်ဆရာတော်ထံမှ သိရကြောင်း သတင်းထောက်က သတင်းပို့သည်။

“လောလောဆယ် နှစ်ဦးသေတယ်။  ဗြမ္မစိုရ်ဆေးခန်းကို ခေါ်အသွား လမ်းမှာကတည်းက ဆုံးတာ တစ်ဦး။ နေရာတွင်လမ်းပေါ်ပွဲချင်းပြီး တစ်ဦး။ နှစ်ဦးစလုံးအမျိုးသားချည်းပဲ။  အလောင်းတွေကို မြတ်ပါရမီကားနဲ့ ပြည်သူ့ဆေးရုံကြီး ပို့ဖို့လုပ်နေတယ်လို့ ဆရာတော်က မိန့်ပါတယ်” ဟု မြေပြင်တွင် သတင်းရယူနေသည့် သတင်းထောက်တစ်ဦးက ပြောသည်။

“အခုထိပစ်နေတုန်းပဲ၊ သတင်းထောက်တွေလည်း နီးရာ အိမ်တွေထဲ ပုန်းနေရတယ်၊ အကုန်ပစ်နေတာ” ဟု သတင်းထောက်က ညနေ ၅း၄၅ တွင် သတင်းပို့သည်။

ဓာတ်ပုံ – Myanmar Now

အာဏာသိမ်းစစ်တပ်အောက်တွင်အမှုမထမ်းရန် CDM လှုပ်ရှားမှုတွင် ပါ၀င်နေသည့် ရေကြောင်းဝန်ထမ်းများကို စစ်တပ်က အတင်းဖိအားပေးကာ သင်္ဘောထွက်ရန် ခိုင်းစေသော်လည်း ဝန်ထမ်းတို့က လိုက်နာခြင်း မရှိသဖြင့် အခြားမြို့များမှ ရေကြောင်းဝန်ထမ်းများကို ခေါ်ဆောင်ကာ သင်္ဘောထွက်ရန် စီစဉ်နေကြသည်ဟု ရေကြောင်းဝန်ထမ်းတစ်ဦးက ယနေ့မနက်တွင်Myanmar Now ကို ပြောသည်။

“အခု သင်္ဘောထွက်ဖို့လုပ်နေတာ ကျွန်တော်တို့ဝန်ထမ်းတွေမဟုတ်ဘူး၊ သူတို့(စစ်တပ်)ခေါ်လာပြီး အတင်းထွက်ဖို့ လုပ်နေတာ၊ ကျွန်တော်တို့မန္တလေးရေကြောင်းတစ်ခုလုံးက CDM လုပ်ထားတာ” ဟု ယင်းရေကြောင်းဝန်ထမ်းက Myanmar Nowကို ပြောသည်။

ထိုသို့ သင်္ဘောထွက်ရန်ပြုလုပ်နေချိန် အဆိုပါရတနာပုံသင်္ဘောကျင်းသို့ ပြည်သူလူထုထောင်ချီ ရောက်ရှိလာပြီး ဆန္ဒပြကြသည်။ ဆန္ဒပြသူတို့သည် သဘောရှေ့တွင် တစ်နေရာ၊ သင်္ဘောကျင်းရှေ့ကမ်းနားလမ်းတွင် တစ်နေရာ ခွဲပြီးဆန္ဒပြရာ နေ့လယ်ပိုင်းတွင် စစ်ကားနှင့် ရဲကား အစီး ၂၀ ခန့်  ရောက်ရှိ ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

နှိမ်နင်းရာတွင် သေနတ် အချက်(၁၀၀)ထက်မနည်း ပစ်ခတ်ခဲ့ပြီး မျက်ရည်ယိုဗုံးများလည်း သုံးခဲ့သည်။

ဓာတ်ပုံ – Myanmar Now

ဒဏ်ရာရသူများရှိသည်ဟု အခင်းဖြစ်နေရာတွင် ကယ်ဆယ်ရေးပြုလုပ်နေသူ ပရဟိတသမားတစ်ဦးက ပြောသည်။

“အခု ပစ်ခံရသူတွေကို ကယ်နေပါတယ်၊ အရေအတွက်ပြောလို့ မရသေးပါဘူး၊ ကျွန်တော်တို့တောက်လျှောက် ကယ်နေပါတယ်” 

ဆန္ဒပြသူတို့ကိုဖြိုခွင်းရာတွင် ကျည်အစစ်များပါ အသုံးပြုနေသည်ဟု ယင်းအနီးနေအိမ်များက ပြောဆိုပြီး လက်ရှိတွင် ဒဏ်ရာရသူအရေအတွက်ကို Myanmar Nowက စုံစမ်းနေဆဲဖြစ်သည်။

“အခုထိ တရစပ်ပစ်နေတယ်။ လမ်းဘေးနေအိမ်တွေပါ ပစ်တာ၊ ဒဏ်ရာရသူ အတော်များတယ်” ဟု ယင်းနေရာတွင် တည်ရှိနေသည့် သတင်းထောက်က Myanmar Nowကို ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button