
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ထားသော ခွန်ဗွာထိုသွေးသည် ဖေဖော်ဝါရီ ၁၇ က ဖမ်းဆီးခံရသည်။
၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဖြစ်ကြောင်း၊ ဆိုက်ခေါင်ကျေးရွာရှိ အောင်ဆုဗွေစခန်းတွင် ယင်းနေ့က ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းနှင့်ရင်းနှီးသူ အမည်မဖော်လိုသူက ပြောသည်။
“သူက စည်ပင်ကော်မတီဥက္ကဋ္ဌ ရာထူးကနေ အာဏာသိမ်းပြီး နှစ်ရက်လောက်တည်းက နုတ်ထွက်လိုက်တယ်။ သူ့အဖေရော၊ သူရောက NLD ပါတီဝင်လည်းဖြစ်တယ်။ လက်ရှိအခြေအနေတွေကြောင့် လုံခြုံမယ်ထင်ပြီး အမျိုးတော်စပ်သူရှိတဲ့ PNA စခန်းမှာ သွားခိုလှုံခါမှ တခြား PNA တပ်ဖွဲ့ဝင်တွေက လာဖမ်းပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကို အပ်လိုက်တယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ပြောသည်။
ဖမ်းဆီးခံရသည့် သတင်းကို သိရှိကြောင်း ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။
“ဟုတ်ပါတယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်၊ တပည့်သားတွေကိုလည်း လိုက်ဖမ်းနေတယ်လို့ ကြားပါတယ်” ဟု ဦးစိုးညွန့်လွင်က ပြောသည်။
ဝန်ကြီးကိုယ်တိုင်လည်း နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသည်။

PNA တပ်ဖွဲ့က ဖမ်းဆီးသွားပြီး စစ်တပ်ကို အပ်နှံလိုက်သည်ဆိုသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး ထိုအဖွဲ့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။
အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဦးအောင်ခမ်းထီ ဦးဆောင်သော PNO (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်) နှင့် ပအိုဝ်းတပ်မတော် (PNA) အခြေစိုက်ရာဒေသဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) သည် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စု ၄ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်မှာ ၆ နေရာ၊ ပြည်နယ်ပြင်ပ ၁ နေရာ အနိုင်ရရှိထားသည်။
ပြီးခဲ့သည့် ၂၀၁၀ နှင့်၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရွေးကောက်ပွဲမဟာမိတ်ဖွဲ့ခဲ့သော PNO သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်မူ ပြည်ခိုင်ဖြိုးပါတီကို ရွေးကောက်ပွဲမဟာမိတ်အဖြစ်မှ ရပ်စဲခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ အရ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခု ရှိပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း တစ်ခုအပါအဝင်ဖြစ်သည်။