သတင်း

မန္တလေးလူထု သိန်းချီ လမ်းပေါ်ထွက်ပြီး အာဏာသိမ်းမှုကို ကန့်ကွက် 

မန္တလေးမြို့တွင် ရဲတပ်ဖွဲ့ဝင်များ အင်အားသုံးဖြိုခွင်းနေသော်လည်း လူသိန်းချီ စုဝေး၍ အာဏာရှင်ဆန့်ကျင်ရေး လူထုစုပေါင်းသပိတ်လှုပ်ရှားမှု ယနေ့ ပြုလုပ်ခဲ့ကြသည်။

မန္တလေးမြို့၊ တရုတ်ကောင်စစ်ဝန်ရုံးအနီး ၇၃ လမ်းနှင့် သိပ္ပံလမ်းတောင်ဘက်တွင် ယနေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လူထုသပိတ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါလူထုသပိတ်၌ ဆရာဝန်များ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားသမဂ္ဂများ၊ အလုပ်သမားနှင့် လယ်သမားအဖွဲ့အစည်းများအပြင် စည်ပင်၊ မီးသတ်၊ စိုက်ပျိုးရေးစသော ဌာနဆိုင်ရာတို့မှ ပြည်သူ့ဝန်ထမ်းများလည်း ပါဝင်ခဲ့သည်။ 

ထို့အပြင် အဆိုတော်မွန်းအောင်၊ မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ဝင်းမြမြအပါအဝင် ပါတီဝင်အချို့လည်း ပူးပေါင်းပါဝင်ခဲ့သည်။ 

ယင်းသပိတ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ၊ ပြည်သူ့ဝန်ထမ်းများ ရုံးမတက်ဘဲ အာဏာဖီဆန့်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြရန်၊ ရေရှည်တိုက်ပွဲဖြစ်သဖြင့် ဇွဲမလျှော့ဘဲ ဆက်ပြီး လှုပ်ရှားသွားကြရန် တိုက်တွန်းကြသည့်အပြင် အဖွဲ့အစည်းတစ်ခုချင်းစီအလိုက် ကိုယ်စားပြုသူတစ်ဦးစီက အာဏာရှင်စနစ်ကို တွန်းလှန်ရန် ဟောပြောခဲ့ကြသည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သော အသက် ၃၀ အရွယ် သွားနှင့်ခံတွင်းဆရာဝန်တစ်ဦးက ဆက်လက်အန်တုကြရမည်ဟု ပြောသည်။

“ကျွန်တော်တို့ In-service ဝင်ရတာက ကိုယ်ကြည်ညိုတဲ့အစိုးရလက်အောက်မှာ ပြည်သူကို အလုပ်အကျွေးပြုဖို့အတွက် ဝင်တာပါ။ သူတို့ (စစ်ကောင်စီ) ကို မဟုတ်ပါဘူး။ ဒါကြောင့် သူတို့မထုတ်လည်း အချိန်တန်ရင် အလုပ်ထွက်မှာပါ။ ဒါကြောင့် အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ကျွန်တော်တို့ နောက်ပြန်လှည့်မှာ မဟုတ်ဘူး” ဟု အဆိုပါ ဆရာဝန်က Myanmar Now ကို ပြောသည်။ 

အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုသက်နှင်းအောင်ကလည်း အလားတူ ပြောကြားသည်။

“ကျွန်တော်တို့အလုပ်သမားထုအတွက်က စစ်အာဏာရှင်အောက်မှာ သေမထူးနေမထူး ဖြစ်သွားပြီ။ ဒါကြောင့် အဆိုးသံသရာ မရှည်အောင် ဒီစနစ်ကို ဆန့်ကျင်သွားရမှာဖြစ်ပါတယ်” ဟု ကိုသက်နှင်းအောင်က ပြောသည်။ 

မျက်မှောက်အခြေအနေသည် အလုပ်သမားထုအတွက်သာမက နိုင်ငံလုံးဆိုင်ရာအကျပ်အတည်းတစ်ရပ် ဖြစ်သည်ဟု သူက ဆိုသည်။

လူထုသပိတ် ပူးပေါင်းကျင်းပသော စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီက မန္တလေးမြို့လူထုကိုယ်စား အချက် ၄ ချက်ပါ သဘောထားတစ်ရပ်ကို ယနေ့ (ဖေဖော်ဝါရီ ၁၈) တွင် ထုတ်ပြန်ထားသည်။ 

စစ်အာဏာသိမ်းမှုအပါအဝင် အာဏာရှင်စနစ်နှင့် စစ်အုပ်စုကို ဆန့်ကျင်မည်၊ ပြည်သူများယုံကြည်ရာ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် တတ်စွမ်းသည့်နည်းလမ်းများဖြင့် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဖြစ်သည်ဟု ပါရှိသည်။ 

၇၃ လမ်း သိပ္ပံလမ်းတောင်ဘက်တွင် မန္တလေးမြို့ရှိ စစ်ကောင်စီ ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ စုစည်းပြီး ဟောပြောစည်းရုံးခြင်းများ ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ- Myanmar Now)

လက်ရှိဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုထားသည်။

ပထမအကြိမ် လူထုစုပေါင်းသပိတ်အဖြစ် မန္တလေးဘူတာကြီးရှေ့တွင် မကြာသေးခင်က ပြုလုပ်ခဲ့ပြီးဖြစ်သည်။ 

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် ဖေဖော်ဝါရီ ပထမပတ်အတွင်းမှစ၍ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများ ဆက်တိုက်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၈ တွင် ၃၈ လမ်းရှိ ဆန္ဒပြလူအုပ်အားလည်းကောင်း၊  ဖေဖော်ဝါရီ ၁၅ တွင်မန္တလေးဘဏ်(၁)နှင့် တံခွန်တိုင်အဝိုင်းတို့ရှိ ဆန္ဒပြလူထုအားလည်းကောင်း ရဲနှင့် စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့သည်။ 

ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်း ဖြိုခွင်းမှုပြီးသည့်အချိန်မှစ၍ မန္တလေးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ၁၊ ၂ နှင့် ၃ တို့ရှေ့၌ ခန့်မှန်း ရဲနှင့် စစ်တပ်အင်အား ၃၀၀ ထက်မနည်း အသင့်အနေအထားဖြင့် လုံခြုံရေးယူထားသည်မှာ ယနေ့အထိဖြစ်သည်။ 

ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီ ၁၇၊ ည ၈ နာရီခန့်က မန္တလေးဘူတာကြီးအနီး မီးရထားဝန်ထမ်းအိမ်ရာများကို စစ်တပ်က မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ 

ဖေဖော်ဝါရီ ပထမပတ်မှစ၍ မန္တလေးနန်းတွင်းဝင်ပေါက်များဖြစ်သော ကျုံးလေးဖက်လေးတန်ရှိ ၂၆လမ်း၊ ၆၆လမ်း၊ လမ်း၈၀၊ ၁၂ လမ်းဝင်ထွက်ခွင့်ကို ရဲ၊ စစ်တပ်လုံခြုံရေးများချပြီး ပိတ်ထားခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ 

မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအဖြစ် နေ့စဉ် အချိန်မှန်ပြုလုပ်နေကျ မြတောင်ကျောင်းတိုက်မှ စတင်သည့် မန္တလေးသံဃာသပိတ်စစ်ကြောင်း၊ ရှမ်းအပါအဝင် ချင်း၊ ကရင် စသော တိုင်းရင်းသားမျိုးနွယ်စုများပါဝင်သော ဆန္ဒပြစစ်ကြောင်းများ ပါဝင်သည်။

၎င်းအပြင်  မန္တလေးဘူတာကြီးရှေ့ရှိ ထိုင်သပိတ်၊ မန္တလေးတရုတ်ကောင်စစ်ဝန်ရုံးရှိသော မင်္ဂလာမန္တလေးအနီး ၇၃ လမ်းနှင့် သိပ္ပံလမ်းတလျှောက်၊ ၆၂ လမ်း မနော်ရမ္မံလူထုအားကစားကွင်းရှိရာ ၃၅ လမ်းမှ သိပ္ပံလမ်းတလျှောက်တွင် လူငယ်အများစု ဦးဆောင်သော ဆန္ဒပြလှုပ်ရှားမှုများ၌ စုစုပေါင်း လူအင်အား သိန်းဂဏန်းခန့် ပါဝင်လျက်ရှိသည်။ 

Show More

Related Articles

Back to top button