
အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် အစိုးရရုံးများသို့ သွားရောက်အလုပ်ဆင်းရန် ပြင်ဆင်နေသည့် ဝန်ထမ်းများကို ဟန့်တားသည့်အနေဖြင့် မော်တော်ယာဉ်များဖြင့် လမ်းပိတ်ဆို့သည့် လှုပ်ရှားမှုကို ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ယနေ့ ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများဖြစ်သည့် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် အစိုးရဘဏ်များရုံးစိုက်ရာ ဆူးလေတဝိုက်တွင် သောင်းနှင့်ချီသည့် မော်တော်ယာဉ်များက ကားပျက်နေသည်ဟု ဆိုကာ နံနက် ၈ နာရီမှစ၍ ပိတ်ဆို့ခဲ့ကြသည်။
အစိုးရဝန်ထမ်းအများစု နေထိုင်ရာ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် မော်တော်ယာဉ်ပိုင်ရှင်များကလည်း မြောက်ဒဂုံမြို့နယ်မှ ရန်ကုန်အတွင်း အခြားမြို့နယ်များသို့ သွားလာရာတွင် အဓိကအရေးပါသည့် ဘေလီတံတားကို ပင်လုံလမ်းမကြီးမှ စတင်ပိတ်ဆို့ခဲ့သည်။
ထိုတံတားကို ပိတ်ဆို့ထားသည့် မော်တော်ယာဉ်ပိုင်ရှင်များတွင် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်သောကြောင့် ပုဒ်မ ၅ (ည) ဖြင့် အကျဉ်းကျခံခဲ့ရသူ အငှားယာဉ်မောင်း ကိုဇော်ဝင်းလည်း ပါဝင်သည်။
“အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး CDM (စစ်ကောင်စီ၏ အစိုးရယန္တရားရပ်တန့်ရေး အာဏာဖီဆန်သည့် လှုပ်ရှားမှု) ကို ထောက်ခံတဲ့အနေနဲ့ ဝန်ထမ်းတွေ ရုံးမတက်နိုင်အောင် ပိတ်ဆို့ထားတာပါ” ဟု ကိုဇော်ဝင်းက ပြောသည်။
အာဏာဖီဆန်ရေး မော်တော်ယာဉ်ပျက်သည့် လှုပ်ရှားမှုတွင် ပါဝင်သူများသည် ၎င်းတို့၏ မော်တော်ယာဉ်များ၏ ရှေ့တွင် CDM လှုပ်ရှားမှုကို ထောက်ခံကြောင်း ရေးသားထားသည့် စာတမ်းများကို ချိတ်ဆွဲထားပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်သည့် လက်သုံးချောင်းထောင် သင်္ကေတများဖြင့်လည်း သရုပ်ဖော်ပြသကြသည်။

အာဏာဖီဆန်ရေး မော်တော်ယာဉ်ပျက်သည့် လှုပ်ရှားမှုတွင် လှည်းတန်းလမ်းဆုံ မီးပွိုင့်တွင် YBS မော်တော်ယာဉ်တစ်စီးက လမ်းကြော ကန့်လန့်ဖြတ်ပိတ်ဆို့၍ ပါဝင်ခဲ့သည်။
“သူတို့ (လူထု) တောင်းနေတာကလည်း ဝန်ထမ်းတွေ ရုံးမတက်ဘဲ CDM မှာ ပါဝင်ဖို့ တောင်းတာလေ။ ဒီတစ်ခု အဆင်ပြေရင်ရပြီ။ ဒါကြောင့် ကျွန်တော်တို့ကားတွေလည်း ကူညီတဲ့အနေနဲ့ ကားတွေ ဆက်မမောင်းတော့ဘဲ ထိပ်ကနေ အင်းစိန်ဘက်ကို ကန့်လန့်ပိတ်ထားလိုက်တာ”ဟု ထိုလှုပ်ရှားမှုတွင် ပါဝင်သည့် အမည်မဖော်လိုသည့် YBS ယာဉ်မောင်းက ပြောသည်။
စစ်ကောင်စီကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေး ကားပျက်လှုပ်ရှားမှုကို အစိုးရ ရုံးဆင်း၊ ရုံးတက်ချိန်များဖြစ်သည့် ယနေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီထိ ပြုလုပ်ရန် ရည်ရွယ်ထားကြသည်။
သို့သော်လည်း မွန်းလွဲ ၁၁ နာရီခန့်တွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဆူးလေတွင် ဟောပြောမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ပိတ်ဆို့ထားသည့် မော်တော်ယာဉ်အများအပြားသည့် ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
ဝန်ကြီးဌာန ၂၃ ခု ရှိ ဌာနပေါင်း ၁၀၁၉ ဌာနမှ အစိုးရဝန်ထမ်း ၁၅၀၆၃ ဦးသည် ရုံးမတက်ဘဲ အာဏာဖီဆန်သည့် လှုပ်ရှားမှုတွင် ပါဝင်နေသည်ဟု cdm2021.com အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့် ၁၁ ရက်မြောက်နေ့အဖြစ် ရန်ကုန်မြို့တွင် လူအများအပြား ဆန္ဒပြကြပြီး အများစုမှာ လူငယ်လူရွယ်များ ဖြစ်ကြသည်။