
ရန်ကုန်မြို့ဆူးလေလမ်းဆုံတွင် လူပင်လယ်ဖြစ်သည်အထိ သိန်းနှင့်ချီ စုဝေးခဲ့ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖေဖော်ဝါရီ ၁၇ တွင် ပြန်လည်အရှိန်မြင့်တက်လာသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများအတွက် အဓိက စုစည်းရာနေရာများဖြစ်သည့် ဆူးလေ၊ လှည်းတန်း၊ မြေနီကုန်းတို့တွင် ယခင်ရက်များအတွင်း စုဝေးမှု အနည်းငယ် နည်းပါးသွားသော်လည်း “အမေစုလွတ်မြောက်ရေး သန်းချီစုဝေး” “စစ်အာဏာရှင် လှုပ်ရှားရေး သန်းချီစုဝေး” ကြွေးကြော်သံဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၇ တွင် ရန်ကုန်၏ ဗဟိုချက်ဖြစ်သည့် ဆူးလေတွင် လူအင်အား သိန်းချီ ဆန္ဒပြခဲ့ကြသည်။
ရန်ကုန်မြို့ သွားလာရေးတွင် အဓိကျသည့် နေရာများတွင် မြေနီကုန်းလမ်းဆုံ၊ ရန်ကင်း၊ ဒေါပုံတံတား၊ မဟာဗန္ဓုလ တံတား နှင့်မြောက်ဒဂုံ မဝတ လမ်းဆုံတို့တွင် မော်တော်ယာဉ်ငယ်များ၊ ဘတ်စကားများ၊ အငှားယာဉ်များပါမကျန် ကားစက်ပျက်လှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
အာဏာဖီဆန်မှုတွင် မပါဝင်ဘဲ ရုံးတက်နေသည့် ရုံးဝန်ထမ်းများ သွားလာရေး နှောင့်နှေးစေရန်နှင့် ဆန္ဒပြပြည်သူများကို ဖြိုခွဲမည့် ရဲနှင့် လုံခြုံရေးတပ်ဖွဲ့များကို နှောင့်နှေးစေရန် ရည်ရွယ်ပြီး လမ်းမများထက်တွင် ကားအများအပြား တစ်ပြိုင်နက် စက်ချို့ယွင်းသည်ဟု ကြေညာပြီး ရပ်နားထားသည့်လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကားစက်ပျက်ကမ်ပိန်းတွင် ပါဝင်သည့် ကိုအောင်ဇော်က “ ကိုယ်ခံနိုင်ရည်ရှိသလောက် တားထားမယ်” ဟု ဆိုသည်။

စစ်အာဏာရှင်အလိုမရှိဆန္ဒပြပွဲများ လူစုဝေးရာနေရာတစ်ခုဖြစ်သည့် လှည်းတန်းလမ်းဆုံတွင် ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ထားသည်ကို တွေ့ရသည်။ လှည်းတန်းလမ်းဆုံမှ တက္ကသိုလ်ရိပ်သာလမ်းအထိ အတားအဆီးများ ချထားပြီး ယင်းနောက်တွင် ရဲကား ခြောက်စီး၊ အချုပ်ကားတစ်စီး၊ စစ်ကားတစ်စီးနှင့် ရန်ကုန်တက္ကသိုလ်အပေါက်ဝနားတွင် ရေအမြောက်ယာဉ်နှစ်စီး နေရာယူထားသည်။
ယခင်ရက်များက တက္ကသိုလ်ရိပ်သာလမ်းကို တားဆီးပိတ်ပင်ထားခြင်းမရှိသလို ရန်ကုန်တက္ကသိုလ် ဝင်ပေါက်အနီးတွင်သာ ရဲများက နေရာယူထားသော်လည်း ယနေ့တွင် တက္ကသိုလ်ရိပ်သာလမ်းကို လုံးဝ ပိတ်ဆို့ထားလိုက်ခြင်း ဖြစ်သည်။
အတားအဆီးများချထားသည့်ရှေ့နှင့် လှည်းတန်းခုံးကျော်တံတားအောက်တွင် ထောင်နှင့်ချီသည့် လူထုက “ရုံးမတက်နဲ့ ရုန်းထွက်” “စစ်အာဏာရှင် အလိုမရှိ” စသည့် ကြွေးကြော်သံများဖြင့် စုဝေးဆန္ဒပြခဲ့သည်။

လှည်းတန်းစင်တာရှေ့နှင့် လှည်းတန်းစိန်ဂေဟာရှေ့တို့တွင်လည်း ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြသူများနှင့် ပြည့်နှက်နေပြီး လှည်းတန်းခုံးကျော်တံတား၊ လူကူးတံတားတို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အရောင်အသွေးစုံ ပိုစတာများ ပြည့်နှက်နေသည်။
မြေနီကုန်းတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သရုပ်ဖော်မှုများ၊ အာဏာရှင်ဆန့်ကျင်ရေးအတွက် ဂီတဖြင့် ဖျော်ဖြေနေသူများကိုလည်း တွေ့ရပြီး ရာနှင့်ချီသည့် ဆန္ဒပြသူများကို တွေ့ရသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ဦး က “လမ်းပေါ်ထွက်တဲ့ လူထုလှုပ်ရှားမှုမျိုးမှာ ပါတာကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါတဲ့သူတွေကို အားတက်စေပါတယ်။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ အားလုံးက ဒါကို တတ်နိုင်တဲ့ နည်းနဲ့ ဝိုင်းဝန်းဆန့်ကျင်နေတယ်ဆိုတာ သိသာတာပေါ့။ CDM မှာလည်း ပါဝင်သလို လမ်းပေါ်လည်း ထွက်ပြီးဆန္ဒပြတာ နေ့တိုင်းပါပဲ” ဟုဆိုသည်။
စစ်အာဏာသိမ်းမှုကြောင့် လူငယ်များ၏ အနာဂတ်နှင့် နောက်မျိုးဆက်အတွက် ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် တတ်နိုင်သမျှ နည်းလမ်းမှန်သမျှဖြင့် ဝင်ရောက်လုပ်ဆောင်နေသည်ဟု သူက ဆိုသည်။
ယနေ့မနက်ပိုင်းတွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ဆေးတက္ကသိုလ် ၂ ၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂတို့ ဦးဆောင်သည့် သပိတ်စစ်ကြောင်း၊ စမ်းချောင်းမြို့နယ်သပိတ်စစ်ကြောင်းများ ပေါင်းပြီး မြေနီကုန်း စမ်းချောင်းမှတဆင့် ရာနှင့်ချီသည့် လူထုက ဆူးလေထိ ချီတက်ဆန္ဒပြခဲ့သည်။

မြို့နယ်အသီးသီးမှ သပိတ်စစ်ကြောင်းများ၊ ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းများက ဆူးလေတွင် စုပေါင်းမိကြပြီး သိန်းနှင့်ချီသော လူထုက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။
အနုပညာသရုပ်ဖော်မှုများဖြင့် အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသနေသလို မေတ္တာသုတ်ရွတ်ဖတ် ပူဇော်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြနေသူများကိုလည်း တွေ့ရသည်။
စစ်အာဏာသိမ်းခြင်းကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာနှင့် အဆက်ဖြတ်ခံရပြီး လူငယ်တို့၏အနာဂတ် အမှောင်တွင်းထဲ ကျရောက်သွားသကဲ့သို့ဖြစ်မည်ကို သရုပ်ဖော်သည့်အနေဖြင့် ဆယ်ကျော်သက် လူငယ်လေးဦးက မျက်စိကို အဝတ်စည်းပြီး ဆူးလေဘုရားအနီးတွင် ထိုင်လျက်ဆန္ဒပြခဲ့ကြသည်။

ယခင်ရက်များနည်းတူ နတ်မောက်လမ်းရှိ ကုလသမဂ္ဂရုံးရှေ့တွင်လည်း ရာနှင့်ချီသည့် လူထုက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း စုဝေးဆန္ဒပြကြပြီး လူထုထံမှ အိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂရုံးက လက်ခံရယူခဲ့သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “ဒီတိုက်ပွဲမှာ ကျွန်တော်တို့ နိုင်သွားရင် ကျွန်တော်တို့ တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ကို ပြန်ရမှာပါ။ ပြည်သူ့အာဏာကို ပြည်သူ့ပြန်ပေးရမှာပါ။ ကျွန်တော်တို့အာဏာ ကျွန်တော်တို့ ပြန်ရမှာပါ” ဟု ကုလသမဂ္ဂရုံးရှေ့တွင် ဟောပြောခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် စစ်အာဏာသိမ်းစစ်ကောင်စီဘက်မှ ရပ်တည်ခဲ့သည့် ရုရှားနှင့်တရုတ်တို့ကို ကန့်ကွက်ကြောင်း ထိုနှစ်နိုင်ငံ သံရုံးရှေ့တွင် လူငယ်များက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။
ငွေကြေးကဏ္ဍအတွက် အဓိကဒေါက်တိုင်တစ်ခုဖြစ်သည့် ရန်ကင်းရှိ၊ ဗဟိုဘဏ်ရှေ့တွင်လည်း ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပိုမိုပါဝင်လာစေရန် လူထုက တောင်းဆိုဆန္ဒပြခဲ့သည်။ ဗဟိုဘဏ်ရှေ့တွင် ယခင်ရက်များနည်းတူ ရဲနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားချထားပြီး နေရာယူထားသည်။

ထို့ပြင် မြို့နယ်အလိုက် ဖွင့်လှစ်နေသည့် ရုံးများရှေ့တွင်လည်း ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာစေရေးအတွက် ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်ဘဏ်ရှေ့တွင်လည်း ရုံးတက်နေဆဲ ဝန်ထမ်းများကို အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပိုမိုပါဝင်လာစေရန် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ ၁၀၀ ကျော်က ဘဏ်ရှေ့တွင် စုရုံးတောင်းဆိုခဲ့ကြသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်နေသည့် ရှမ်းတိုင်းရင်းသားတစ်ဦးက “ကျွန်တော်တို့က စစ်တပ်အုပ်ချုပ်တဲ့အချိန်မှာ ကြီးပြင်းခဲ့ရတာ။ ကိုယ့်ညီတွေ၊ ညီမတွေကိုတော့ ဒီလိုမျိုးအကြောက်တရားတွေနဲ့ မကြီးစေချင်ဘူး။ အဘတို့ခေတ်ကို ထပ်မရောက်စေချင်လို့ ပါဝင်နေတာပါ” ဟု ပြောသည်။
ဖေဖော်ဝါရီ ၆ မှစ၍ ရန်ကုန်မြို့တွင် စစ်ကောင်စီကို ဆန္ဒပြနေသည်မှာ ယနေ့ဆိုလျှင် ၁၁ ရက်မြောက် ရှိပြီ ဖြစ်သည်။