
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ညနေပိုင်းတွင် မန္တလေးစီးပွားရေးဘဏ် (၁) ရှေ့နှင့် တံခွန်တိုင်အဝိုင်းရှိ ဆန္ဒပြလူအုပ်ကို ရဲနှင့် စစ်သားများက အင်အားသုံးဖြိုခွင်းခဲ့ပြီး နောက်တစ်ရက်တွင် ဆန္ဒပြလှုပ်ရှားမှုများ သိသိသာသာ ငြိမ်သွားခဲ့သော်လည်း ယနေ့ (ဖေဖော်ဝါရီ ၁၇) တွင် အာဏာသိမ်းဆန့်ကျင်မှုများ မြို့အနှံ့ ပြန်လည်ထွက်ပေါ်လာသည်။
ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲအတွင်း အာဏာသိမ်းမှုဖြစ်စဉ်ကို ကာကွယ်ပြောဆိုချက်များကို လက်မခံနိုင်သဖြင့် မန္တလေးမြို့ခံပြည်သူလူထုက လမ်းပေါ်သို့ ပြန်ထွက်လာခြင်းဖြစ်သည်ဟု ဆန္ဒပြသူအချို့က ပြောသည်။
နေ့စဉ်ဆန့်ကျင်ထုတ်ဖော်နေသည့် မြတောင်ကျောင်းတိုက်မှ စတင်သော မန္တလေးသံဃာ့သပိတ်ကြောင်း၊ ရှမ်း၊ ချင်း၊ ကရင် စသော တိုင်းရင်းသားမျိုးနွယ်စုများပါဝင်သော ဆန္ဒပြစစ်ကြောင်းအပြင် မန္တလေးဘူတာကြီးရှေ့ရှိ ထိုင်သပိတ်၊ တရုတ်ကောင်စစ်ဝန်ရုံးတည်ရှိရာ ၇၃ လမ်းနှင့် သိပ္ပံလမ်းတစ်လျှောက်၊ ၆၂ လမ်း မနော်ရမ္မံလူထု အားကစားကွင်းရှိရာ ၃၅ လမ်းမှ သိပ္ပံလမ်းတလျှောက် စသည့်နေရာများတွင် လူငယ်အများစုဦးဆောင်သည့် လူအင်အားသိန်းချီ ပါဝင်လှုပ်ရှားခဲ့ကြသည်။

မန္တလေးတရုတ်ကောင်စစ်ဝန်ရုံးရှေ့ ယနေ့ဆန္ဒပြလူအုပ်မှာ သောင်းချီရှိပြီး ယခင်ရက်များထက် ငါးဆခန့် ပိုများလာသည်ဟု အဆိုပါနေရာတွင် ဆန္ဒပြနေသူ မငြိမ်းဝေစိုးက ပြောသည်။
“အစတုန်းက ဒီနေ့တစ်ရက် နားမလို့။ ဒါပေမဲ့ မနေ့က တပ်သတင်းစာရှင်းလင်းပွဲမှာ သူတို့ရှင်းလင်းချက်တွေကို ပြည်သူတစ်ယောက်အနေနဲ့ လက်မခံနိုင်လို့ ဆန္ဒပြတာ။ လောလောဆယ်တော့ ဒီနားမှာ စစ်တပ်၊ ရဲ လုံခြုံရေးယူတာ မတွေ့ရသေးဘူး။ ဒါပေမဲ့ မနေ့ကထက်တော့ ဆန္ဒပြတဲ့လူပိုများတယ်။ ခန့်မှန်းခြေ ၅ ဆကျော်လောက်ကို လူပိုများတယ်” ဟု ၎င်းက ပြောသည်။
ယနေ့မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် မန္တလေးဘူတာကြီးမှ ရန်ကုန်သို့ ထွက်ခွာမည့် ရထားတစ်စင်းကို မထွက်ခွာနိုင်စေရန် ဘူတာအနီးရှိ လူအင်အား ရာဂဏန်းခန့်က ရထားသံလမ်းပေါ်တက်၍ ပိတ်ဆို့ထားခဲ့ကြသည်။

ထိုသို့ တားနေစဉ်အချိန်အတွင်း ရထားစက်ခေါင်းမောင်းသူ ၄ ဦးကို စစ်တပ်က ဖမ်းခေါ် သွားကြောင်း ယင်းနေရာတွင် ရောက်ရှိနေသည့် မန္တလေးမြို့ခံ ဆန္ဒပြပြည်သူ ကိုဟိန်းမင်းခန့်က ပြောသည်။
မြို့တွင်းအချက်အချာကျသည့် လမ်းမကြီးများဖြစ်သော ၈၄ လမ်း၊ လမ်း ၈၀၊ ၃၅ လမ်း၊ ၇၈ လမ်း၊ ၇၃ လမ်း တစ်လျှောက်တွင်လည်း နံနက် ၉ နာရီဝန်းကျင်မှစ၍ လူဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိ ဆန္ဒပြအဖွဲ့ငယ်များက ဆိုင်ကယ်များဖြင့်လည်းကောင်း၊ လမ်းလျှောက်ချီတက်၍လည်းကောင်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေကြသည်။
ဖေဖော်ဝါရီ ၁၅ ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တို့က လူစုခွဲရန် ဟန့်တားသတိပေးခြင်းမပြုဘဲ စီးပွားရေးဘဏ် (၁) ရှေ့၌လည်းကောင်း၊ မြို့အထွက် တံခွန်တိုင်အဝိုင်းရှေ့၌လည်းကောင်း ဆန္ဒပြပြည်သူများကို ဖြိုခွင်းခဲ့သဖြင့် အနည်းဆုံး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ဖြိုခွင်းမှုပြီးသည့်အချိန်မှစ၍ ၂၆လမ်းနှင့် ၈၂ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ် (၁ ) ၊၂၄ လမ်းနှင့် ၈၃ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ် (၂) ရှေ့တို့တွင် ရဲနှင့် စစ်တပ်အင်အား အနည်းဆုံး ၂၀၀ ခန့်သည် ယနေ့အထိ အသင့်လုံခြုံရေး ယူထားသည်ကို တွေ့ရသည်။
ဖေဖော်ဝါရီ ပထမပတ်မှစ၍ မန္တလေးနန်းတွင်းဝင်ပေါက်များဖြစ်သော ကျုံးပတ်လည်ရှိ ၂၆ လမ်း၊ ၆၆ လမ်း၊ လမ်း ၈၀၊ ၁၂ လမ်း တို့အတွင်း ဝင်ထွက်ခွင့်ကို ရဲနှင့် စစ်တပ် လုံခြုံရေးချထား၍ ပိတ်ထားခဲ့သည်မှာ ယနေ့အထိဖြစ်သည်။
ယနေ့တွင် ရန်ကုန်၌လည်း ဆန္ဒပြချီတက်မှုများ ထပ်မံအားကောင်းလာသည့်အပြင် ‘သန်းချီစုဝေး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး’ ဟူသော ဆောင်ပုဒ်ဖြင့် မြို့လယ်ကောင် ဆူးလေတွင် ဆန္ဒထုတ်ဖော်သူများဖြင့် လူပင်လယ်အသွင် တိုးမပေါက်ဖြစ်ခဲ့သည်။