သတင်း

ကျောက်မဲဒေသ တိုက်ပွဲကြောင့် ကိုယ်ဝန်ဆောင်အပါအဝင် ၅ ဦး သေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ပြင်းထန်သည့် တိုက်ပွဲကြောင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် သေဆုံးသူ ၅ ဦး ရှိသည်ဟု ဒေသခံတို့က ပြောသည်။

တော့ဆန်ကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်ပွားပြီး ၂ ရက် အကြာ ဖေဖော်ဝါရီလ ၁၄ တွင် ကျေးရွာနေအိမ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ သေဆုံးခြင်းဖြစ်သည်ဟု ကလောဝိုင်းကျေးရွာဒေသခံများက ပြောသည်။ 

“သေသွားတဲ့ နန်းစိန်သန်းက ကိုယ်ဝန်က (၈) ရှိပြီ ကလေးရောအမေပါ ပါသွားတယ်။ သူတို့က မိသားစုလိုက် သေတာ။ နန်းစိန်သန်းအမေရော၊ သူ့ယောက်ျားရောသေပြီ။ အလောင်းတွေဒီတိုင်းပဲ။ ဘယ်သူမှ သွားမကောက်ရဲဘူး” ဟု ကလောဝိုင်းကျေးရွာသား လုံးစိုင်းက ပြောသည်။  

ကိုယ်ဝန်ဆောင်၏ ခင်ပွန်း အသက် ၃၀ အရွယ် စိုင်းကျော်ခင်၊ မိခင်ဖြစ်သူ အသက် ၆၀ ကျော်အရွယ် ဒေါ်နန်းစိန်ပု၊ အသက် ၆၀ ကျော်အရွယ် ဒေါ်ဆေး၊  အသက် ၇၀ အရွယ် ဦးစံဌေးတို့ သေဆုံးခြင်းမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ဖြစ်သည်ဟု  ကလောဝိုင်းရွာဒေသခံက ပြောသည်။ 

ရုပ်အလောင်းမြေမြှုပ်ပေးချိန်မရသည့် ဒေသခံ တစ်ထောင်ကျော်သည် ပိုမိုလုံခြုံမည်ဟု ယူဆရသည့် ကျောက်မဲနှင့် မိုင်းလုံသွားကားလမ်းမပေါ်က ပန်စံကျေးရွာနှင့် ကန့်ကိုင်ကျေးရွာကို ယာယီတိမ်းရှောင်နေကြသည်။

ဒဏ်ရာရသူ ငါးဦးထက်မနည်းရှိနေပြီး နီးစပ်ရာဆေးခန်းတွေမှာ ကုသမှုခံယူနေကြကြောင်း ကူညီနေသူ ပန်စံကျေးရွာဥက္ကဋ္ဌထံမှ သိရသည်။

မြို့ပြတွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်သည့် လှုပ်ရှားမှု အဆက်မပြတ်ဖြစ်နေသော်လည်း ကျောက်မဲ၊ နမ္မတူ၊ သီပေါမြို့နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ပစ်ခတ်တိုက်ခိုက်နေကြပြီး ဒေသအလိုက်၊ နေအိမ်စွန့်ခွာတိုက်ပွဲရှောင်ရသူ ရာထောင်ချီ ရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ မည်မျှထိခိုက်သေကျေကြသည်၊ မည့်သည့်အတွက်ကြောင့် တိုက်ခိုက်ကြသည်ကို မသိရသေးပေ။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS\SSA) ကို ရင်ဆိုင်နေခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button